ရွေးကောက်ပွဲ နှစ်နှစ်မြောက် စိုးရိမ်မှတ်လွန် နိုင်ငံရေး

  • 3 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် HEIN HTET

၂ဝ၁၅ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲသည် ၁၉၆ဝ နောက်ပိုင်း တိုင်းရင်းသား ပြည်သူလူထု ဆန္ဒကို ဒုတိယမ္ပိထင်ဟပ် ခဲ့သည့် သမိုင်းဝင် မှတ်ကျောက်ပင် ဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထု သည် အစွန်းအထင်း များသော အာဏာရှင် ယန္တရားကြီးမှ စောလျင်စွာ လွတ်မြောက်နိုင်ရေး ရည်သန်လျက် ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယ အကြိမ် သောင်ပြိုကမ်းပြို ထောက်ခံခဲ့ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲ သည် နှစ်နှစ်တိုင် လည် ခဲ့ပြီ ဖြစ်သည်။ မွန်းကျပ်မှုများနှင့် ဒုက္ခဆင်းရဲများ အကြား လွတ်မြောက်နိုင်မည့် လမ်းစက ပျောက်နေဆဲ၊ လမ်းဖောက်နိုင်မည့် အလားအလာများ ကလည်း ဝေဝါး ထွေပြားဆဲပင် ဖြစ်သည်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူလူထု အများစုကြီး၏ ထောက်ခံ ဆန္ဒပြုမှုနှင့်အတူ အပြတ်အသတ် နိုင်ခဲ့သည်မှာ သိသာမြင်သာသော အောင်ပွဲ ဖြစ်သည်။ အကယ်စင်စစ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထု အများစုသည် ပါတီကိုလည်းမကြည့်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုလည်း မကြည့်၊ ဒေါ်အောင်ဆန်းစုကြည် ကိုသာ ကြည့်၍ မဲပေးခဲ့ကြသည်ဟု ဆိုနိုင်သည်။ ရွေးကောက်ပွဲအကြို၊ NLD ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် စပ်လျဉ်း၍ မကျေနပ်သံ၊ ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့လင့်ကစား သိသာမြင်သာသော အပြောင်းအရွေ့ များကို မတွေ့ရှိခဲ့ရပေ။

ကြားဖြတ် ရွေးကောက်ပွဲ ဘာလို့ အရေးကြီးလဲ

ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ဘာ အားနည်းခဲ့လဲ

ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နေရာ အများဆုံး အနိုင်ရ

ရွေးကောက်ပွဲ အလွန် ၂၀၁၆ နှစ်ဆန်းပိုင်းတွင် လွှတ်တော် အစည်းအဝေးများ ခေါ်ယူနိုင်ခဲ့ပြီး မတ်လကုန်ပိုင်းတွင် သမ္မတ၊ ဒုတိယသမ္မတများ နှင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၆ဝ နောက်ပိုင်း အရပ်သား အများစု ပါဝင်ပြီး ပြည်သူက ရွေးတင်သည့် ပထမဆုံး အစိုးရကို ဖွဲ့နိုင်ခဲ့သည်။ NLD ကိုယ်စားလှယ် အများစု ပါဝင်သည့် လွှတ်တော်များက အတည်ပြုခဲ့သည့် ဝန်ကြီးအဖွဲ့နှင့် ပတ်သက်၍ ဝေဖန် သုံးသပ်သံ များ ကျယ်ကျယ် လောင်လောင် ထွက်ခဲ့သည်။ အငြင်းပွားဖွယ်ရာ ပါရဂူဘွဲ့ရ ပုဂ္ဂိုလ်များ ကိစ္စသည် လူမှုကွန်ရက် စာမျက်နှာတွင် ခေါင်းစည်း သတင်း ဖြစ်ခဲ့လင့်ကစား ထူးထူးခြားခြား အပြောင်းအလဲ မရှိခဲ့ပေ။

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption ဒေါင်ဒေါင်မြည် နိုင်ငံရေးသမား မရှိသလောက် နည်းပါး

ရွေးကောက်ပွဲ အလွန် ၂ဝ၁၆ ခုနှစ်တွင် ခြေလှမ်းစခဲ့သော လွှတ်တော်များနှင့် အစိုးရများသည် နှစ်နှစ်သက်တမ်း နီးကပ်လာသည့်တိုင် အားနည်း ချိနဲ့နေဆဲဖြစ်သည်။ အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ ထဲတွင် ဒေါင်ဒေါင်မြည် နိုင်ငံရေး သမားများ မရှိ သလောက် နည်းပါးခဲ့သဖြင့် နိုင်ငံရေး ခုခံအား ကျဆင်းသည့် လွှတ်တော်များနှင့် အစိုးရများကို ရရှိခဲ့ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင် သည်။ အစိုးရများ၊ လွှတ်တော်များ အနေဖြင့် ကျောသား ရင်သား မခွဲမခြား ပြန်လည် သုံးသပ်နိုင်ရန် သေရေးရှင်ရေး တမျှ လိုအပ်နေဆဲ ဖြစ်ပါသည်။ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနှင့် လာမည့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲသည် စိုးရိမ်ရေမှတ် အထက်တွင် ရှိနေနိုင်သည်ကို မြင်အောင် ကြည့်သင့်သည်။

လွှတ်တော်၊ အစိုးရအဖွဲ့ဝင်များရဲ့ စွမ်းရည်၊ တိုင်ကြားမှုနဲ့ စိစစ်မှု

ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ ဘာတွေလုပ်နိုင်ခဲ့သလဲ။

NLD လွှတ်တော်မှာ ဥပဒေပြုရေးပိုင်းမှာ အားနည်းချက်တွေရှိနေ

၂ဝ၁၅ ရွေးကောက်ပွဲတွင် NLD ခွက်ခွက်လန်အောင် အရေးနိမ့်ခဲ့ သည့်ဒေသများကိုမူ သတိမမူမိကြပေ။ NLD သည် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ် များတွင် လွှတ်တော် သုံးရပ်စလုံး ၌ အရေးနိမ့် ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ရခိုင် အမျိုးသား ပါတီက အများစုအနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က အများစု အနိုင်ရရှိခဲ့သည်။ NLD သည် ရှမ်းပြည်နယ်တွင် ကိုယ်စားလှယ် လောင်း(၁၀၃)ဦး ဝင်ပြိုင်ခဲ့ပြီး (၂၃)ဦးသာ အနိုင်ရရှိခဲ့သည်။

ပွတ်ကာသီကာ အနိုင်အရှုံးကို ရှမ်းပြည်နယ်တွင် သတိပြုမိသည်။ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် မဲ(၆၃ဝ)အကွာဖြင့်သာ ပွတ်ကာသီကာ အနိုင်ရရှိခဲ့သည်။ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦးသည် ရှမ်းပြည်နယ် လွှတ်တော်၊ မိုင်းတုံ မဲဆန္ဒနယ်(၁)တွင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည်။ ကွန်ဟိန်းမဲဆန္ဒနယ်(၁)တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(ကျားခေါင်းပါတီ)ကိုယ်စားလှယ်လောင်းသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ကိုယ်စားလှယ်လောင်းကို တမဲတည်းဖြင့် အနိုင်ရရှိခဲ့သည်။

ဓာတ်ပုံ မူပိုင် Thura U Shwe Mann
Image caption ဖြူးမှာ ရှုံးတဲ့ ဦးရွှေမန်း

မြန်မာ့နိုင်ငံရေးတွင် ရွေးကောက်ပွဲ ရှုံးနိမ့်လင့်ကစား ပြည်သူက မထောက်ခံလင့်ကစား လွှတ်တော် နိုင်ငံရေး၌ လူတွင်ကျယ် လုပ်နိုင်၊ အရေးပါနိုင်သည့် အလေ့အထ ဆိုးကြီးက ပုံစံအမျိုးမျိုးဖြင့် သက်ဆိုးရှည်နေဆဲ ဖြစ်သည်။ ပြည်သူ ရွေးချယ် ခဲ့သည့် ပြည်သူ့ ကိုယ်စားလှယ်များ ကိုယ်တိုင် အဆိုပါ ဓလေ့စရိုက်ဆိုးကြီး နှင့်အတူ အလိုတူအလိုပါ ဖြစ်နေကြသည်မှာ အလွန်ကြည့်ရဆိုးသည့် မြင်ကွင်းပင် ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း(အငြိမ်းစားဗိုလ်ချုပ်ကြီး)သည် ဖြူး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ဖြူးတွင် ဦးရွှေမန်းအပါအဝင် လွှတ်တော် ကိုယ်စားလှယ် လောင်း(၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဦးရွှေမန်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည်။ ဦးရွှေမန်းက ၄၄,၁၇၃ မဲရရှိခဲ့ပြီး NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်က ၅၄,၇၇ဝ မဲရရှိခဲ့သည်။ ဖြူးမြို့နယ် မဲဆန္ဒရှင် အများစုသည် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း ဦးရွှေမန်းထက် NLD ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်ကို ထောက်ခံ မဲပေးခဲ့သဖြင့် ဦးရွှေမန်း ရှုံးနိမ့်ခဲ့သည်။

ပြည်သူ့လွှတ်တော်အသစ်မှာ တာ၀န်သစ်နဲ့ သူရဦးရွှေမန်း

ဖြူးမဲဆန္ဒရှင် အများစုက မရွေးချယ်ခဲ့သဖြင့် ရှုံး နိမ့်ခဲ့ရသော ဦးရွှေမန်း(ဗိုလ်ချုပ်ကြီးအငြိမ်းစား)သည် လွှတ်တော် အစောပိုင်း နေ့ရက်များတွင် ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ် ဆန်းစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဖြူးမဲဆန္ဒရှင် အများစုက ဆန္ဒပြု ရွေးချယ်ခဲ့သည့် ဦးသန်းညွန့်သည် လွှတ်တော် နိုင်ငံရေး ထဲတွင် မှိန်ပျပျသာဖြစ်နေသည်။ အဆိုပါ ကော်မရှင်တွင် ၂ဝ၁၅ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ပြည်သူများက မကြိုက်သဖြင့် ထောက်ခံ ဆန္ဒမဲ မပေးခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် ဟောင်းများ ပါဝင်နေခဲ့သည်။ ပြည်သူက ရွေးချယ်သူများ ဘေးရောက်ပြီး ပြည်သူကမကြိုက်သဖြင့် ဘေးဖယ် ထားသူများက စင်ပေါ်ရောက်ပြီ ဆိုကတည်းက ဒီမိုကရေစီသည် ဂျွမ်းထိုးမှောက်ခုံ ဖြစ်ဖို့ ဇာတ်လမ်းစပြီဟု သုံးသပ် နိုင်သည်။

ဓာတ်ပုံ မူပိုင် AUNG HTET
Image caption အီနေတဲ့ ငြိမ်းချမ်းရေး ဒီရေ

NLD ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလ ကြွေးကြော်သံသည် 'ပြောင်းလဲချိန်တန်ပြီ' ဟု ဖြစ်သည်။ နှစ်နှစ်နီးပါး သက်တမ်းတွင် ပြောင်းလဲချိန်တန်ပြီ ဟူသော ကြွေးကြော်သံကို ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်ပြီး အမှန်တကယ် ပြောင်းလဲနိုင်စွမ်းများက နည်း ပါးနေဆဲဖြစ်သည်။ ပြည်သူ တရပ်လုံး အေးချမ်း လုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ပေါ်ထွန်းရေးသည် ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်ကြီးလေးချက် အနက် တချက်ပင် ဖြစ်သည်။ လွှတ်တော် သက်တမ်း(၂၂)လတိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည့် အသံသည် ပျောက်ချင်းမလှ ပျောက်ဆုံး နေဆဲ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းကို မတို့မထိရဲသရွေ့ အနာနှင့်ဆေး လွဲနေဦးမည် ဖြစ်သည်။ ဆေးမြီးတိုသည် အနာကို ပိုဆိုးစေတတ်၊ အတွင်း လှိုက်စားစေတတ် သည်ကို ဆင်ခြင်သင့်သည်။

နေပြည်တော် ထိပ်သီးတွေ့ဆုံပွဲ

ခွဲမထွက်ရ စာသား ဆွေးနွေးမှု အကြိတ်အနယ် ဆက်ရှိခဲ့

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
NCA 2 နှစ်ပြည့် - လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

ရွေးကောက်ပွဲကြေညာစာတမ်း ပြောင်းလဲချိန်တန်ပြီ အဖွင့်စာမျက်နှာတွင် တိုင်းရင်းသား အရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးသည် နံပါတ်(၁) ဖြစ်သော်လည်း လွှတ်တော် သက်တမ်း နှစ်နှစ်နီးပါးတိုင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံ၊ တိုင်းရင်းသား အရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးတို့သည် ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်နေဆဲဟု ကောက်ချက်ပြုမိသည်။ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးသူများ သည်လည်း လွန်ခဲ့သော နှစ်နှစ်ကျော် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်က အတိုင်း ထူးမခြားနား ရှေ့မတိုး နောက်မဆုတ် ဖြစ်နေဆဲပင်။ တိုင်းရင်းသား အရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်လျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် အစိုးရနှင့် လွှတ်တော်များကို အားမလို အားမရ ဖြစ်သံများ ကျယ်လောင်သည်ထက် ကျယ်လောင် လျက်ရှိသည်။ ငြိမ်းချမ်းရေး ဗိသုကာများသည် လေ့လာရေး ခရီးများ၊ အစည်းအဝေးပွဲများထက် တိုင်းရင်းသား လက်နက်ကိုင်များ၊ တိုင်းရင်းသား များနှင့် အလွတ်သဘောနှင့် အလုပ်သဘော တွေ့ဆုံ ဆွေးနွေးပွဲများကို အချိန်ပိုပေး နိုင်မည် ဆိုလျှင် ပိုမိုသာလွန် ကောင်းမွန်မည်ဖြစ်သည်။ ငြိမ်းချမ်းရေး နှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်မည့်ပုဂ္ဂိုလ်များအကြား မျက်နှာစုံညီ အကြိတ်အနယ် ဆွေးနွေးနိုင်မည့် ထိပ်သီး အစည်းအဝေးပွဲများကို ဖော်ဆောင် နိုင်ခြင်း မရှိသည်မှာ သိသာမြင်သာသော လစ်ဟာကွက်ကြီးပင်ဖြစ်သည်။

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption ဒီမိုကရေစီ ခရီးပေါက်ပါ့မလား

ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တရပ် ပေါ်ပေါက် လာရေး ဆိုသည့် ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်သည် နှစ်နှစ်နီးပါး သက်တမ်းတွင် အလှမ်းဝေး နေဆဲ ဖြစ်သည်။ နှစ်နှစ် သက်တမ်း ရှိတော့မည့် လွှတ်တော်များ တွင် အုပ်ချုပ်မှု စနစ်သစ်နှင့် ဆက်စပ်သော ဥပဒေကြမ်းသည် တန်းစီဇယား၌ နောက်နားကပ်နေဆဲ ဖြစ်သည်။ ဒီမိုကရေစီ နည်းကျ ပြည်သူက ဆန္ဒမဲပေး ရွေးချယ်နိုင်သည့် အုပ်ချုပ်ရေး ယန္တရား သည်သာ ပြည်သူလူထု ကို တရားမျှတစွာ အကာအကွယ် ပေးနိုင်ရန် အလားအလာ များမည် ဖြစ်သည့် အလျောက် ဒီမိုကရေစီ နည်းကျ အုပ်ချုပ်မှုစနစ် တည်ဆောက်နိုင်မည့် အခြေခံကောင်းများကို စောလျင်စွာ တည်ဆောက်သင့်သည် ဟု တိုက်တွန်းလိုပါသည်။

အချုပ်ဆိုရသော် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)နှင့်အညီ ကျင်းပခဲ့သည့် ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲ အလွန် မြန်မာ့ ဒီမိုကရေစီ ရှေ့ခရီးတွင် အားသာချက်များ၊ ကောင်းကွက်များ ထက် အားနည်းချက်၊ လစ်ဟာချက်များက တနင့်တပိုးကြီး ရှိနေဆဲဖြစ်သည်။ စိန်ခေါ်မှု ပြဿနာများ နှင့် ထိလွယ်ရှလွယ် နိုင်ငံရေး ပတ်ဝန်းကျင်တွင် အစိုးရများ၊ လွှတ်တော်များ နှင့် နိုင်ငံရေးပါတီများသည် အားကောင်း မောင်းသန်ရန် လိုအပ်သည့်နည်းတူ နိုင်ငံရေး အပြောင်းအလဲကို လမ်းပြ ဦးဆောင်မည့် နိုင်ငံရေး သမားကောင်း၊ နိုင်ငံရေး ခေါင်းဆောင်ကောင်းများလည်း အင်နှင့်အားနှင့် လိုအပ်နေဆဲ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

၂၀၁၇ မှာ မြန်မာ့ နိုင်ငံရေး အခြေအနေ ကောင်းမယ်လို့ သူရဉီးရွှေမန်း သုံးသပ်

အစိုးရအဖွဲ့ဝင်နဲ့အမတ် တွေရဲ့ လုပ်ဆောင်ချက် NLD စိစစ်မယ်

အရပ်သားတဦးကို NLD အမတ် ပါးရိုက်ခဲ့မှု ပါတီတွင်း စုံစမ်းစစ်ဆေး