စုံထောက်ကြီး ဦးစံရှား ရာပြည့်

  • 23 ဒီဇင်ဘာ 2017
Image caption အနှစ် ၇ဝ က ရွှေဥဒေါင်း

စာရေးဆရာကြီး ရွှေဥဒေါင်းဟာ မြန်မာနိုင်ငံမှာ ဝတ္ထုတို ရေးနည်းကို စပြီး မိတ်ဆက်ပေးခဲ့သူတယောက်လို့ လူသိများပါတယ်။

သူ့ရဲ့ ရတနာပုံ၊ ရူပနန္ဒီ စတဲ့ ဝတ္ထုရှည်တွေဟာလည်း အနောက်တိုင်း ပုံစံ ဝတ္ထု ပေါ်ကာစခေတ်က မြန်မာနိုင်ငံမှာ အထူး ထင်ရှားခဲ့သလို ခုထိလည်း အကြိမ်ကြိမ် ပြန်ပြီး ရိုက်နှက် နေရပါတယ်။

ဒီထဲက ရွှေဥဒေါင်းနဲ့ တွဲပြီး လူအသိဆုံး စာပေ လက်ရာက စုံထောက် ဦးစံရှား ဝတ္ထုတွေပါ။

၁၉၁၇ ဧပြီလ သူရိယ မဂ္ဂဇင်း ကစပြီး ဒီဝတ္ထုတွေကို ရွှေဥဒေါင်းက စတင် ပြန်ဆို မှီငြမ်းခဲ့တာမို့ ဒီနှစ်မှာ ဦးစံရှားရဲ့ သက်တမ်းက အနှစ် တရာ ပြည့်ခဲ့ပါပြီ။

ဓာတ်ပုံ မူပိုင် Ludu
Image caption ရွှေဥဒေါင်း၊ သခင်ကိုယ်တော်မှိုင်းနဲ့ လူထုဦးလှ

အဲဒီတုန်းက မြန်မာနိုင်ငံမှာ ဝတ္ထုတို ကောင်းကောင်းရေးတတ်သူ မရှိလို့ အယ်ဒီတာ ရွှေဥဒေါင်း ကိုယ်တိုင် ဒီဝတ္ထုတွေ ရေးပြီး ပရိသတ်ကို ဆွဲခေါ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

မူလ ရှားလော့ဟုမ်း ဝတ္ထုတွေကို မြန်မာပြည် နောက်ခံနဲ့ ရေးသားတာ ဖြစ်သလို ဒီဝတ္ထုဇာတ်ကောင်ကိုလည်း စံရှား ဆိုပြီး ရှားလော့ဟုမ်းနဲ့ နီးစပ်အောင် ပေးခဲ့ပါတယ်။

ဒီထဲက စာဖတ်သူတွေ စိတ်ထဲမှာ မောင်စံရှား တကယ်ရှိတယ်ဆိုပြီး ထင်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption အနှစ် ၉ဝ က မောင်စံရှား

နောက်ပိုင်းမှာ ပီမိုးနင်းရဲ့ စုံထောက် မောင်ရွှေဓား၊ မိန်းမ အလွတ် စုံထောက် တဂုံးစိန် စတဲ့ စုံထောက် ဇာတ်ကောင်တွေ ပေါ်ထွန်းလာပါတယ်။

သော်တာဆွေရဲ့ စုံထောက် ဦးနံပြား၊ ကာတွန်းအောင်ရှိန်ရဲ့ စုံထောက် ဦးရှံစား တို့ကတော့ ဟာသ ဇာတ်ကောင်တွေပါ။

ဓာတ်ပုံ မူပိုင် Htilar Sitthu
Image caption စာပေဆုရ ရွှေဥဒေါင်း

ဒီ ဝတ္ထုတွေရဲ့ ဖွဲ့နွဲ့ပုံမှာ လူကောင်းနဲ့ လူဆိုးကို သိသာအောင် ခွဲခွဲခြားခြား ရေးဖွဲ့ပုံကောင်းလို့ လူကြိုက်များတာလို့လည်း ဝတ္ထုရေးဆရာ တယောက် ဖြစ်တဲ့ ဆရာ နေဝင်းမြင့်က ပြောပါတယ်။

စာဖတ်သူတွေ စိတ်ထဲမှာ ရွှေဥဒေါင်းကို အနှစ် တရာက စာရေးဆရာကြီးလို့ မမြင်ဘဲ ကိုယ့်ဘကြီး ဦးကြီးသဖွယ် ရင်းနှီးကြတာကလည်း စာရေးဆရာတိုင်းမှာ မရှိပါဘူးလို့ ဆိုပါတယ်။

နောက် ရွှေဥဒေါင်းနဲ့ အိမ်နားနီးချင်း ဖြစ်ခဲ့တဲ့ မန္တလေးက တရားလွှတ်တော် ရှေ့နေကြီး ဦးထွန်းအောင်ကျော်ကတော့ ဦးစံရှား ဝတ္ထုထဲက လူမသိတဲ့ တချက်ကို ပြောပြပါတယ်။

အဲဒါက ဦးစံရှားဟာ မန္တလေး လက်ဆည်ကန်ရပ်သား လို့ ဦးစံရှား အဘယ်ကြောင့် လူပျိုကြီး ဖြစ်ရသနည်း ဝတ္ထုမှာ ဖော်ပြခဲ့တာပါ။

ဦးစံရှား ဝတ္ထုတွေကို ပညာတတ်တွေ အဖတ်များပြီး သူ့ရဲ့ တွေးခေါ်ပုံက အနောက်တိုင်းဆန်ဆန် အကျိုးအကြောင်းကျလို့ လူတွေက သဘောကျကြတာ လို့လည်း ဦးထွန်းအောင်ကျော်က ဆိုပါတယ်။

သူ့အိမ်နားမှာ နေခဲ့တဲ့ ရွှေဥဒေါင်းကတော့ သိပ်ဖော်ရွေသူ မဟုတ်ဘူးလို့ လည်း ဆိုပါတယ်။

Image caption ရွှေဥဒေါင်း၊ လူထုဦးလှ၊ မင်းသုဝဏ်နဲ့ ဇော်ဂျီ

နောက် ရွှေဥဒေါင်းဆီမှာ ဒီဝတ္ထုတွေကို လက်ရေးနဲ့ ရေးပေးခဲ့ရတဲ့ သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု)ကတော့ ရွှေဥဒေါင်း အင်္ဂလိပ် စာအုပ်ကိုင်ပြီး ပြောတာကို ပြန်ပြင်စရာမလိုဘဲ အချောရွတ်ပြ နိုင်ကြောင်း ပြောပါတယ်။

ရွှေဥဒေါင်းကလည်း ဆေးတံခဲသူမို့ သူရွတ်ပြတာ နားထောင်ရင်း ရွှေဥဒေါင်း သည်ပင် ဦးစံရှားလား ထင်မှားခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အခု အသက် ၈၄ နှစ် အရွယ် ဆရာ မောင်သစ်လွင် အနှစ် ၆ဝ က သိမီခဲ့တဲ့ ရွှေဥဒေါင်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Phone Naing Oo
Image caption ရွှေဥဒေါင်းနဲ့ ဒေါ်ကြီးစိုး

ရွှေဥဒေါင်း မန္တလေးမှာ ဆုံးပါးခဲ့တာလည်း အနှစ် ၄ဝ ကျော်ခဲ့ပါပြီ။

သူ့ရဲ့ စုံထောက် ဦးစံရှား ဝတ္ထုတွေကလည်း အပုဒ် တရာကျော် ကျန်ခဲ့ပြီးတော့ ဒီဝတ္ထုတွေကို ၄ ၅ ကြိမ်လောက် ရွှေဥဒေါင်းက ရေးခဲ့ပါတယ်။

တချို့က ရှားလော့ဟုမ်း တွေ ဖြစ်ပြီး တချို့ ဘယ်ဝတ္ထုတွေက ဘယ်က မှီငြမ်းမှန်း မသိရပါဘူး။

ရွှေဥဒေါင်းရဲ့ ဒဂုံတင့်၊ ဒေါက်တာသောင်းထိုက်၊ သူတော်စိန်၊ ဇော်ဟိတ်၊ ဂျမဒါ ကိုကိုကြီး စတဲ့ ဝတ္ထု ဇာတ်ကောင်တွေထဲမှာ လူသိ အများဆုံး ဖြစ်တဲ့ ဦးစံရှား ဝတ္ထုပုံစံမျိုး ခုခေတ်မှာ ရေးကြရင် ကောင်းကောင်း သပ်သပ်ရပ်ရပ် ရေးရင် လူတွေ ဖတ်ကြနိုင်တယ်လို့ ဆရာ နေဝင်းမြင့်က ပြောပါတယ်။

ကွယ်လွန်သူ ဆရာ မင်းသိင်္ခရဲ့ ဆားပုလင်း နှင်းမောင် ဝတ္ထုတွေဟာ ဦးစံရှား အသွားမျိုး ရေးတာ လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption မောင်စံရှား ဝတ္ထု သရုပ်ဖော်

သောတရှင်တို့ကော ဦးစံရှား ဝတ္ထုတွေကို ကြိုက်ကြပါသလား၊ ကြိုက်ရင် ဘယ်ဝတ္ထုကို ဘယ်လို ကြိုက်ကြောင်း ဘီဘီစီကို အင်တာနက် အီးမေးက ဖြစ်စေ၊ စာရေးလို့ ဖြစ်စေ ပြောပြ နိုင်ကြပါတယ် ။