ဗြိတိန်မှာ လမ်းစပျောက်နေတဲ့ ငမောက်ပတ္တမြားကြီး

  • 3 နိုဝင်ဘာ 2017
Image caption သီပေါမင်း မြစ်တော် ဦးစိုးဝင်း

ရတနာ ရှာပုံတော်

မုတ်ဆိတ် ကျင်စွယ် ပါလို့သာ ဦးစိုးဝင်းကို မင်းသွေးမှန်း သိနိုင်တာပါ။ တကယ်က ဒီပုဂ္ဂိုလ်ဟာ အခြေအနေတွေ မပြောင်းခဲ့ရင် မြန်မာပြည်က လူ သန်း ၅ဝ ရဲ့ ဘုရင် ဖြစ်နိုင်တာပေါ့။

သူ့ဘိုးဘေးတွေရဲ့ ပုံတော်တွေမှာလည်း နှုတ်ခမ်းမွေး ကျင်စွယ် ကောင်း ရှိဖို့ဟာ ဘုရင့်ရာဇရုပ်မှာ အရေးကြီးတဲ့ပုံ ပေါ်ပါတယ်။

ဦးစိုးဝင်း ဟာ အသက် ၇ဝ ရှိပါပြီ။ သူ့ဘဝ တလျောက်လုံး ခပ်မှိန်မှိန် နေခဲ့ပါတယ်။

မြန်မာပြည်ကို အုပ်ချုပ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက သူတို့နဲ့ ပြိုင်မယ့် တော်ဝင် နန်းဆက်တွေကို မလိုလားပါဘူး။ ဒါကြောင့် ဦးစိုးဝင်း ဘဝ မှာ အနှစ် ၃ဝ ကြာ နိုင်ငံခြားရေးရုံးမှာ လုပ်ခဲ့ပါတယ်။

Image caption ဝိတိုရိယနဲ့အဲလ်ဘတ် ပြတိုက်ရောက် ဦးစိုးဝင်း

ကျွန်တော် တို့ ဝိတိုရိယနဲ့ အဲလ်ဘတ် ပြတိုက်မှာ ပြတိုက်မှူး ဂျွန် ကလာ့ကို စောင့်နေကြတာပါ။

ဒီမှာ ဦးစိုးဝင်းတို့ မိသားစု တခါက ပိုင်ခဲ့တဲ့ အဖိုးတန် ပစ္စည်းတွေ ကြည့်ဖို့ လာကြတာ ဖြစ်ပါတယ်။

ဒီမှာ ကျွန်တော်တို့ အမြင်ချင်ဆုံး ရတနာက တော့ ပတ္တမြားကြီး တလုံး ဖြစ်ပါတယ်။

Image caption နောက်ဆုံး မြန်မာ ဘုရင် သီပေါမင်း

ဂျွန် ကလာ့ က ကျွန်တော်တို့က မန္တလေး နန်းတွင်းက ရလာတဲ့ မြန်မာ ပစ္စည်းတွေ အကြောင်း ရှင်းပြ ပါတယ်။

ဒီမှာ ရွှေနဲ့ ကျောက်တွေ စီထားတဲ့ လက်နက်တွေ၊ ခြေနင်းနဲ့ အိုးခွက် ပန်းကန်တွေ အစုံ ရှိပါတယ်။

၁၈၈၅ ခုနှစ်က ဦးစိုးဝင်းရဲ့ အဘေး သီပေါမင်းကို ဗြိတိသျှ တွေ အဝေးပို့လိုက်ပြီးတဲ့နောက် ဒါတွေကို သိမ်းဆည်း ယူဆောင် လာတာတွေ ဖြစ်ပါတယ်။

၁၉၆၄ ခုနှစ်မှာတော့ ဒါတွေကို မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းလက်ကို ချစ်ကြည်ရေး အဖြစ် ပြန်လည် ပေးအပ်ခဲ့ပါတယ်။

ဒီထဲက ပြတိုက်ကို ဗိုလ်ချုပ်ကြီး ပြန်ပေးခဲ့တဲ့ လက်ဆောင် ကတော့ ရွှေတွေ ရတနာတွေနဲ့ စီခြယ်ထားတဲ့ ဟင်္သာအုပ် ဖြစ်ပါတယ်။

Image caption ဗိုလ်ချုပ်ကြီး နေဝင်း ပြန်ပေးခဲ့တဲ့ လက်ဆောင်

ဦးစိုးဝင်း က သူ့ဘေးတော်ရဲ့ ငမောက် ပတ္တမြားကြီး ဘာဖြစ်သွားလဲ မေးပါတယ်။ ဘဲဥ ဒါမှမဟုတ် ကွမ်းသီး အရွယ် ပတ္တမြားကြီးကို ပြည်တန် ပတ္တမြား လို့လည်း ဆိုကြပါတယ်။ ရဲရဲဖြာနေတဲ့ ဒီပတ္တမြားကို ပိုင်သူတွေ လာဘ်ပွင့်တယ်၊ ရောဂါကင်းတယ် လို့လည်း ယုံကြည်ကြ ပါတယ်။

ကလာ့က ငမောက်ကို ပြတိုက်မှာ မတွေ့ကြောင်း ပြောပါတယ်။

ဘုရင်မ ရွှေတိုက်လို နေရာမျိုးမှာ ရှိနိုင်ပြီး ဒီပတ္တမြားကို ဝိတိုရိယ ဘုရင်မကို ဆက်သတယ် ဆိုတဲ့ အထောက်အထားတခု ရှိကြောင်းလည်း သူက ဆိုပါတယ်။

မသင်္ကာသူ တရားခံ

ဦးစိုးဝင်း နဲ့ ၂ဝ၁၄ မှာ စတွေ့တော့ သူ လန်ဒန်ကို တခါမှ မရောက်ဖူးဘူးလို့ ဆိုပါတယ်။

သူ့ဘေးလောင်းတော်ကို နန်းချပြီး သူတို့ မိသားစု ဘဝ ပျက်အောင် လုပ်ခဲ့တဲ့ ၊ သူတို့ နိုင်ငံကို သိမ်းပိုက်ခဲ့တဲ့ ဒီတိုင်းပြည်နဲ့ လူမျိုးတွေ အကြား သွားပြီး တာဝန်ထမ်းရမှာ သူ့သံတမန် သက်တမ်းတလျှောက် စိုးရိမ်ခဲ့တယ် လို့လည်း ဆိုပါတယ်။

၁၈၈၅ ခုနှစ် နိုဝင်ဘာလမှာ သီပေါမင်းရဲ့ မန္တလေး နန်းတော်ကို သိမ်းဖို့ ဗြိတိသျှ စစ်သား တသောင်းကို စေလွှတ်ပါတယ်။ ဒါဟာ အနှစ် ၆ဝ ကြာ နှစ်နိုင်ငံကြား စစ်ရေး နိုင်ငံရေး တင်းမာမှု အမြင့်ဆုံး ရောက်တာလည်း ဖြစ်ပါတယ်။

Image caption အရှင် နှစ်ပါး ပုံတော်

အဓိက ကတော့ ကူးသန်းရောင်းဝယ်ရေး အတွက်ပါပဲ။ ဗြိတိသျှ အစိုးရနဲ့ ကုန်သည်ပိုင်းမှာ သီပေါမင်းဟာ တရုတ်ပြည်နဲ့ သူတို့ ကုန်သွယ်ရေး အတွက် ကြားက နှောင့်ယှက် နေတယ် လို့ မြင်ကြပါတယ်။ နောက် သီပေါမင်း နဲ့ ပြင်သစ် ပူးပေါင်းသွားရင် ဗြိတိသျှ အင်ပါယာ အတွက် မျက်ရွဲ ရတနာ ဖြစ်တဲ့ အိန္ဒိယ နဲ့ ပြင်သစ် ပိုင်နက် သိပ်နီးသွားမှာ ကိုလည်း သူတို့ မလိုလားပါဘူး။

တတိယ အင်္ဂလိပ် မြန်မာ စစ်ကတော့ တဘက်သတ် တိုက်တဲ့ စစ်ဖြစ်ပါတယ်။

နှစ်ပတ် အတွင်း သီပေါမင်း လက်နက်ချရပါတယ်။ နိုဝင်ဘာ ၂၉ မှာ ကိုယ်ဝန်လရင့် နေပြီ ဖြစ်တဲ့ စုဘုရားလတ် မိဘုရားခေါင်ကြီး၊ သမီးတော်လေး နှစ်ပါးတို့နဲ့အတူ သီပေါမင်းတို့ မိသားစုကို ဗီရိုလှည်းတွေနဲ့ မြစ်ဆိပ်ကို ခေါ်ဆောင်သွားပါတယ်။ အဲဒီကနေ အိန္ဒိယ အနောက် ကမ်းခြေက ရေလုပ်ငန်း လုပ်တဲ့ မြို့ကလေး တမြို့ဆီ ပို့လိုက်ပါတယ်။

Image caption ဂေါဝန်ဆိပ်က သူရိယ သင်္ဘောဆီ ကြွချီရ

ဘုရင့်အတွက် ဒါဟာ ရာသက်ပန် ပြည်နှင်ခံရတာပါ။ နောင် နှစ်ပေါင်း ၃ဝ အကြာ သူ ရတနာဂီရိမှာ နတ်ရွာစံပြီး နောက်တောင်မှ သူ့အလောင်းတော်ကို ခုထိ မြန်မာပြည် ပြန်မယူနိုင် သေးပါဘူး။

ဒါတွေကြောင့် ဦးစိုးဝင်း လန်ဒန် လာရမှာ ကြောက်ခဲ့တာပါ။ ခုတော့ သူ့ သဘော ဆန္ဒနဲ့ လာပြီး သူ့ဘိုးတော် ဘေးတော်တွေ ပိုင်ဆိုင်ခဲ့တဲ့ အဖိုးတန် ပစ္စည်းတွေ အကြောင်း လိုက်စုံစမ်းနေပါပြီ။

ဝိတိုရိယနဲ့ အဲလ်ဘတ် ပြတိုက် ပြီးတော့ ကိုလိုနီခေတ် အုပ်ချုပ်ရေး ဆိုင်ရာ မှတ်တမ်းတွေ ထားတဲ့ ဗြိတိသျှ ပြတိုက်နဲ့ စာကြည့်တိုက်တို့မှာ ဆက်ပြီး ရှာကြပါတယ်။

ဒီမှာ ပါတော်မူစက ရေးဆွဲခဲ့ပုံရတဲ့ ရုပ်စုံ ပုရပိုက် တချပ် တွေ့ပါတယ်။

စာဖတ်ခန်းထဲမှာ ဦးစိုးဝင်းကို ပြကြည့်တော့ သူက ဘုရင်နဲ့ စကားပြောနေတဲ့ လူတယောက်ကို ပုရပိုက်မှာ သွားတွေ့ပါတယ်။

ဘောင်းဘီဖြူ ၊ သံခမောက်ချွန်နဲ့ သူဟာ ကာနယ် စလေဒင်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် British Library
Image caption ပါတော်မူ ရုပ်စုံ ပုရပိုက်

အဲဒီနောက် မြန်မာတွေ ပြောလေ့ရှိတဲ့ ဇာတ်ကြောင်း တခုကို ဦးစိုးဝင်း ပြောပြပါတယ်။

ကာနယ် စလေဒင်ဟာ မြန်မာပြည်သိမ်း တပ်တွေရဲ့ နိုင်ငံရေး အရာရှိ အဖြစ် လိုက်လာတာပါ။ သူဟာ သီပေါမင်းနဲ့ ရင်းနှီးတယ်၊ မြန်မာလို ပြောတတ်တယ်၊ နောက်ပြီး မြန်မာဘုရင်ကို လက်နက်ချအောင်လည်း စည်းရုံးနိုင်တဲ့သူ ဖြစ်ပါတယ်။

ဘုရင် ပါတော် မမူခင် ငမောက်ပတ္တမြား အပါအဝင် သူ့ရဲ့ အဖိုးတန် ရတနာတွေကို ကမန်းကတန်း ထုပ်ပိုးနေတာ စလေဒင် တွေ့ခဲ့မှာပါ။

အခု ဗြိတိသျှ ဘုရင်မ မယ်တော်ရဲ့ သရဖူမှာ တပ်ဆင်ထားတဲ့ ၁ဝ၆ ကရက် စီးတဲ့ ကိုဟီးနူး စိန်ကြီး ဗြိတိသျှ လက် ဘယ်လို ရောက်သွားသလဲ ဆိုတာလို နောက်ထပ် ပြောစရာ တခု ထပ်ဖြစ်ပါတယ်။

သီပေါမင်းရဲ့ အထွေးဆုံး သမီးတော်က နောင်မှာ ခုလို ရေးသားပါတယ်။

ဒါက မြန်မာပြည်မှာ လူတွေ အပြောဆုံး ဇာတ်လမ်း တပုဒ်ပါ။ ပါတော်မူပြီး မကြာခင်ပဲ စလေဒင် ဆာဘွဲ့ရတာဟာ ပတ္တမြားကို ယူပြီး ဝိတိုရိယ ဘုရင်မကို ပေးလို့ ဆိုပြီး လူတွေက ပြောစမှတ် ရှိပါတယ်။

Image caption သီပေါမင်းနဲ့ မိဘုရား နှစ်ပါး

သီပေါမင်း ကတော့ စလေဒင်ကို ပတ္တမြားကို စောင့်ကြည့်ဖို့ အပ်ခဲ့တာလို့ ဆိုပါတယ်။ အိန္ဒိယမှာ နေတုန်း ၁၈၈၆ ဇွန်လမှာ အိန္ဒိယ ဘုရင်ခံချုပ်ဆီ ပတ္တမြား ပြန်ပေးဖို့ သူ စာရေး တောင်းပါတယ်။

လမ်းမှာ ပျောက်မှာ စိုးလို့ ဒီစာရင်းမှာ ပါတဲ့ ရတနာတွေကို ကာနယ် စလေဒင်ကို ကြည့်ဖို့ ဘုရင်က အပ်လိုက်တာ လို့လည်း နန်းကျဘုရင်ရဲ့ အတွင်းဝန်က ရေးပါတယ်။

အလိုရှိရင် ပြန်ပေးမယ်လို့လည်း စလေဒင်က သီပေါမင်းကို ကတိပေးလို့ ဒီရတနာတွေ စလေဒင် ပြန်အပ်ဖို့ ဘုရင်ခံချုပ်က စာထုတ်ပေးပါလို့ သီပေါမင်း ဘက်က တောင်းဆိုပါတယ်။

ရွှေတိုက် အတွင်းဝန် ဦးလှဘူးက ပါတော်မူနေ့မှာ ထုတ်ပေးပြီး ဗြိတိသျှ နိုင်ငံရေး အရာရှိက လက်မှတ် ထိုးထားတယ် ဆိုတဲ့ စာရင်းလည်း ဒီစာမှာပါပြီး ငမောက်လို့ လူသိများတဲ့ ပတ္တမြား လက်စွပ် လည်း ဒီစာရင်းမှာ ပါပါတယ်။

ဓာတ်ပုံ မူပိုင် National Archive
Image caption မြန်မာ ရွှေတိုက်ဝန် ဆွဲပြတဲ့ ငမောက် ပုံကြမ်း

သီပေါမင်းဟာ ၁၉၁၁ ထိ သူ့ပစ္စည်းတွေ ဆက်တောင်းနေတုန်း ဖြစ်ပါတယ်။ နောက်ဆုံး တခါမှာတော့ အဲဒီအချိန်က နန်းတက်စ ပဉ္စမမြောက် ဂျော့ဘုရင်ဆီ တိုက်ရိုက်ရေးတာပါ။ အဲဒီစာမှာလည်း သူ့ဆီက အဖိုးတန် ငမောက် ပတ္တမြား လက်စွပ်ကို ဘယ်လို ယူသွားတယ် ဆိုတာ ထပ်ရေးရင်း စလေဒင့် လက်ချက်လို့ ထပ်ပြောပါတယ်။

အဲဒီအချိန်ထိ ဗြိတိသျှ ဘက်က မြန်မာ ဘုရင်ဟောင်း ပြောသမျှ လျစ်လျူရှု ထားပါတယ်။ အဲဒီအချိန်မှာ ကာနယ် စလေဒင် သေတာလည်း ၂၁ နှစ် ရှိပါပြီ။ သီပေါမင်း ကိုယ်တိုင်လည်း ၁၉၁၆ မှာ နတ်ရွာစံခဲ့ပါတယ်။

Image caption အိန္ဒိယ အင်ပါယာ သရဖူ

သရဖူက ရတနာတွေ

သီပေါမင်း နတ်ရွာစံပြီးနောက် ဦးစိုးဝင်းရဲ့ ဘွားတော် တော်တဲ့ အငယ်ဆုံး သမီးတော်က ငမောက် ပတ္တမြား ကြီးကို လိုက်ရှာပါတယ်။ နိုင်ငံပေါင်းချုပ် အသင်းကြီးဆီတောင် စာရေး တောင်းဆိုပါတယ်။

နောက် သူ ကံကုန်တော့ သူ့သားတော်၊ ဦးစိုးဝင်းရဲ့ ဘထွေးတော်တဲ့ တော်ဘုရားကလေးက ဆက်ပြီး ဒီအရေးကို ဆောင်ရွက်ပါတယ်။

မင်းသားနီလို့ ခေါ်ကြတဲ့ ဒီပုဂ္ဂိုလ်ကြောင့်ပဲ ကျွန်တော်တို့ နှစ်ယောက် လန်ဒန်ရဲတိုက်ကြီးမှာ သရဖူက ရတနာတွေ လာကြည့် ဖြစ်တာပါ။

အဲလဇ္ဇဘက် ဘုရင်မ နဲ့ ဖိလစ် မင်းသားဆီကို စာတွေရေး၊ လန်ဒန်သွားတဲ့ မိတ်ဆွေတွေကို စလေဒင် အမျိုးအနွယ်တွေ မသင်္ကာစရာ ကြီးပွား ချမ်းသာနေသလား စုံစမ်း ရင်းနဲ့ တော်ဘုရားကလေးက ပတ္တမြားကြီး အကြောင်း စာအုပ်ရေးပါတယ်။

Image caption ရတနာဂီရိက သီပေါမင်းရဲ့ အုတ်နန်းပြာသာဒ်တော်

ဗြိတိသျှ နယ်ချဲ့တွေ ငမောက်ကြီးကို အစအန မရအောင် ဘယ်လို ဖျောက်ဖျက် ပေမယ့် အထောက်အထားတွေက ထင်ထင်ရှားရှား ရှိပါတယ် လို့ တော်ဘုရားကလေးက ပတ္တမြား ငမောက် လန်ဒန်ရောက် စာအုပ်မှာ ရေးပါတယ်။

သူ့ရဲ့ အယူအဆကတော့ ငမောက် ပတ္တမြားကြီးဟာ ဗြိတိသျှ သရဖူ ထဲမှာ ရောက်နေတာပါ။

အင်တာနက်မှာ ငမောက် ပတ္တမြားလို့ ရှာလိုက်ရင် ပတ္တမြားတွေ ဆင်ယင်ထားတဲ့ ဒုတိယ အဲလဇ္ဇဘက် ဘုရင်မ ပုံတွေ နဲ့ ကျောက်နီကြီး တပ်ထားတဲ့ အင်ပါယာ သရဖူ ပုံတွေ ပဲ တက်လာပါတယ်။ ဒါက မင်းသားနီလို ယူဆသူတွေ မနည်းဘူး ဆိုတာ ပြနေပါတယ်။

ဒါပေမဲ့ အင်ပါယာ သရဖူ က ကျောက်နီကြီးက ပဉ္စမ ဟင်နရီ ဘုရင် တိုက်ပွဲမှာ သံခမောက်ထက် ဆင်မြန်းခဲ့တဲ့ မင်းသားနက် ပတ္တမြားကြီး ဖြစ်ပါတယ်။ ဒါကို တော်ဘုရားကလေးက ၁၉၁၁ ဒေလီ ဘိသိက်ပွဲမှာ ဂျော့ဘုရင်နဲ့ မေရီ မိဘုရားကြီးတို့ ဘိသိက်ခံဖို့ ငမောက်ကို ထည့်သွင်း တပ်ဆင်တယ်လို့ ယူဆ ခဲ့တာပါ။

ဒါပေမဲ့လည်း ဗြိတိသျှ ဘုရင့် ရွှေတိုက်မှာ ၁၈၈ဝ ကတည်းက ရောက်နေတဲ့ ပတ္တမြားကြီး တလုံးကို ကို အိန္ဒိယ သရဖူသစ်မှာ တပ်တယ် ဆိုတာလည်း သူ့အယူအဆ အရ ဖြစ်နိုင်ပါတယ်။

တခုပဲ မှားတာက အိန္ဒိယ အင်ပါယာ သရဖူမှာ ငမောက် အရွယ် ပတ္တမြား မပါပါဘူး။

တော်ဘုရားကလေး စာအုပ်ကို အင်္ဂလိပ်လို ပြန်ဆိုသူကတော့ လေးပိုင်းစိတ် ပြီး သရဖူမှာ လေးဘက် လေးတန် ထည့်လိုက်တယ်လို့ ယူဆပါတယ်။

Image caption သီပေါမင်း သမီးတော် နဲ့ သမက်တော်

သရဖူထဲက ပတ္တမြားတွေ မြန်မာပြည်က လာမှန်း သိကြပါတယ်။ ၁၉၉၈ က နန်းတော်က ထုတ်တဲ့ သရဖူ ရတနာ များ သမိုင်း စာအုပ် နှစ်အုပ်တွဲမှာ ဒါကို ဖော် ပြပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာမှာ မြန်မာက ပတ္တမြား အများဆုံး ထွက်တာ ဆိုတော့ သက်သေပြရ ခက်နေပါတယ်။

အိန္ဒိယ အင်ပါယာ သရဖူမှာ ဆင်ထားတဲ့ ပတ္တမြားတွေ ဘယ်က ရသလဲ မှတ်တမ်း အထောက်အထား မရှိပါဘူးလို့ပဲ ဗြိတိသျှ ဘုရင်မ ရွှေတိုက်တော်က ပြန်ကြားပါတယ်။

နောက်ပြီး မေးမြန်း သတင်းယူခွင့် တောင်းတာကိုလည်း ငြင်းဆိုပါတယ်။

ဗြိတိသျှ ရွှေတိုက်တော် က တခုခုကို ထိမ်ချန်ထားသလား ဦးစိုးဝင်း နဲ့ ကျွန်တော် လန်ဒန် ရဲတိုက် အပြင်မှာ စောင့်နေတုန်း စဉ်းစားမိပါတယ်။

"အဲဒီမှာ ရှိမယ်လို့ ယုံတယ်ဗျ" လို့လည်း ဦးစိုးဝင်းက ပြောပါတယ်။

ရဲတိုက်ကြီးမှာ ပြထားတဲ့ သရဖူက ရတနာတွေကို ကျွန်တော် ကလေး ဘဝက နောက်ဆုံး ကြည့်ခဲ့ရတာပါ။

ခုတော့ ဗြိတိသျှ အာဏာရဲ့ ပြယုဂ်တွေကို လိုက်ကြည့်ရင်း အနားမှာ ဘုရင်ဖြစ်နိုင်တဲ့ လူတယောက်ကလည်း လိုက်လာတယ်လေ။

နန်းစဉ် ပစ္စည်းတွေက အနီ အပြာ ရွှေနဲ့ ငွေရောင်တွေ ပြိုးပြိုးပြက် နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်ဝင်စားတာက တခုတည်းပါ။

အိန္ဒိယ အင်ပါယာ သရဖူ ကို တွေ့တော့ အဲဒီမှာ ပတ္တမြားကြီး လေးလုံး တလုံးကို ၆ လက်မလောက် အချင်း ရှိပြီး ပြိုးပြိုးလက် နေပါတယ်။

Image caption တော်ဘုရားကလေးနဲ့ ဘိုးတော်ဘွားတော်များ ပုံတော်

ဒါတွေထဲကများလားလို့ စဉ်းစားရင်း ဦးစိုးဝင်း ကို လှည့်ကြည့်တော့ သူက အပြင် ဝင်းထဲမှာပါ။

အထဲကို ထပ်မသွားချင်ဘူး၊ သိပ်မှောင်တယ်၊ ထိတ်လန့်သည်းဖို ရုပ်ရှင်ထဲက လိုပဲလို့ သူက ပြောပါတယ်။

သူတွေ့ခဲ့တာ ငမောက် မဟုတ်ဘူး လို့ပဲ ယူဆပါတယ်။ ဒါပေမဲ့ ငမောက် ရှိမှန်းတော့ ခံစားရတယ်လို့လည်း ဆိုပါတယ်။

သူတို့ ထုတ်မပြတာကိုမှ ကြည့်ချင်တာ၊ ဒါအတွက် လာတာ လို့လည်း ဆိုပါတယ်။

တဘက်မှာတော့ ငမောက်ကို ခွဲဖြတ်ပြီး အိန္ဒိယ အင်ပါယာ သရဖူမှာ ထည့်လိုက်သလား ဆိုတာ ကလည်း မသေချာပါဘူး။ ဒီလို ကျောက်ကြီး တလုံးကို ဘယ်သူတွေက ခွဲစိတ်ရဲမှာလဲ၊ ဒါဟုတ်မဟုတ် ဆက်ရှာရမှာပါ။

မသင်္ကာစရာ ဒိုင်ယာရီ

အနှစ် ၁၃ဝ ကျော်ပြီ ဆိုတော့ သီပေါမင်း ပါတော်မူတဲ့ နေ့က ဘာတွေ ဖြစ်ခဲ့တယ် သေချာ မသိနိုင်တော့ ပါဘူး။

ဒါပေမဲ့ ဘုရင်နဲ့ စလေဒင်တို့ ပြောဆိုနေချိန်မှာ ရှိနေခဲ့တဲ့ တိုင်းမ်စ် သတင်းစာ သတင်းထောက် တယောက်ကြောင့် သဲလွန်စ ရပါတယ်။

ဒီသတင်းဖြတ်ပိုင်းကို အင်တာနက်ကနေ ဦးစိုးဝင်းကို ပြလိုက်တယ်။

Image caption တိုင်းမ်စ် သတင်းစာ က ပါတော်မူ

သူ့ရဲ့ နန်းစဉ် ရတနာတွေကို လွှဲပေးလိုက်ပြီမို့ သူပိုင် လက်ဝတ်တော်ကို ဆက်ဝတ်ဆင်တာကို အင်္ဂလိပ် လူမျိုးကြီး တွေအနေနဲ့ ကန့်ကွက်မယ် မထင်ပါဘူးလို့ သီပေါမင်းက မိန့်ကြားကြောင်း ဒီသတင်းမှာ ပါလာပါတယ်။

သီပေါမင်းက သူ့ကို ပတ္တမြား လက်စွပ်ကြီး ပြတယ်လို့လည်း သတင်းထောက်က ရေးသားပါတယ်။

ဒီရတနာတွေကို အင်္ဂလိပ် တွေက မသိမ်းပါဘူးလို့ စလေဒင်က ပြန်လည် လျှောက်ထားကြောင်း လည်း ပါပါတယ်။

ဦးစိုးဝင်းက ဒီမှာ မျက်ခုံးပင့် ကြည့်ပါတယ်။

Image caption ဆာဘွဲ့ရ စလေဒင်

နောက်နှစ် ဇွန်လမှာ အိန္ဒိယ ဘုရင်ခံချုပ်ဆီကို ရေးတဲ့ စာမှာ ငမောက် အမည်ရ ပတ္တမြား လက်စွပ် တကွင်း ဆိုတာ ပါပါတယ်၊ ဒါ ဒီလက်စွပ် ပဲ ဖြစ်ရပါမယ်။

ဗြိတိသျှ စာကြည့်တိုက် က အိန္ဒိယရုံး မှတ်တမ်းတွေမှာ နိုင်ငံရေးနဲ့ ဆိုင်ရာ လျှို့ဝှက် တံဆိပ် ခတ်ထားတဲ့ အထောက်အထားတွေ သေချာ သိမ်းထားပါတယ်။

ဒါတွေ ဖွင့်ကြည့် လိုက်ရင်ပဲ ဘာ နိုင်ငံတော် လျှို့ဝှက်ချက်တွေ ပါသလဲ စဉ်းစားရတာ ရင်ခုန်စရာပါ။

၁၈၈၆ ဒီဇင်ဘာမှာ ဘုရင်ခံချုပ်က ဒီ ပတ္တမြား ပျောက်တဲ့ ကိစ္စ စုံစမ်းခိုင်းပါတယ်။ မန္တလေးမှာ အရင်နှစ် နိုဝင်ဘာလက ရှိနေတဲ့ အဓိက ပုဂ္ဂိုလ် အားလုံးကို ဆက်သွယ် စုံစမ်းပါတယ်။ ဒီထဲမှာ လန်ဒန်ပြန်ရောက်ပြီး အနားယူဖို့ လုပ်နေတဲ့ ဆာစလေဒင်လည်း ပါပါတယ်။

ဗြိတိသျှ စာကြည့်တိုက်မှာ ထားတဲ့ သူ့ ပုဂ္ဂိုလ်ရေး စာတွေထဲမှာ ဘုရင်ခံချုပ်ဆီ ဒီကိစ္စ ဖြေကြားဖို့ အကြမ်းရေးထားတာ သုံးရွက် ပါပါတယ်။

ဖျက်လိုက် ပြင်လိုက်နဲ့ ဆာစလေဒင်မှာ ပြန်ကြားဖို့ အခက်ကြုံနေတာ သိသာပါတယ်။ နောက်ဆုံး မူကြမ်းမှာတော့ သေချာ စီကုံး ရေးသားပြီး ငြင်းဆိုထားပါတယ်။

Image caption ဗြိတိသျှ ဆွဲတဲ့ ပါတော်မူ မြင်ကွင်း

အဲဒီအချိန်က ဝရုန်းသုန်းကား ဖြစ်နေတဲ့ အခြေအနေတွေကြောင့် ဘုရင်က ဘာမှ မငြင်းမဆန်ဘဲ ထုတ်ပေးလိုက်တယ် လို့ စလေဒင်က ရေးသား ပြန်ကြားပါတယ်။

သီပေါမင်းဆီက ပေးလိုက်တဲ့ ရတနာ စာရင်း ဆိုတာ သူ မတွေ့ဖူးကြောင်းလည်း စလေဒင်က ငြင်းပါတယ်။ သူ့မှာ ရသမျှကို လွှဲအပ်လိုက်ပြီးပြီ လို့လည်း ဆိုပါတယ်။ ဘယ်သူမဆို ပတ္တမြား လက်စွပ်လို သေးပြီး အဖိုးတန် တာမျိုးကို ယူသွားနိုင်တယ် လို့လည်း ဆိုပါတယ်။

စာရဲ့ ဖျက်ထားတဲ့ နောက်ဆုံး အပိုဒ်မှာ စလေဒင်က ဒီလို ရေးပါတယ်။

သီပေါကိုပဲ အာရုံစိုက်ပြီး ကျောက်တွေ အကြောင်း လာမပြောနဲ့ ဆိုတဲ့ ပုံမျိုး စလေဒင်က ပြောလိုဟန် ရှိပါတယ်။

ဒီမှာ ပို စိတ်ဝင်စားစရာက ၁၈၈၅ ထုတ် ကိုလိုနီ မှတ်တမ်း စာအုပ်ပါ။ ဝိုင်နီရောင် ဆေးသုတ်ထားပြီး သူ့သခင် စလေဒင် လိုပဲ နေရာအမျိုးမျိုး ရောက်ပြီး အဖုံဖုံ မြင်ခဲ့တဲ့ စာအုပ်ပါ။

ဒီစာအုပ်ကြီးကို သေချာ လှန်ကြည့်ရင်း မြန်မာ တွေရဲ့ ငမောက် ဇာတ်လမ်းက လူဆိုး အရာရှိကြီးရဲ့ အတွင်းရေးတွေကို ကျူးကျော် မိသလို ခံစားရပါတယ်။

ဒီထဲမှာ မြန်မာပြည်ကို သိမ်းဖို့ ပြင်ဆင်တာတွေ၊ ရာသီဥတု ၊ သူ့ကျန်းမာရေးနဲ့ တင်းနစ် ပွဲတွေအကြောင်း ရေးထားပါတယ်။

စလေဒင်ရဲ့ စာတွေ ဖတ်ရင်း သူ့ရဲ့ ပင့်ကူလို လက်ရေးကို ဖတ်တတ်လာပါတယ်။ ဒါပေမဲ့ ခဲသားမှိန်မှိန်နဲ့ ရေးထားတာတွေကို မှန်းရ ခက်လှပါတယ်။

နောက်ဆုံး ဖတ်ရင်းနဲ့ သီပေါမင်း စလေဒင်ဆီမှာ လက်နက်ချတဲ့ နိုဝင်ဘာ ၂၉ ရက်ကို ရောက်လာပါပြီ။

သီပေါမင်း အကြောင်း စာအုပ်ရေးဖို့ ၇ နှစ်ကြာတဲ့ ဆူဒါရှားက ကျွန့်တော့်ကို သတိပေးတာ ရှိပါတယ်။

၁၂ ကြောင်း အပြည့် ရှိတဲ့ စာအလယ်ပိုင်း ကို သေချာ ဖြတ်ထားတာပါ။ ပထမ ၃ ကြောင်းကို မင်နက်နဲ့ ဖျက်ထားပြီး မင်ကုန်သွားလို့ ထင်ပါတယ်၊ ကျန်တာ ခဲနဲ့ ဖျက်ထားပါတယ်။ ဒိုင်ယာရီ တအုပ်လုံးမှာ ဒီတမျက်နှာပဲ ပြန်ဖျက် ထားတာပါ။ ဒါဟာ သိပ် မသင်္ကာစရာ ကောင်းပါတယ်။

Image caption စလေဒင် လက်ရေးမှတ်တမ်း

ဗြိတိသျှ ပြတိုက်က မော်ကွန်းတိုက်မှူး ဂျွန် အို ဘရိုင်ယန်က တော့ မူရင်း စာသားတွေကို ရောင်စုံဖြာ စစ်ဆေးနည်း ခေါ်တဲ့ နည်းပညာ တမျိုးနဲ့ စစ်ဆေးလို့ ရတယ် လို့ ကမ်းလှမ်းပါတယ်။

သူတို့ စစ်ဆေးတာ ပြန်ရတဲ့ အခါမှာတော့ ခဲအပေါ် ခဲနဲ့ ဖျက်ထားတွေကို ဖော်လို့ မရပါဘူး။ ဒါပေမဲ့ မင်နဲ့ဖျက်ထားတဲ့ နေရာတွေမှာတော့ စလေဒင်ရဲ့ လက်ရေးကို ပြန်ဖတ်လို့ ရပါပြီ။ ဒီမှာ အနှစ် တရာကျော် ပျောက်ကွယ် နေတဲ့ စာလုံးတချို့ ပြန်ပေါ် လာပါတယ်။

နောက်ထပ် စာလုံး သုံးလုံး ကို ဖတ်လို့ မရပါဘူး။ အင်္ဂလိပ်စာလုံး ကေနဲ့ စထားတဲ့ နေရာကို ဘုရင့်ရဲ့ ငမောက် လို့ ဖတ်ချင်ပါတယ်။ ဒါပေမဲ့လည်း ဒီလို ဖြည့်ဖတ်လို့ မရပါဘူး။

ဒါဆိုရင် ငမောက်ကို စလေဒင် ယူသွားတာ သက်သေခိုင်လုံပြီလားလို့ ဦးစိုးဝင်းကို မေးကြည့်တော့

ဒါကြောင့် မင်နဲ့ ဖျက်ထားတာပဲလို့ သူက တုံ့ပြန်ပါတယ်။

ဒါပေမဲ့ ကျွန်တော့် စိတ်ထဲမှာတော့ လန်ဒန်က ကလပ် တခုမှာ အိုမင်းနေပြီ ဖြစ်တဲ့ ဆာ စလေဒင် တယောက် ဖောင်တိန်ကို ကိုက်ပြီး ဘုရင်ခံချုပ်ကို စာပြန်ဖို့ ဇောချွေးပြန်နေတာကို သွားမြင်မိပါတယ်။

သူ အရင်နှစ်က ရေးထားတဲ့ ဒိုင်ယာရီကို အမြန် ပြန်ကြည့်ပြီး သူ့ကို ပြန် ခြောက်လှန့်နေမယ့် စာကြောင်းတွေကို သူဖျက်ပစ်နေတာ မြင်ယောင် မိပါတယ်။ ဒါပေမဲ့ ဒီပျောက်နေတဲ့ စာတွေက ဘာတွေလဲ ကျွန်တော်တို့ ဘယ်တော့မှ သိရတော့မှာ မဟုတ်ပါဘူး။ စလေဒင်ကိုယ်တိုင် ဖျက်ပစ်ခဲ့တာ ဟုတ်မဟုတ်လည်း မသိနိုင်ပါဘူး။

စလေဒင် သာ ပတ္တမြားကို ယူသွားရင် သူ ဘာလုပ်ပစ်မလဲ ကလည်း စဉ်းစားစရာပါ။

Image caption စလေဒင်ရဲ့ မြစ်နေတဲ့ စံအိမ်

စလေဒင်ရဲ့ မြစ်တော်တဲ့ ပို့စ်မတ် မြို့စားကို ဟမ့်ရှိုင်းယား နယ် Farleigh Wallop က သူ့အိမ်မှာ မေးကြည့်ပါတယ်။ ဆာ စလေဒင်ကို ဝိတိုရိယ ဘုရင်မ ချီးမြှင့်တဲ့ ဆုတံဆိပ်တွေ ပြထားတဲ့ နံရံမှာ ရပ်ပြီး ပြောကြတာပါ။

သူဟာ စစ်သားကောင်း၊ အရာရှိကောင်း တယောက်မို့ ဆာဘွဲ့ရတာ ထင်ရှားပါတယ်လို့ပဲ လော့ဒ်ပို့စ်မတ်က ပြောပါတယ်။

နောက် ဒီ ပတ္တမြားကို သူခိုးလာရင် ငွေတွေက ဘယ်မှာလဲ၊ ကျွန်တော့် အမေဘက်က စလေဒင် တွေဟာ ဆင်းရဲပါတယ်။ စလေဒင်ရဲ့သား ကျွန်တော့် အဘိုးလေးဟာ ကင်ညာ သွားပြီး ဆင်မုဆိုး လုပ်ရပါတယ်လို့ ဆိုပါတယ်။

ခုတော့ သူ ဒီပတ္တမြားကို ဘုရင်မကို ပေးလိုက်တယ် လို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ ဒါကို ဘာကြောင့် အိန္ဒိယ ဘုရင်ခံချုပ်ကို မတင်ပြဘဲ ဖုံးထားသလဲ၊ ဘာကြောင့် သူ့မှတ်တမ်းထဲမှာ ဒီအချက်တွေ ဖျောက်ဖျက်ထားသလဲ ဆိုတာ ပဟေဠိတွေ ပွားစရာ ကျန်နေပါတယ်။

ထိုင်းဘုရင်သွေး မကင်းတဲ့ မြန်မာတွေ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိပ်စုဘုရားကြီး

ဘယက်ကြီး

ဦးစိုးဝင်းနဲ့ ကျွန်တော်တို့ လမ်းစတော့ မပျောက်သေးပါဘူး။

ဝိတိုရိယနဲ့ အဲလ်ဘတ် ပြတိုက်က ပြတိုက်မှူး ပြောလိုက်တဲ့ ဝိတိုရိယ ဘုရင်မကြီးဆီကို ဆက်တဲ့ ပတ္တမြားကြီးက ရှိပါသေးတယ်။ ငမောက်ကို ဘယ်သူ ယူသွားမှန်း မရှာနိုင်ရင် ဘယ်သူရသလဲ ဆိုတာတော့ သိနိုင်မှာပါ။

၂ဝဝ၃ ခုနှစ်က မိုက်ကယ် နက်ရှ်ဆိုသူ ရေးတဲ့ ဆောင်းပါး တစောင်ကို ပြတိုက်မှူး ကလာ့က ပို့ပေးပါတယ်။ နက်ရှ်မှာလည်း ငမောက် ရောဂါ ရှိတော့ ဘုရင်မ ရွှေတိုက်တော်ကို စာရေးပြီး သူက မေးပါတယ်။

နက်ရှ်ဟာ အခု အရှေ့ အင်္ဂလီယာ တက္ကသိုလ်မှာ ပါမောက္ခ ဖြစ်နေပါပြီ။ သူ့ရဲ့ ပတ္တမြား ရှာပုံတော်ကို သိချင်လို့လည်း သူ့ဆီကို ဆက်သွယ် ကြည့်ပါတယ်။

နက်ရှ် ရှာတွေ့တဲ့ အထဲမှာ ဗြိတိသျှ ဘုရင်မ ရွှေတိုက်တော်က Caroline de Guitaut ဆိုတဲ့ အမျိုးသမီး ဆီက စာက ထူးခြားပါတယ်။

၁၈၉၆ ခုနှစ်က ဝိတိုရိယ ဘုရင်မဆီ ဆက်တဲ့ ရတနာတွေထဲမှာ ၇၅ ကရက် ရှိတဲ့ ပတ္တမြား ဆိုတာ ပါကြောင်း ဒီစာက ဖော်ပြပါတယ်။

ငမောက်ဟာ ၈ဝ ကရက် စီးတာမို့ ဒါကို ပြန်ဖြတ်သွေးထားတာလည်း ဖြစ်နိုင်ပါတယ်။

ဒါဟာ မြန်မာ ဘုရင် ဆီက သံအမတ်ကြီးတွေက ဘုရင်မ အတွက် ဆက်သတဲ့ ကျောက်ဖြစ်ကြောင်း၊ မူလ ပုံအတိုင်း ပြန်သွေးကြောင်း မှတ်တမ်းမှာ ပါတယ်လို့ ဒီစာက ဖော်ပြပါတယ်။

အခု အဲဒီကျောက် ဘယ်ရောက်နေသလဲ။ အာဂိုင်း နယ်စား လူဝီစ် မင်းသမီးဆီ ဆက်တဲ့ လည်ဆွဲ လုပ်ရာမှာ ပါသွားတယ် လို့ ပြန်ကြားပါတယ်။

Image caption ဘုရင်မ ရွှေတိုက်တော်က ပြန်စာ

နက်ရှ်က လက်ရှိ အာဂိုင်း နယ်စားဆီ စာရေးပါတယ်။ သူတို့ မိသားစုမှာ ဒီလို ရတနာမျိုး လက်ဝယ် မရှိကြောင်း သူ့ဆီ ပြန်ကြား ပါတယ်။ ဝိတိုရိယ ဘုရင်မရဲ့ စတုတ္ထ သမီးတော် ဖြစ်တဲ့ လူဝီစ် မင်းသမီး က ပတ္တမြားကို တခြား တယောက် ပေးလိုက်သလား စဉ်းစားစရာ ဖြစ်ပါတယ်။

ဆွေတော်မျိုးတော် စာရင်းဝင် တယောက် ဖြစ်တဲ့ မင်းသမီးရဲ့ သေတမ်းစာဟာ ခုထိ ထုတ်ပြန်တာ မရှိသေးဘူး လို့လည်း နက်ရှ် က ပြောပါတယ်။

နက်ရှ် ကိုယ်တိုင် ဗြိတိသျှ မင်းမျိုးတွေရဲ့ သေတမ်းစာ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။

လူဝီစ် ပတ္တမြားကို ဘယ်သူ့ ပေးခဲ့သလဲ ရှာရခက်ပါတယ် လို့လည်း ဆိုပါတယ်။

ဒီလည်ဆွဲမှာ ငမောက် ပတ္တမြား ပါသလား၊ ဒါလည်း ဖြစ်နိုင်ပါတယ်။

Image caption လူဝီစ် မင်းသမီး

ဘယ် မြန်မာ သံတွေက ဒီလက်ဆောင်ကို ဆက်ခဲ့သလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

သီပေါမင်းရဲ့ ခမည်းတော် မင်းတုန်းမင်း လက်ထက် ၁၈၇၂ က လန်ဒန်ကို လွှတ်တဲ့ သံအဖွဲ့က ဆက်တဲ့ ပတ္တမြား ဆိုရင်တော့ ဒါဟာ ငမောက် မဖြစ်နိုင်ပါဘူး။ ဒီသံအဖွဲ့ကို ရည်ညွှန်း ပြောတာ ဆိုရင်လည်း အကာအကွယ် သဘော သုံးတာ ဖြစ်နိုင်ပါတယ်။

ငမောက် ပတ္တမြားကြီး ပျောက်တာဟာ ဗြိတိသျှ သိမ်းပိုက်မှုကို ဆန့်ကျင် တွန်းလှန်လိုစိတ်ကို ဆက်ပြီး ကြီးထွား စေပါတယ်။

ဗြိတိသျှ အစိုးရ ဘက်က စုပေါင်း ဖုံးကွယ် လိမ်ညာတာတွေ လုပ်ခဲ့တယ် လို့ပဲ ကောက်ချက်ချနိုင်ကြောင်း သမိုင်း ပညာရှင် ဒေါက်တာ သန်းထွန်းက ရေးသားခဲ့ပါတယ်။

နောက်ထပ် သမိုင်း ဆရာ တယောက် ကတော့ စလေဒင်တို့ လူစုဟာ လုယက် လိမ်ညာတာတွေ အကြီးအကျယ် လုပ်ခဲ့တယ်၊ သူတို့ လုပ်ခဲ့သမျှ ခြေရာမခံ နိုင်အောင်လည်းရှိသမျှ အထောက်အထားတွေ ဖျက်ဆီး ပုံဖျက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ နှစ်ကြိမ် လက်ထပ်ခဲ့တဲ့ သမိုင်း ပညာရှင် ဒေါ်နီနီမြင့် ကတော့ ပိုပြီးတောင် ပြင်းပြင်းထန်ထန် ပြောပါတယ်။

ငမောက်ကြီးကို ဘာကြောင့် ပြန်တွေ့ချင်တာလဲ မေးတော့ ဦးစိုးဝင်း က ပြောပါတယ်။ ကျွန်တော်တို့မှာ သမိုင်းလို့ ပြစရာ ဘာမှ မရှိဘူး၊ ခင်ဗျားတို့မှာ အများကြီး ရှိပါတယ် လို့ သူက ပြောပါတယ်။

လန်ဒန် ပြတိုက်တွေမှာ ရောက်နေတဲ့ ပစ္စည်းတွေ ပုံတူကူးပြီး မြန်မာပြည်ကို ပြန်ပေးရင် လိုချင်မှာပါ လို့လည်း သူက ဆိုပါတယ်။

သူ့အတွက် ငမောက်ဟာ ပညာရေးအရရော နိုင်ငံ ပြန်တည်ဆောက်ရေး အတွက်ပါ အင်မတန် အရေးကြီးပါတယ်။

ကျွန်တော်တို့ သမိုင်းမှာ ဘယ်လို ကြွားကြွားဝံ့ဝံ့ နေနိုင်ခဲ့တယ် ဆိုတာကိုလည်း ငမောက်က ပြနေတယ်၊ အခုဆိုရင် နောက်လူတွေ အတွက် ပြစရာ ဘာမှ မရှိဘူး လို့ သူက ပြောပါတယ်။

သီပေါမင်း အနွယ်တော် တွေဆီက ဒီလို စကား ခဏ ခဏ ကြားရပါတယ်။ သူတို့က စည်းစိမ်ချမ်းသာ အာဏာတန်ခိုး ဘာမှ မလိုချင်ပါဘူး။ မြန်မာ ပြည်သားတွေ သူတို့ ဘယ်လို အနေက လာတယ် ဆိုတာကိုပဲ သိစေချင်တာပါ။ ဒါမှ သူတို့ ဘယ်ဆက်သွားနေတယ် ဆိုတာ သိကြမှာလေ။

အခုလို ရခိုင် အရေးနဲ့ ပတ်သက်ပြီး မြန်မာပြည် နာမည် သတင်းတွေထဲမှာ ပါနေချိန်မှာ ဒါက ပိုအရေးကြီးပါတယ်။

Image caption လန်ဒန်ရောက် ဦးစိုးဝင်း

ဦးစိုးဝင်းရဲ့ လန်ဒန် နောက်ဆုံး နေ့မှာ ကျွန်တော်တို့ သူကြိုက်တဲ့ စတောက် ဘီယာ သောက်ရင်း ပြောကြပါတယ်။

ကျွန်တော် တို့ လူမျိုး နှစ်မျိုး ဆုံမိတဲ့ သမိုင်းက မကောင်း ပေမယ့် ခင်ဗျားနဲ့ ကျွန်တော် မိတ်ဆွေ အဖြစ် လက်တွဲ လုပ်ရမယ် လို့လည်း သူက ဆိုပါတယ်။

သူ့ အသက် ၇ဝ ရှိပေမယ့် ငမောက် ပတ္တမြား ပျောက်ကို ရှာဖို့၊ သူ့ဘေးတော်ရဲ့ ရုပ်အလောင်းကို အိန္ဒိယက ပြန်သယ်ဖို့၊ မန္တလေး နန်းတော်ကြီးကို နဂိုအတိုင်း ပြန်တင့်တယ်အောင် ထားဖို့၊ မြန်မာ ပြတိုက်တွေကို ကူညီ ထောက်ပံ့ဖို့ သူ့မှာ အစီအစဉ်တွေ အများကြီး ရှိပါတယ်။

ကျွန်တော်တို့ ခွင့်လွှတ်လို့ ရပါတယ်၊ မေ့ပစ်လို့တော့ မဖြစ်ဘူးလို့လည်း သူက ပြောပါတယ်။

Image caption ငမောက် အကြောင်း ရှေးရိုး ပန်းချီ