ကြံ့ခိုင်ရေးနဲ့ NLD လွှတ်တော် နှစ်ရပ် ဘာကွာသလဲ

  • 4 နိုဝင်ဘာ 2017
Image caption NLD ထောက်ခံသူတွေ ရွေးကောက်ပွဲ ပြီးတဲ့ညက တွေ့ရ

မြန်မာ နိုင်ငံမှာ နှစ်ပေါင်း ၅ဝ ကျော် ပါတီစုံ ရွေးကောက်ပွဲနဲ့ လွှတ်တော် ရယ်လို့ မရှိဘဲ တပါတီ စနစ်နဲ့ သွားတဲ့ လွှတ်တော် ရွေးကောက်ပွဲတွေပဲ ရှိခဲ့ပါတယ်။ ၁၉၉ဝ မှာ ကျင်းပတဲ့ ပါတီစုံ ရွေးကောက်ပွဲ ကလည်း လွှတ်တော် တရပ် ခေါ်ယူနိုင်တာ မရှိဘဲ ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် ၂ဝ၁ဝ က စတင် ပေါ်ပေါက်လာတဲ့ ပါတီစုံ စနစ်သစ်နဲ့ လွှတ်တော်ဟာ မြန်မာ နိုင်ငံ ရဲ့ နိုင်ငံရေး အချိုးအကွေ့ တခု ဖြစ်ခဲ့ပါတယ်။ ပြီးတော့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်တဲ့ ပူးတွဲ အုပ်ချုပ်ရေး ပုံစံ လွှတ်တော် အမျိုးအစား မြန်မာပြည်မှာ စတင် ပေါ်ထွန်းတာလည်း ဖြစ်ပါတယ်။

ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ အုပ်ချုပ်ရေး အရ လွှတ်တော် သက်တမ်း နှစ်ဆက် ရှိခဲ့ပြီ ဖြစ်ပြီး ကြံ့ခိုင်ရေးနဲ့ NLD ဆိုတဲ့ ပါတီကြီး နှစ်ရပ် တလှည့်စီ အများစု အနိုင်ရ အစိုးရဖွဲ့ ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီ အုပ်ချုပ်ရေးသစ်မှာ လွှတ်တော် အခန်းကဏ္ဍဟာ တပါတီ စနစ်ထက် အနည်းငယ်ပဲ သာလာတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့် လွှတ်တော်နဲ့ အစိုးရ အာဏာ လွန်ဆွဲတာတွေလည်း ၂ဝ၁ဝ သက်တမ်းမှာ ကြုံခဲ့ရပါတယ်။ အခု မတူညီတဲ့ ပါတီကြီး နှစ်ခု လက်ထက်မှာ ကြုံရတဲ့ လွှတ်တော်တွေမှာ ဘာတွေ တူညီပြီး ကွဲပြားမှုတွေ ရှိတယ် ဆိုတာကိုလည်း ဘီဘီစီက လေ့လာကြည့်ခဲ့ပါတယ်။

Image caption ကျားမ လွှတ်တော် အချိုးအစား

လက်ရှိ လွှတ်တော်ဟာ အရင် လွှတ်တော် ထက် အမျိုးသမီး ပါဝင်မှု ပိုများလာတယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း အမျိုးသမီး ကိုယ်စားလှယ် အရေအတွက်ဟာ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ ပျမ်းမျှ ၂၃ ရာခိုင်နှုန်း အောက်မှာတော့ ရှိနေသေး တယ်လို့ သိရပါတယ်။ အာရှ နိုင်ငံတွေရဲ့ ပျမ်းမျှ အမျိုးသမီး အမတ် ရာခိုင်နှုန်းကလည်း ၁၉ ထိ ရှိပါတယ်။ သမိုင်း တလျောက် အမျိုးသမီး ကိုယ်စားလှယ် ပါဝင်နှုန်း အင်မတန် နည်းခဲ့တဲ့ မြန်မာပြည် အတွက် ဒီထက် ပိုပြီး အမျိုးသမီး ကိုယ်စားလှယ် ပါဝင်နှုန်း မြှင့်တင် ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

Image caption ပါတီ အချိုးအစား

ပါတီ အချိုးအစား အရ NLD ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ပြီးခဲ့တဲ့ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ နောက်ပိုင်းမှ လွှတ်တော်ထဲ ဝင်လာခဲ့ပေမယ့် ၂ဝ၁၅ မှာ အများဆုံး ရာခိုင်နှုန်း ရခဲ့ပါတယ်။ NLD ရဲ့ လွှတ်တော် အသာစီး ရမှုဟာ ကြံ့ခိုင်ရေး လက်ထက် အသာစီး ရမှုထက် ရာခိုင်နှုန်း ပိုများပါတယ်။ ဒါပေမဲ့ NLD အမတ်တွေကြား လွှတ်တော်တွင်းမှာ ဝေဖန် ပြောဆိုမှုတွေ အရင် လွှတ်တော်လောက် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ဘူး၊ ထိန်းချုပ်မှု များတယ် ဆိုတဲ့ ဝေဖန်တာတွေလည်း ရှိပါတယ်။ တခြား အင်အားနည်းတဲ့ လူမျိုးစု ပါတီတွေကိုလည်း လွှတ်တော်ထဲမှာ အရင် ကြံ့ခိုင်ရေး လက်ထက်လောက် ပြောဆို ဆွေးနွေးခွင့် မရဘူးလို့ ရှမ်းနဲ့ ရခိုင် အမတ်တွေ ဘက်က ပြောလာတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလို ထိန်းချုပ်မှုတွေ များတာဟာ အရင် လွှတ်တော်က ကျန်ခဲ့တဲ့ ဥပဒေ လုပ်ထုံးတွေကို ဆက်ပြီး ကျင့်သုံးနေလို့ တင်းကျပ်တာ ဖြစ်တယ်၊ လွှတ်တော် ဥက္ကဋ္ဌ တွေ ဘက်က ဒါတွေကို ဖြေလျှော့ပေးနိုင်ရင် ဒီမိုကရေစီ နည်းကျ ပြောဆိုမှုတွေ ပို ထွန်းကားလာမယ်လို့ လွှတ်တော် စောင့်ကြည့်သူ တွေက သုံးသပ်ပါတယ်။

Image caption ဘာသာရေးအရ အချိုးအစား

၂ဝ၁၅ လွှတ်တော် ရွေးကောက်ပွဲ အပြီး လူပြော အများဆုံး အကြောင်း တခုက အစ္စလာမ် ဘာသာဝင် ကိုယ်စားလှယ်တွေ တင်မြှောက် မခံရတာ ဖြစ်ပါတယ်။ အရင် ကြံ့ခိုင်ရေး ပါတီ လက်ထက်ကမှ ဝ. ၅ ရာခိုင်နှုန်း အောက် ရွေးချယ်ခံရတာ ရှိခဲ့တဲ့ အတွက် အခု ဒီရွေးချယ်မှုဟာ မြန်မာပြည်ရဲ့ မွတ်ဆလင် ဦးရေကို ကိုယ်စား မပြုတာလား၊ ဘာသာပေါင်းစုံ ညီညွတ်မှုကို မှတ်ကျောက် မတင်နိုင်တာလား ဆိုပြီး ပြောဆို ဝေဖန်မှုတွေ နိုင်ငံတကာထိ ရှိခဲ့ပါတယ်။ ၁၉၂၂ မြန်မာပြည်မှာ တိုက်ရိုက် ရွေးကောက်တဲ့ စနစ် ပေါ်လာပြီးနောက် ပထမဆုံး မွတ်ဆလင် မပါတဲ့ လွှတ်တော် လည်း ဖြစ်ပါတယ်။

Image caption အလုပ်အကိုင် အချိုးအစား

အသက်မွေးကျောင်း အလုပ်အကိုင် အရ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဝန်ထမ်းဟောင်းထက် စီးပွားရေး လောကက လာတာ ပိုများတယ်လို့ လွှတ်တော် စောင့်ကြည့်တဲ့ OMI အဖွဲ့ လေ့လာချက် အရ သိရပါတယ်။ ဒါပေမဲ့ လက်ရှိ လွှတ်တော်မှာ ဝန်ထမ်း အကြီးအကဲဟောင်းတွေ ပါဝင်တာလည်း အရင် လွှတ်တော်လို ဆက်ရှိပါတယ်။ နောက် လက်ရှိ လွှတ်တော်မှာ ဆရာဝန် အရေအတွက် ပါဝင်မှု ပိုများလာပြီး အမတ်အားလုံးရဲ့ ၉ ရာခိုင်နှုန်းထိ ရှိပါတယ်။ တိုင်းနဲ့ ပြည်နယ် လွှတ်တော် တွေမှာ ဆေးနဲ့ သွားဘက်ဆိုင်ရာ ဘွဲ့ရ ကိုယ်စားလှယ်တွေထဲက ဝန်ကြီးချုပ်ထိ ရွေးကောက်ခံရသူတွေလည်း ၅ ယောက် တွေ့ရပါတယ်။ ဥပဒေ ဘွဲ့ရ အမတ် အရေအတွက်ကတော့ ၁၂ ရာခိုင်နှုန်း ရှိတယ်လို့ OMI က ထုတ်ပြန် ပါတယ်။ အလုပ်အကိုင် သီးခြား မဟုတ်ပေမယ့် စာရေးဆရာနဲ့ ကဗျာ ဆရာ ပါဝင်မှုလည်း ဒီဘက်ခေတ် လွှတ်တော်တွေမှာ ပိုများလာတာ တွေ့ရပါတယ်။

Image caption အဆိုနဲ့ ဥပဒေ ပြဋ္ဌာန်းမှု အချိုး

အဆိုနဲ့ ဥပဒေ ပြဋ္ဌာန်းမှု အချိုးမှာတော့ လက်ရှိ လွှတ်တော် ပထမ အစည်းအဝေး ၅ ကြိမ် အတွင်း အရင် လွှတ်တော်မှာထက် ပိုပြီး ဥပဒေ ပြဋ္ဌာန်းနိုင်တယ်လို့ လေ့လာချက်တွေ အရ သိရပါတယ်။ မျိုးစောင့်ဥပဒေလို အမျိုးသားရေး ကဲတဲ့ ဥပဒေ ပြဋ္ဌာန်းတာတွေ အခု လက်ထက်မှာ မရှိပေမယ့် ဆက်သွယ်ရေး ဥပဒေ လို အငြင်းပွားစရာ ဥပဒေ ပြင်ဆင်မှုမှာ ထိရောက်အောင် ပြင်နိုင်တာ မတွေ့ရဘူးလို့ သုံးသပ်တာတွေ ရှိပါတယ်။

နောက်ပြီး ဥပဒေ ပြုရေးမှာ လက်ရှိ လွှတ်တော် ထက် ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ် ဆန်းစစ်ရေး ကော်မရှင်က ပိုပြီး ကြီးစိုးနေတယ်လို့ မီဒီယာတွေမှာ ဝေဖန် ရေးသားနေကြပါတယ်။