ဒုတိယခေတ် တရုတ်-မြန်မာ ဆက်ဆံရေး အများမသိတဲ့အချက်

  • 13 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Thant Myint-U
Image caption အာဏာသိမ်းပြီးစ ရန်ကုန်

(၁) ဗိုလ်ချုပ်ကြီး နေဝင်းဟာ မတ်လ(၁)ရက်ည သန်းခေါင် တပ်မတော် ကပွဲရုံမှာ တရုတ်ယဉ်ကျေးမှု ကဇာတ်အဖွဲ့ရဲ့ ချစ်ကြည်ရေးကပွဲ တင်ဆက် ဖြေဖျော်နေမှုကို ခပ်တည်တည် ကြည့်ရှုနေခဲ့ပြီး ကပွဲ ပြီးချိန်မှာ ဇာတ်ခုံပေါ် တက်ပြီး တရုတ် အနုပညာရှင်တွေနဲ့ ဓာတ်ပုံ အတူတွဲ အရိုက်ခံခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ စီမံ အမိန့်ပေးချက်အရ 'အာဏာသိမ်း စစ်ဆင်ရေး' ပါ တပ်မှူး တပ်ဖွဲ့ဝင် တွေက ဝန်ကြီးချုပ် ဦးနု ၊ သမ္မတ ဦးဝင်းမောင် အပါ အစိုး ခေါင်းရဆောင်တွေ အိမ်တွေဆီ စစ်တပ်နဲ့ ဝိုင်းဖမ်း အာဏာသိမ်းနေကြပြီ ဖြစ်ပါတယ်။

ကပွဲအပြီး အာဏာသိမ်းပွဲကို ချိန်ကိုက် ပြုလုပ်လိုက်နိုင်မှုနဲ့ အဲဒီတုန်းက ဗိုလ်ချုပ်ကြီးနေဝင်း ကြည့်နေတဲ့ ကပွဲဟာ တရုတ်ယဉ်ကျေးမှု ချစ်ကြည်ရေးအဖွဲ့ ကပွဲဖြစ်နေ တာဟာ ထူးခြားတဲ့ အဖြစ်အပျက် လို့ ဆိုနိုင်ပါတယ်။

(၂) တော်လှန်ရေး ကောင်စီ အာဏာသိမ်းစဉ်က ရန်ကုန်မှာ မရှိလို့ အဖမ်းမခံရဘဲ လွတ်မြောက်သွားသူ နှစ်ဦး ရှိခဲ့ပါတယ်။

ဗိုလ်မှူးအောင်နဲ့ ဆမားဒူးဝါးဆင်ဝါးနောင် တို့ပါ။ မွေးရာဇာတိ ကချင်ရွာကို ရောက်နေတဲ့အတွက် လွတ်မြောက်သွားတဲ့ ဆမားဒူးဝါး ဆင်ဝါးနောင်ဟာ အဖမ်း မခံရုံမက အာဏာသိမ်းပြီး သိပ်မကြာမီ မှာပဲ တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ်ကြီး ခန့်အပ်ခံ ခဲ့ရပါတယ်။

အနီးခေတ် တရုတ်-မြန်မာ ဆက်ဆံရေး ၁

အနီးခေတ် တရုတ် - မြန်မာဆက်ဆံရေး ( ၂ )

'တရုတ်-မြန်မာဆက်ဆံရေး' အများမသိတဲ့အချက်

(၃) ၁၉၆၇ တရုတ်- ဗမာ အဓိကရုဏ်းအတွင်း တရုတ်နိုင်ငံသား တရုတ်ပါရဂူ တဦးအပြင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်နွယ်ဖွား တချို့ ထိခိုက် သေကျေ ဆုံးရှုံးခဲ့ပါတယ်။ အရေအတွက်နဲ့ ဆုံးရှုံးမှု ပမာဏ အတိအကျ အခုချိန်ထိ ဘယ်သူမှ တိတိကျကျ မပြောဆိုနိုင်ပါ။

Image caption ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး

(၄) တရုတ်- မြန်မာနယ်စပ်မှာ ဗကပတို့ရဲ့ အရှေ့မြောက် လွတ်မြောက် ဒေသကြီး ပေါ်ထွက်လာပြီးတဲ့နောက် တိုက်ပွဲ ကြီးငယ်တွေ အရှိန်ရရနဲ့အဆက်မပြတ် မြင့်တက်လာချိန်မှာ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးက ဗီယက်နမ်မှာ မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ်- ဟိုချီမင်း လမ်းကြောင်းကြီး ပွင့်သွားခဲ့သလိုမျိုး မြန်မာနိုင်ငံမှာ ပဲခူးရိုးမ နဲ့ အရှေ့မြောက်စစ်ဒေသ လမ်းကြောင်းကြီး ပွင့်သွားမှာ အထူးစိုးရိမ်ရင်း

" ဘယ်လိုနည်းနဲ့မှ ဗမာ ပြည် ဟိုချီမင်းလမ်းကြောင်းကြီးတော့ ပွင့်မသွားပါစေနဲ့၊ တရုတ်ကို သွားတောင်းပန်ပါ။ ကြေရာ ကြေကြောင်းကြိုး ပမ်းပါ။ အဲဒီအတွက် သူ့ကို လွှတ်ပါ။ သူ သွားပြီး ကြိုးပမ်းပါရစေ.." ဆိုပြီး ဗိုလ်ချုပ်ကြီး နေဝင်းထံ စာရေးသားတင် ပြခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး နေဝင်းက ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး လိုလူကို မလွှတ်ခဲ့ပါ။ သူကိုယ်တိုင်ပဲ သွားပြီး တောင်းပန်ဖို့ ပြင်ပါတယ်။

(၅) ၁၉၇၆ ဇန်နဝါရီ(၈)ရက် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း ကွယ်လွန်တော့ ဗိုလ်ချုပ်ကြီးနေဝင်းက စာတစောင် ရေးသားပြီး သတင်းစာတွေမှာ ဖော်ပြခဲ့ရာ ' တိုင်းပြည်ကြီး တစ်ပြည်၊ ခေါင်းဆောင်ကြီး တစ်ဦး..' စသဖြင့် 'တစ်' တွေကို အသုံးပြုရေးသားခဲ့ပါတယ်။

အရင်က အများစုကြီးက ' တဦး တကောင် တယောက် တခု' အဖြစ်နဲ့ပဲ ရေးသား ခဲ့ရာက ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အဲဒီ 'တစ်' သုံးစွဲမှုအပြီး နောက်ပိုင်း မကြာခင်မှာ 'တစ်' တွေနဲ့ချည်း ရေးသားစေတဲ့ သတ်ပုံရေးထုံး သတ်မှတ်မှုတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BaTheinTin
Image caption ဗကပဥက္ကဋ္ဌ သခင်ဗသိန်းတင်

(၆) ၁၉၈ဝ မှာ မဆလ ဥက္ကဋ္ဌ ဦးနေဝင်း နဲ့ ဗကပဥက္ကဋ္ဌ သခင်ဗသိန်းတင် တို့ ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အပြန်အလှန် တွေ့ဆုံနိုင်အောင် တရုတ်နိုင်ငံက အကူအညီ ပေးခဲ့ရာ ပီကင်းမြို့မှာ တွေ့ဆုံ နိုင်ခဲ့ကြပါတယ်။ သခင်ဗသိန်းတင်နဲ့ ဦးနေဝင်းတို့ နှစ်ယောက်ချင်း တနာရီခွဲလောက် အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ပါတယ်။

အဲဒီနောက် ဗကပဘက်က သခင်ဗသိန်းတင် ခေါင်းဆောင်ပြီး သခင်ဖေတင့်၊ ရဲဘော်ရဲထွန်းတို့ ပါဝင်တဲ့အဖွဲ့နဲ့ မဆလဘက်က ဦးနေဝင်း ခေါင်းဆောင်ပြီး နိုင်ငံခြားရေး ဝန်ကြီး ဦးလေးမောင်၊ မဆလ အတွင်းရေးမှူး ဦးသန်းလှိုင်တို့ ပါတဲ့ အဖွဲ့တို့ လျှို့ဝှက် တွေ့ဆုံ ဆွေးနွေးပွဲ အဖြစ် တွေ့ဆုံ ခဲ့ကြပါတယ်။

ဒုတိယအကြိမ် ဆွေးနွေးပွဲကို မြန်မာနိုင်ငံ လားရှိုးမှာ လုပ်ခဲ့ရာမှာတော့ ဗကပ ဘက်က ဒုဥက္ကဋ္ဌ သခင်ဖေတင့်က ခေါင်းဆောင်ပြီး ဗဟို ကော်မတီဝင် ရဲဘော်ရဲထွန်းနဲ့ ရဲဘော် ဖရန်ဂန်ဒီးတို့ ပါဝင်ခဲ့သလို အစိုးရ ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး အေးကို ခေါင်းဆောင်ပြီး မဆလ ဗဟို ကော်မတီဝင် ဦးသန်းလှိုင်နဲ့ အရှေ့မြောက်တိုင်း တိုင်းမှူး ဗိုလ်မှူးကြီး မြင့်လွင် တို့ ပါဝင်ခဲ့ပါတယ်။

အချုပ်ကတော့ ဗကပဘက်က တင်ပြတဲ့ ဗကပရဲ့ ပါတီ၊ တပ်နဲ့ အခြေခံဒေသ တည်ရှိခွင့် တွေကို မဆလက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီ တဲ့အတွက် လက်မခံနိုင်ပါ ဆိုပြီး ဆွေးနွေးပွဲ ပျက်ပြား သွားခဲ့ရ ပါတယ်။ အဲဒီဆွေးနွေးပွဲကို လျှို့ဝှက် ဆွေးနွေးပွဲ အဖြစ်ပဲ ထားရအောင် ဆိုပြီး ဆွေးနွေးခဲ့ကြရာ ၁၉၈၁ မေလ(၁၄)ရက် မှာ ဦးနေဝင်း ကိုယ်တိုင်က မဆလ ဗဟို ကော်မတီ (၁၆)ကြိမ်မြောက် အစည်းအဝေး မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားကြောင်း၊ ပါတီ၊ တပ်၊ နယ်မြေ တည်ရှိခွင့် အချက်(၃)ချက်ကို လက်မခံနိုင်လို့ ဖျက်သိမ်း လိုက်ရကြောင်း စတင် ထုတ်ပြော လာမှ တိုင်းပြည်က သိရတာ ဖြစ်ပါတယ်။

ဦးနေဝင်းက အဲဒီလို ထုတ်ပြော လာမှ အသေးစိတ် အချက်အလက်တွေပါတဲ့ ဗကပ ဥက္ကဋ္ဌ သခင်ဗသိန်းတင်ရဲ့ တိုင်းပြည်သို့ ရှင်းလင်းတင်ပြချက် မိန့်ခွန်းအပြည့်အစုံ ဇွန်လ(၁၄)ရက်မှာ ဗကပ ပြည်သူ့အသံကနေ ပြန်လည် တုံ့ပြန် လာခဲ့ပါတယ်။