မြန်မာပြည်နဲ့ လက်ဝဲဝါဒနှစ်တရာ

  • 7 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Ludu
Image caption ကွန်မြူနစ် အကြောင်း အစောဆုံး ရေးသားချက်တခု

မြန်မာနိုင်ငံဟာ ဆိုရှယ်လစ် နိုင်ငံ ဖြစ်ခဲ့ဖူးသလို ကွန်မြူနစ် ပုန်ကန်မှုကိုလည်း အနှစ် ၄ဝ ကျော် ရင်ဆိုင်ခဲ့ရပါတယ်။

မြန်မာပြည်ကို ဆိုရှယ်လစ် ကွန်မြူနစ် စတဲ့ ဝါဒတွေ ဘယ်အချိန်က ရောက်လာသလဲ မေးလာရင် ၁၉၁၈ က လို့ ဆိုနိုင်ပါတယ်။

ရုရှားမှာ အောက်တိုဘာ တော်လှန်ရေး ပြီးလို့ ဆိုဗီယက် နိုင်ငံ ပေါ်လာတာကို ဒီအချိန်က ထုတ်နေတဲ့ ဘားမား အော့ဘဇာဗာ သတင်းစာမှာ ဖော်ပြခဲ့တယ်လို့ တပ်မတော် သမိုင်းက ရေးပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အောက်တိုဘာ တော်လှန်ရေး အတွင်းက ရုရှား

လက်ဝဲ ဝင်စ

တော်လှန်ရေးအပြီး ၂ နှစ်အတွင်း မြန်မာပြည်ကို ကားလ်မာ့က်စ်ရဲ့ အရင်းကျမ်း နှစ်တွဲ စရောက်လာပြီး ၁၉၂၃ လောက်မှာ မန္တလေး မြို့ ဟုမ္မရူး သတင်းစာ အယ်ဒီတာ ချုပ် ကျောက်မြောင်း ဦးခင်မောင်ကြီးက ဝံသာနု ရက္ခိတ ကျမ်း အဖြစ် ပြန်ဆိုတယ် လို့လည်း သိရပါတယ်။

ကျောက်မြောင်း ဦးခင်မောင်ကြီးဟာ ပြင်သစ်ပြန် အင်ဂျင်နီယာ ကျောက်မြောင်း အတွင်းဝန် ဦးရွှေအိုးရဲ့ သားဖြစ်သလို တိုင်တားမင်းကြီးရဲ့ မြေးလည်း ဖြစ်ပါတယ်။

အဲဒီနောက် မြန်မာ ပုံနှိပ် မီဒီယာတွေမှာ ဗော်လ်ရှီဗစ် ၊ ကွန်မြူနစ် စတဲ့ စကားလုံးတွေ စတွေ့လာရပါတယ်။

အထူးသဖြင့် မန္တလေးထုတ် နေပြည်တော် ဂျာနယ်မှာ အယ်ဒီတာ လုပ်တဲ့ ဦးရှင်က အဏုမြူ၊ မုဆိုးဗိုလ် စတဲ့ ကလောင်ခွဲတွေနဲ့ လက်ဝဲဝါဒတွေ အကြောင်း ရေးသားခဲ့ပါတယ်။

အဲဒီ ဦးရှင်ဟာ နောင်မှာ လူထု သတင်းစာ ထုတ်မယ့် ဒေါ်အမာရဲ့ ဘကြီး တော်စပ်ပါတယ်။

မြန်မာပြည်ရဲ့ အမြုတေ ရတနာ

လူထုဒေါ်အမာအကြောင်း လူမသိတဲ့ ၅ ချက်

စာဆိုတော်နေ့နဲ့ မြန်မာစာပေ

Image caption လက်ဝဲ သဘောတရားရေး ဆရာ သခင်စိုး

၁၉၃ဝ လန်ဒန်မှာ ကျင်းပတဲ့ မြန်မာပြည် တွဲရေး ခွဲရေး ဆွေးနွေးပွဲ အပြီးမှာ ဒေါက်တာ သိန်းမောင် သယ်လာတဲ့ လက်ဝဲစာအုပ်တွေ ရှိသလို ဆရာစံ ကြိုးပေး ခံရပြီးနောက် သူ့ဆေးစာအုပ် ရောင်းငွေတွေနဲ့ ထူထောင်တဲ့ စာကြည့်တိုက်မှာ ထားရှိတဲ့ လက်ဝဲ စာအုပ်တွေကလည်း အဲဒီခေတ်က လူငယ် နိုင်ငံရေးသမားတွေ ဖြစ်တဲ့ သခင်စိုး၊ သခင် သန်းထွန်း စသူတို့ရဲ့ လေ့လာစရာ ဖြစ်ပါတယ်။

Image caption နန်းရင်းဝန် ဒေါက်တာ ဘမော်

ဒေါက်တာ ဘမော်ရဲ့ ဆင်းရဲသား ဝါဒဟာလည်း လက်ဝဲဝါဒ တမျိုး ဖြစ်တာမို့ သူ နန်းရင်းဝန် ဖြစ်တဲ့ ၁၉၃၇ နောက်ပိုင်း မြန်မာ ပြည်တွင်း လက်ဝဲ စာအုပ်တွေ တရားဝင် တင်သွင်းခွင့် ပေးခဲ့ပါတယ်။

ဒီအချိန်မှာပဲ သခင်နုနဲ့ သခင်စိုးတို့ တည်ထောင်တဲ့ နဂါးနီ စာအုပ် အသင်းကလည်း လက်ဝဲ စာအုပ်တွေကို ဒိုင်ခံ ပြန်ဆို ဖြန့်ချိတာတွေ လုပ်ခဲ့ပါတယ်။

ဆိုဗီယက်မှာ ကွန်မြူနစ် စနစ်ကို ကမ္ဘာ့ ပထမဆုံး နိုင်ငံ အဖြစ် စမ်းသပ် ဆောင်ရွက်နေတာတွေကလည်း ကိုလိုနီ ဘဝမှာ ရှိသေးတဲ့ မြန်မာ ကျောင်းသားတွေ အတွက် အားကျစရာ ဖြစ်ပါတယ်။

စာရေးဆရာ ဒဂုန်တာရာဟာ ကျိုက်ထီးရိုးသွားရင်း ဆိုဗီယက် မြန်မာပြည် အဓွန့်ရှည်ပါစေလို့ နံရံမှာ ရေးခဲ့ဖူးတယ်လို့ ရေးပါတယ်။

ဆိုဗီယက် ရုရှား အကြောင်း ၁၉၃၉ မှာ မြန်မာလို ပထမဆုံး ရေးသားသူက ကြီးပွားရေး ဦးလှ ဖြစ်ပါတယ်။

Image caption ကြီးပွားရေး ဦးလှရဲ့ ဆိုဗီယက်ရုရှား

ဗမာပြည် ကွန်မြူနစ် ပါတီ

၁၉၃၉ မှာပဲ ကွန်မြူနစ်ပါတီကို အိန္ဒိယ အဆက်အသွယ်နဲ့ နိုင်ငံတကာ ကိုမင်တန် အဖွဲ့ ကို ချိတ်ဆက်ပြီး ရန်ကုန်မှာ စတင် တည်ထောင်ပါတယ်။

တည်ထောင်စက သခင်အောင်ဆန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင် သိန်းဖေ စတဲ့ လူအနည်းငယ်သာ ပါပေမယ့် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ကေဒါ အများအပြား မွေးထုတ် နိုင်ခဲ့သလို ဖက်ဆစ် တော်လှန်ရာမှာလည်း တပ်မတော်နဲ့ အတူ လက်တွဲခဲ့ပါတယ်။

စစ်အတွင်းမှာပဲ သခင်ကျော်စိန် အုပ်စုက ကွန်မြူနစ် ပါတီ စင်ပြိုင် ထောင်ဖို့ ကြိုးစားရာမှာ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

Image caption အိန္ဒိယရောက် မြန်မာ ကျောင်းသား ခေါင်းဆောင်များ

သခင်ကျော်စိန်က ဂျပန် တော်လှန်ရေး အလွန်အကျွံတွေ စောပြီး လုပ်လာလို့ ပစ်သတ်ဖို့ စီစဉ်တာလို့လည်း ဆိုကြပါတယ်။

သူ့ကို သတ်ဖို့ ဗိုလ်လက်ျာနဲ့ သခင်ချစ် စီစဉ်တယ်လို့ သခင်စိုး ဘက်သားတွေက ရေးသားမှုတွေ ရှိပါတယ်။

ကံကောင်းစွာနဲ့ သခင်ကျော်စိန် မသေခဲ့ပါဘူး။

Image caption ဗမာပြည် ကွန်မြူနစ် ပါတီ ခေါင်းဆောင်များ

ဒါပေမဲ့ စစ်ပြီးစမှာပဲ ပါတီ နှစ်ခြမ်းကွဲပြီး အလံနီနဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရယ်လို့ ဖြစ်လာပါတယ်။

တဘက်မှာလည်း ၁၉၄ဝ လောက်ကတည်းက ယူနစ် အုပ်စု လို့ ခေါ်တဲ့ မြေအောက် သူပုန် အစုကနေ ပြည်သူ့အရေးတော်ပုံ ပါတီ ခေါ် ဆိုရှယ်လစ် ပါတီကို သခင်မြ ခေါင်းဆောင်တင်ပြီး စတင်ခဲ့ပါတယ်။

ဒီပါတီဟာ စစ်ပြီးတဲ့အထိ မထင်မရှား ရှိပေမယ့် ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် တပါတီထဲ ပေါင်းဖွဲ့ရေး အစီအစဉ် ပျက်ပြီး နောက်ပိုင်း သီးသန့်ပါတီ အဖြစ် ပေါ်ပေါက်ခဲ့ပါတယ်။

Image caption အာဇာနည် သခင်မြ

နောက်ပိုင်း ဖဆပလ အဖွဲ့ချုပ်ကနေ ကွန်မြူနစ်တွေကို ထုတ်ပယ်ပြီးနောက် ဆိုရှယ်လစ်တွေ အာဏာရလာပါတယ်။

လွတ်လပ်ရေး ရပြီးနောက်မှာလည်း တပ်တွင်းမှာ ရှိတဲ့ ကွန်မြူနစ် ရဲဘော်တွေ တောခိုပြီးနောက် ဆိုရှယ်လစ် တပ်မှူးတွေက တပ်ကို ချုပ်ကိုင်လာကြပါတယ်။

Image caption လက်ဝဲ သြဇာလွှမ်းမှာကို ပူပန်မှုတွေ ရှိ

ဖဆပလ အကွဲအပြဲ နဲ့ အာဏာသိမ်း

တဘက်မှာ တောခို ကွန်မြူနစ် ပါတီနဲ့ စေ့စပ်ဖို့ တိုက်တွန်းမှုတွေ ရှိခဲ့ပေမယ့် တိုက်တွန်းသူတွေဟာ ဆိုဗီယက် တရုတ် နိုင်ငံတွေနဲ့ နီးစပ်တဲ့ မြေပေါ် ကွန်မြူနစ် ခေါ် ပမညတ နိုင်ငံရေးသမားတွေနဲ့ လက်ဝဲ သတင်းစာ ဆရာတွေ များပါတယ်။

ပမညတဟာ ကိုရီးယား စစ်ပွဲ မှာ ဆိုရှယ်လစ် ပါတီ ကြီးစိုးတဲ့ ဖဆပလ အစိုးရက မြောက်ကိုရီးယားကို ကျူးကျော်သူ အဖြစ် သတ်မှတ်တာကို သဘောမတူတဲ့ ဆိုရှယ်နီ ခေါ် လက်ဝဲ ပြင်းထန်တဲ့ ဆိုရှယ်လစ်တွေ၊ တောခိုရာ ပါမသွားတဲ့ ဦးသိန်းဖေမြင့် လို နိုင်ငံရေး သမားတွေ ပူးပေါင်းဖွဲ့တဲ့ လက်ဝဲ တပ်ပေါင်းစု ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Aung Myint Oo
Image caption ကွန်မြူနစ် ဆန့်ကျင်တဲ့ အဖွဲ့တွေ ရှိခဲ့

ဒီပမညတ ခေါင်းဆောင်တွေ သတင်းစာတွေ လက်ဝဲ စာအုပ်တိုက်တွေကို ဆိုဗီယက် သံရုံးက ထောက်ပံ့ခဲ့တယ် ဆိုတဲ့ အမေရိကန် သံရုံး မှတ်တမ်းတွေလည်း ထွက်ခဲ့ပါတယ်။

၁၉၅၈ ခုနှစ် ဖဆပလ နှစ်ခြမ်း ကွဲချိန်မှာ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နဲ့ နီးစပ်တဲ့ တပ်မှူး တချို့က အာဏာသိမ်းဖို့ ကြံစည်ရာက နောက်ဆုံး ဗိုလ်ချုပ်ကြီးနေဝင်း ဦးစီးတဲ့ အိမ်စောင့် အစိုးရ ဖြစ်လာပါတယ်။

ဦးနု အစိုးရက တောခို ကွန်မြူနစ်တွေနဲ့ စေ့စပ်ဖို့ စီစဉ်တာကို တပ်ဘက်က လက်မခံနိုင်လို့ အာဏာသိမ်းတာလို့ ဆိုစမှတ် ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Lin San Tyna
Image caption လက်ဝဲ သမားတွေ ကိုကိုးကျွန်းပို့ ထိန်းသိမ်း

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်

၁၉၆၂ အာဏာသိမ်းမှုကို ရုတ်တရက် ဖြစ်တဲ့ အာဏာသိမ်းမှုလို့ မြင်ကြသူ များပါတယ်။

တကယ်က ဦးနု အာဏာပြန်ရ လာပြီးနောက် ၁၉၆၁ ကတည်းက ဗိုလ်မှူးချုပ် တင်ဖေနဲ့ စစ်အရာရှိ တချို့ကို လက်ဝဲဝါဒ လေ့လာဖို့ ဗိုလ်ချုပ်ကြီး နေဝင်းက အမိန့်ပေးထားပါတယ်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ဖြစ်လာမယ့် သဘောတရားတွေကိုလည်း အလံနီဟောင်း ပါရီမှာ နိုင်ငံရေး ဒဿနိက သင်ယူခဲ့တဲ့ ဦးချစ်လှိုင်က မြဝတီ မဂ္ဂဇင်းမှာ ရေးသားခဲ့ပါတယ်။

Image caption တပ်မတော် ဝါဒဖြန့် မြဝတီ မဂ္ဂဇင်း

ဒီမူတွေကို တပ်မတော်ရဲ့ နိုင်ငံတော် မူဝါဒအဖြစ်လည်း ၁၉၅၉ လောက် ကတည်းက အတည်ပြုခဲ့ပါတယ်။

သခင်ကျော်စိန်ရဲ့ ပြည်သူ့စာပေတိုက်က လက်ဝဲ စာပေတွေကို ဆိုရှယ်လစ် ပါတီ ခေါင်းဆောင် ဦးဗဆွေ တို့ အုပ်စုနဲ့ တိုင်ပင် ထုတ်ဝေသလို တဘက်မှာလည်း တက္ကသိုလ် ကျောင်းသားတွေကို လက်ဝဲစာပေ လေ့လာရေး အဖွဲ့တွေ ဖွဲ့ဖို့ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် နှစ်ပါတီလုံးက စည်းရုံးခဲ့ပါတယ်။

Image caption ဦးဗဆွေရဲ့ ဆိုရှယ်လစ် မူဝါဒ

အာဏာသိမ်းချိန်မှာ ဆိုဗီယက် တရုတ် အကွဲအပြဲကြောင့် ဆိုဗီယက် အုပ်စုနဲ့ နီးစပ်တဲ့ ပမညတ အချို့က အာဏာသိမ်း စစ်တပ်ကို ထောက်ခံတာ ရှိခဲ့ပါတယ်။

Image caption အာဏာသိမ်းအပြီး နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ စစ်တပ်တွေ့

တရုတ်ပြည်ရဲ့ အကူအညီကို တောက်လျှောက် ရယူခဲ့တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီကတော့ စစ်အစိုးရနဲ့ မပူးပေါင်းဘဲ ၁၉၈၉ မှာ ပါတီ ပြိုကွဲချိန်ထိ ဆက်ပြီး လက်နက်ကိုင် ပုန်ကန်ခဲ့ပါတယ်။

စစ်တပ်ကို အခြေခံ ဖွဲ့တဲ့ လမ်းစဉ်ပါတီကတော့ ပါတီတွင်း အာဏာလုပွဲတွေကြောင့် ၁၉၇၇ နောက်ပိုင်းမှာ ဥက္ကဋ္ဌကြီး ဦးနေဝင်းက ယှဉ်ပြိုင်သူတွေကို ဖယ်ရှားခဲ့ပါတယ်။

အလံနီ ပါတီလည်း ၁၉၇ဝ လောက်မှာ ပြိုကွဲခဲ့သလို ဗကပ အတွင်း ဂိုဏ်းဖွဲ့ သတ်ဖြတ်မှုတွေလည်း တရုတ်ပြည် ယဉ်ကျေးမှု တော်လှန်ရေး အရှိန်နဲ့ ပြည်တွင်းမှာ ဖြစ်ခဲ့ပါတယ်။

Image caption ရုရှား တော်လှန်ရေး အမှတ်တရ ထုတ် စာစောင်တခု

လက်ဝဲ နိဂုံးချုပ်ပြီလား

ပဲခူးရိုးမကို ဗကပ လက်လွတ်ရပေမယ့် တရုတ်ပြည် ထောက်ပံ့မှုနဲ့ အရှေ့မြောက် ဒေသကို နှစ်ရှည် သိမ်းပိုက် နိုင်ခဲ့ပါတယ်။

၁၉၈၇ နောက်ပိုင်းက စပြီး ပြည်တွင်းမှာ မြေအောက် လှုပ်ရှားမှုတွေကို ဗကပက နှိုးဆော်ခဲ့ပြီး လူထု အုံကြွမှု ဖြစ်အောင် လှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် ၁၉၈၈ နောက်ပိုင်း ဗကပ နွယ်တဲ့ လက်ဝဲ နိုင်ငံရေး သမားတွေ အများအပြား ဖမ်းဆီးခံခဲ့ရပြီး လက်ဝဲ စာပေ လေ့လာမှုတွေကို ဖိနှိပ်ခဲ့ပါတယ်။

လမ်းစဉ်ပါတီကတော့ အရေးအခင်း အပြီးမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ပေမယ့် ရွေးကောက်ပွဲ မနိုင်ခဲ့ပါဘူး။

Image caption ဦးအောင်ကြီးနဲ့ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးအောင်

၁၉၈၈ နောက် ဖွဲ့တဲ့ NLD ပါတီမှာ ကွန်မြူနစ် တွေ ပါလာလို့ ဆိုပြီး ဆိုရှယ်လစ် ခေါင်းဆောင်ဟောင်းနဲ့ ဥက္ကဋ္ဌ ဦးအောင်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား သဘောထား ကွဲရာက ဦးအောင်ကြီး ထွက်တာဟာ မြန်မာပြည်မှာ ကွန်မြူနစ်နဲ့ ပတ်သက်ပြီး ဖြစ်တဲ့ နောက်ဆုံး နိုင်ငံရေး ဖြစ်ရပ်တခု ဖြစ်ပါတယ်။

မြန်မာပြည်မှာ ကွန်မြူနစ် ဆိုရှယ်လစ် စတဲ့ လက်ဝဲ ပါတီရယ်လို့ ထင်ထင်ရှားရှား ပြည်တွင်းမှာ မရှိတော့ပေမယ့် လက်ဝဲ လေ့လာသူတွေ၊ အလုပ်သမားနဲ့ လယ်သမား သမဂ္ဂ လှုပ်ရှားသူတွေက ဆက်ပြီး ရှိနေပါတယ်။

မြန်မာပြည်မှာ ထွန်းကားခဲ့တဲ့ လက်ဝဲဝါဒတွေဟာ အမျိုးသားရေးကဲတယ်လို့ ဖာနီဗယ် စတဲ့ ပညာရှင်တွေ သုံးသပ်တာ ရှိပေမယ့် လက်ဝဲ လွှမ်းမိုးတဲ့ နိုင်ငံရေး ခေတ်တွေ မြန်မာပြည်မှာ ရှိခဲ့တာ အသေအချာ ဖြစ်ပါတယ်။

Image caption ၁၃ဝဝ ပြည့် အရေးတော်ပုံ တွင်းက အလုပ်သမား ဆန္ဒပြသမားများ