အားနည်းသူတွေဘက်က ရပ်တဲ့ ပုပ်ဖရန်စစ်

  • 27 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာပြည်ခရီးစဉ် အတွက် တနင်္ဂနွေနေ့က ရောမကနေ ထွက်လာတဲ့ ရဟန်းမင်းကြီး

၁၉၃၆ ခုနှစ် အာဂျင်တီနားနိုင်ငံ ဗြူနိုအေးရိစ် မြို့က အီတလီ အနွယ်မိသားစုမှာ ဖွားမြင်ခဲ့သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အမည်ရင်းက ဂျော့မာရီယာဘာဂိုဂလီယို ပါ။

ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နဒစ် ၂၀၁၃ ခုနှစ်မှာ တာဝန်က အနားယူခဲ့လို့ ဘုန်းတော်ကြီး ဘာဂိုဂလီယို ကို ပုပ်ရဟန်းမင်းကြီး အသစ် အဖြစ် ရွေးချယ် တင်မြှောက်ချိန်မှာ သူဟာ ၁၃ ရာစုက အီတလီ ကက်သလစ် သူတော်စင် ဖရန်စစ်အဇီဇီကို ဂုဏ်ပြုတဲ့ အနေနဲ့ ပုပ်ရဟန်းမင်းကြီး အမည်ကို ပုပ်ဖရန်စစ် ဆိုပြီး ခေါ်တွင်စေခဲ့ပါတယ်။

■ ပထမတွေနဲ့ ရဟန်းမင်းကြီး

၁၉၉၂ ခုနှစ် မှာ ဘုန်းတော်ကြီး ဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ဗြူနိုအေးရိစ်ရဲ့ ဂိုဏ်ချုပ်ဖြစ်ခဲ့သူ ရဟန်းမင်းကြီး ဖရန်စစ်ဟာ Jesuit ကက်သလစ် ဂိုဏ်းခွဲထဲက ကက်သလစ် သာသနာတော် တခုလုံးကို ကြီးမှူးရတဲ့ ပထမဆုံး ပုပ် ဖြစ်သလို အမေရိကတိုက်ကနေ ပထမဆုံး ထွက်ပေါ်ခဲ့တဲ့ ရဟန်းမင်းကြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့တောင်ခြမ်းကနေ ပေါ်ထွက်ခဲ့တဲ့ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်သလို ၈ ရာစုက ဆီးရီးယားက တတိယမြောက် ပုပ်ဂရေဂိုရီ နောက်ပိုင်း ပထမဆုံး အကြိမ်အနေနဲ့ ဥရောပတိုက် အပြင်ဘက် နိုင်ငံတွေကနေ ရွေးချယ်တင်မြှောက်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

■ ဆင်းရဲသားတွေရဲ့ ရဟန်းမင်းကြီး

သက်တော် ၈၀ ရှိပြီဖြစ်တဲ့ ပုပ်ဖရန်စစ်ဟာ ဘဝတလျှောက် ရိုးရိုးရှင်းရှင်း နေထိုင်တတ်သူ အဖြစ် ကျော်ကြားသူပါ။ သူ ဗာတီကန်မြို့တော်မှာ စတင် တာဝန်ယူယူချင်းမှာပဲ "Poor Church for the Poor" ဆိုပြီး ဆင်းရဲနွမ်းပါးသူတွေကို ကူညီစောင့်ရှောက်ပေးတဲ့ ရိုးရိုးကုပ်ကုပ် ကက်သလစ်အသင်းတော်ကြီး ဖြစ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ကက်သလစ်ကျောင်းတော်အနေနဲ့ ခြိုးခြံ ချွေတာရေး လမ်းစဉ်ကို လိုက်ပြီး ဆင်းရဲသား လူထုအများကို အလုပ်အကျွေးပြုနိုင်ဖို့ ဆော်သြခဲ့ပါတယ်။ နိုင်ငံတကာ ခေါင်းဆောင်တွေကိုလည်း ကမ္ဘာ အနှံ့က ဆင်းရဲသားတွေနဲ့ အားနည်းသူတွေကို ကူညီစောင့်ရှောက်ဖို့ အမြဲ တိုက်တွန်းတတ်သူပါ။

ပုပ်ဖရန်စစ်ဟာ လူမှု စီးပွား မညီမျှမှု၊ ဆင်းရဲ ချမ်းသာ ကွာဟနေမှု၊ အရင်းရှင်စနစ်နဲ့ ကမ္ဘာ့ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး၊ ကမ္ဘာပြုမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးလည်း တလျှောက်လုံး ပြောဆို ဆွေးနွေးသူ ဖြစ်ပါတယ်။

■ စံပြ ခြိုးခြံပြသူ

လူမှုတရားမျှတမှု လိုလားသူ အဖြစ် ထင်ရှားတဲ့ ပုပ်ဖရန်စစ်ဟာ ဗြူနိုအေးရိစ်မှာ နေထိုင်ခဲ့တုန်းကလည်း ရိုးရှင်းတဲ့ တိုက်ခန်း တခုမှာ နေထိုင်ခဲ့ပြီး ရောမမြို့တော်က ဗာတီကန်နန်းတော်ကို ရောက်ချိန်မှာလည်း အလားတူ ပလွှားခြင်းမဲ့ နေထိုင်ခဲ့ကာ ဝတ်ရုံတွေကိုတောင် အရင်ကသူတွေရဲ့ ဝတ်ရုံ အဟောင်းတွေကိုသာ ဝတ်တတ်သူ အဖြစ် လူသိများပါတယ်။

■ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်သူ

၂၀၁၄ ခုနှစ် နာတာလူးပွဲတော် ကာလမှာတော့ ပုပ်ဖရန်စစ်ဟာ ဗာတီကန်နန်းတော်ရဲ့ အုပ်ချုပ်ရေး ယန္တရား ယိုယွင်းနေတာတွေကို ပြန်လည် ဝေဖန်ခဲ့လို့ လူအများ အံ့အားသင့်ခဲ့ကြရပါတယ်။

ကျောင်းတော်က လူမှုရေး အရ အလွန်အကျွံ ဖော်ထုတ် ကြွားဝါနေတာတွေ ဘာသာရေး ကျင့်ဝတ် စောင့်စည်းမှုပိုင်းမှာ မေ့လျော့ ချွတ်ချော် နေတာတွေ အပါအဝင် အကျင့်ဆိုးတွေကို နှစ်သစ်ကို သယ်မလာကြဖို့ ပွင့်ပွင့်လင်းလင်း ဆိုခဲ့တာပါ။

ဒါ့အပြင် ပုပ် ဖရန်စစ်ဟာ ဗာတီကန်ရဲ့ အထက်-အောက် ဗြူရိုကရေစီ ကြိုးနီစနစ် ကြီးစိုး နေတာတွေကိုလည်း မြေလှန် ပြုပြင် ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာပြည်မှာ ပုပ်ဖရန်စစ် ခရီးစဉ် အတွက် ပြင်ဆင်နေကြ

■ လမ်းညွှန်ချက် အသစ်တွေ ထုတ်ပြန်သူ

ပုပ်ဖရန်စစ်ဟာ ကက်သလစ် သာသနာ အနာဂတ် အတွက် ပျော့ပြောင်းပြီး အလယ်အလတ်ကျတဲ့ လမ်းစဉ်သစ်တွေကို ချမှတ်ခဲ့ပါတယ်။ လိင်မှုရေးရာတွေမှာ ရှေးရိုးစွဲသူလို့ ဆိုခံရပေမယ့် သူ့ရဲ့ အချစ်ရေး၊ လိင်ဆက်ဆံမှု၊ အိမ်ထောင်သားမွေးပြုမှုတွေနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်အသစ်တွေက ထင်ရှားပြီး ကက်သလစ် ဘုန်းတော်ကြီးတွေကို ဝေဖန်ပြစ်တင်တာမျိုးတွေ လျှော့ပြီး စာနာ သနားစိတ် ပိုပြကြဖို့ လမ်းညွှန်ခဲ့ပါတယ်။

အိမ်ထောင်ကွဲ အပေါ် တင်းကျပ်တဲ့ ကက်သလစ်ဂိုဏ်းရဲ့ နည်းနာ တချို့ကိုလည်း ဖြေလျှော့ပေးပြီး ဒုတိယအကြိမ် အိမ်ထောင်ပြုသူ တခုလပ်တွေကို ယေရှုခရစ်ရဲ့ နောက်ဆုံးညစာ အထိမ်းအမှတ် ပွဲတော်စာ စားခွင့်ပြုတာမျိုးတွေ လုပ်ခဲ့ပါတယ်။

ပုပ်ဖရန်စစ်ဟာ လိင်တူတိမ်းညွတ်သူတွေ အပေါ်လည်း ဘာသာရေး ဘောင်ထဲကနေ စာနာ စိတ်ပြခဲ့ပြီး လိင်တူချစ်သူတယောက်က ဘုရားသခင်ကို ယုံကြည်သက်ဝင်တာမျိုးမှာ ဘယ်လို ကြိုတင်သတ်မှတ်တာမျိုးတွေလုပ်မလဲ ဆိုပြီး မေးခွန်းပြန်ထုတ်ခဲ့ဖူးပါတယ်။

ကက်သလစ် ဘာသာဝင် လူသာမန် မိသားစုတွေ ကြားမှာ မိသားစုရေးရာ၊ လိင်မှု ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီးလည်း ကျောင်းတော်အနေနဲ့ ကွင်းဆင်းလေ့လာ သုတေသန လုပ်ဖို့ စီမံခဲ့ပါတယ်။

ကမ္ဘာကြီး ပူးနွေးလာမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ အရေးတွေကိုလည်း အမြဲမပြတ် ဆွေးနွေး ပြောဟောခဲ့တဲ့ အပြင် ဗာတီကန် နန်းတော်မှာလည်း စစ်ဘေး ဒုက္ခသည် တချို့ကို ခိုလှုံခွင့်ပေးခဲ့ပါတယ်။

■ စွပ်စွဲဝေဖန်ခံရသူ

၁၉၇၆ ကနေ ၁၉၈၃ ကြား အာဂျင်တီးနား မှာ စစ်အာဏာရှင် အုပ်စိုးနေတဲ့ ကာလတုန်းက ပုပ်ဖရန်စစ် ဖြစ်လာမယ့် ဘုန်းတော်ကြီး ဘာဂိုဂလီယိုဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြု ပြီး ဝေဖန်ဟန့်တားတာတွေ မလုပ်ဘဲ နှုတ်ဆိတ် နေခဲ့တယ် ဆိုတဲ့ စွပ်စွဲ မှုတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ၁၉၇၆ မှာ စစ်အာဏာပိုင်တွေက သူ့ လက်အောက်က ဘုန်းတော်ကြီး ၂ ပါး ကို ပြန်ပေးဆွဲ ဖမ်းဆီး ထိန်းသိမ်းတာနဲ့ ဆက်စပ်ခဲ့တာပါ။

ဒီလို ဝေဖန်ခဲ့တာတွေ ရှိပေမယ့် ပုပ်ရဟန်း မင်းကြီးရဲ့ အထုပ္ပတ္တိ ကို ရေးခဲ့တဲ့ စာရေးဆရာကတော့ ဘုန်းတော်ကြီးဟာ အဲဒီ ကာလက စစ်တပ်ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး အဲဒီ အဖမ်းခံခဲ့ ရတဲ့ ဘုန်း ကြီး ၂ ပါး ပြန်လည် လွတ်မြောက်လာ အောင် စွမ်းဆောင်ခဲ့သူလို့ ရေးသားခဲ့ပါတယ်။

ပုပ်ဖရန်စစ်ဟာ ငယ်စဉ်က ကျန်းမာရေးကြောင့် အဆုတ်က အသားစ တချို့ ဖယ်ရှားခံခဲ့ရပေမယ့် ဒါက သူ့ အပေါ် ထိခိုက်တာမျိုး မရှိဘဲ အခု အချိန်အထိ ကျန်းကျန်းမာမာရှိနေပါတယ်။ ပုပ်ဖရန်စစ် ဘောလုံးဝါသနာ ပါသူလည်း ဖြစ်ပြီး ဗြူနိုအေးရိစ်မြို့က ဆန်လိုရန်ဇိုးဒီအဲလ်မာဂရို အားပေးပါတယ်။

ပုပ်ဖရန်စစ်ဟာ သူ့ရဲ့ သက်တမ်းတလျှောက် အားနည်းသူတွေ ဘက်က အမြဲရပ်ခံ ခဲ့ပြီး လူသားဆန်မှုတရား၊ ငြိမ်းချမ်းရေး၊ ခွင့်လွှတ်နားလည်ပေးရေးနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဘီဘီစီ တဝန်း