ဒဂုန်ခင်ခင်လေးရဲ့ နှစ် ၁ဝဝ

  • 30 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Daw Ahmar
Image caption H.G.Wells လာစဉ်က ခင်မျိုးချစ်၊ ဒဂုန်ခင်ခင်လေးတို့နဲ့အတူ

ပထမ ခေတ်သစ် စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး (၁၉၀၄-၁၉၈၁)ဟာ အသက် ၁၂ နှစ် အရွယ် ၁၉၁၇ က စပြီး ကလောင်ကို စွဲခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံး ပုံနှိပ်ဝတ္ထုတို နွဲ့နွဲ့ကို သူရိယ မဂ္ဂဇင်းမှာ ခင်လေး ကုမ္မာရီ K.L.K ကလောင် အမည်နဲ့ ဖော်ပြခဲ့ပြီးနောက် ဒဂုန်မဂ္ဂဇင်းမှာ ဆက်တိုက် ဖော်ပြခဲ့ပြီး ဒဂုန်ခင်ခင်လေး ကလောင်ကို ရရှိခဲ့ပါတယ်။

ဒဂုန်ခင်ခင်လေး ရှေ့က မအေးခင်က ဝတ္ထု နှစ်ပုဒ် ရေးထုတ်ခဲ့ပြီး သူနဲ့ မရှေးမနှောင်းမှာပဲ အင်ဒီပင်းဒင့် ဒေါ်စန်းက သူရိယမှာ စတင်ရေးခဲ့ပေမယ့် ဒဂုန် ခင်ခင်လေးနဲ့ ဒဂုန် ခင်လေးဆွေ စတဲ့ စာရေးဆရာမတွေ ပေါ်ထွက်လာပြီးနောက် အမျိုးသမီး စာရေးဆရာတွေရဲ့ ကဏ္ဍဟာ ပိုပြီး ထင်ရှားလာခဲ့ပါတယ်။

သူဟာ ပဒေသရာဇ် အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ရပြီး စာပေပညာရှင် ဝက်မစွတ် ဝန်ထောက်နဲ့ မိုင်းခိုင်း အတွင်းဝန် တို့ရဲ့ မြေးမြစ် တော်စပ်သူမို့ စာပေ သမိုင်း ဆိုင်ရာ အသိအမြင်တွေကို အရွယ်နဲ့ မမျှ ရရှိခဲ့ပါတယ်။

Image caption သုံးဆယ်မြို့ ဒေါ်ဖွားရှင်နဲ့ အင်ဒီပင်းဒင့် ဒေါ်စန်း

ဒါပေမဲ့ ရှေးဆန်တဲ့ အသိုင်းအဝိုင်းရဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေကို မကြိုက်လို့ စာရေးပြီး ကိုယ့်ခြေပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။

အသက် ၁၇ နှစ်နဲ့ မန္တလေးမြို့မှာ ကြည်တော်ဆက် ဆိုတဲ့ ဝတ္ထု မဂ္ဂဇင်းကို တည်းဖြတ်ထုတ်ဝေခဲ့သလို နိုင်ငံရေး ဆောင်းပါးတွေကို ကလောင်ဝှက်နဲ့ ရေးခဲ့ပါတယ်။

ရုပ်ရှင် ဇာတ်ညွှန်းတွေကိုလည်း မြန်မာ အဆွေ အေဝမ်း ကုမ္ပဏီ အတွက် ရေးသားခဲ့ပါတယ်။

မြားနတ်မောင်နဲ့ ရည်းစားဓား ပြ ရုပ်ရှင်တွေဟာ သူ့ရဲ့ ဇာတ်ညွှန်းတွေ ဖြစ်ကြပါတယ်။

Image caption ဝက်မစွတ် ဝန်ထောက် ဦးလတ်

ဒဂုန်မဂ္ဂဇင်းမှာ ဝတ္ထုအပြင် အမျိုးသမီး အိမ်တွင်းမှု တွေ ရေးသလို ကိုကိုလေး နာမည်နဲ့ မှော်ဆရာ မှတ်တမ်း ဝတ္ထုတွေ ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒဂုန်ခင်ခင်လေး စာအုပ်တိုက်ကို တည်ထောင်ပြီး လုံးချင်း စာအုပ်တွေ ထုတ်ခဲ့ပါတယ်။

ဒီထဲက အထူး ထင်ရှားတဲ့ လက်ရာတွေက အင်္ဂလိပ် ဝတ္ထု လေထန်ကုန်းကို မှီးတဲ့ ဂုဏ်နိမ့်သူနဲ့ ဖေ့သည်းချာ မေ့သည်းချာ စတဲ့ ဝတ္ထုတွေပါ။

Image caption ဒဂုန် မဂ္ဂဇင်း

နဂါးနီ စာအုပ်တိုက် မန်နေဂျာ ဦးအုန်းခင်နဲ့ လက်ထပ်ပြီး နာဇီ ဆန့်ကျင်ရေး စစ်ရောင်ခြည်နဲ့ ကမ္ဘာ့ရန်သူ ဝတ္ထုတွေကို ရေးသားခဲ့သလို စစ်အပြီးမှာတော့ အထူး အောင်မြင်တဲ့ ဗမာ့ခေတ် သတင်းစာကို ထုတ်ဝေပြီး ဇနီး မောင်နှံ ကမ္ဘာပတ် ခဲ့ကြပါတယ်။

ဒီအတွေ့အကြုံတွေကို ကမ္ဘာလှည့် ဆောင်းပါး ပေါင်းချုပ် အဖြစ် ထုတ်ဝေခဲ့သလို ပြည်တွင်းမှာလည်း ငပလီ ကမ်းခြေကို လူသိများအောင် စာပေက ပွဲထုတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Yar Pyae
Image caption ကိုကိုလေး ကလောင်နဲ့ မှော်ဆရာ မှတ်တမ်းရေး

စစ်အပြီးမှာ ယုဝတီဂျာနယ်ကို ဦးစီးထုတ်ဝေခဲ့ပြီး အမျိုးသမီး ကလောင်သစ်တွေ မြေတောင်မြှောက် ပေးခဲ့သလို အမျိုးသမီး ကလောင်ရှင် အသင်းကိုလည်း တည်ထောင်ခဲ့ပါတယ်။

စစ်မဖြစ်ခင်က ရေးသားခဲ့တဲ့ စာဆိုတော် ဝတ္ထုကြီးကို စစ်ပြီးခေတ်မှာ အပြီးသတ် ရေးသား ထုတ်ဝေခဲ့သလို ကျွန်းဦးတည့် သန်လျက်ခုံ၊ ရတနာပုံ နိဒါန်းနဲ့ နိဂုံးစတဲ့ သမိုင်းရသ မှတ်တမ်းတွေကို ပြုစုခဲ့ပါတယ်။

ပင်းခင်ခင် ဝတ္ထုကတော့ ကြော်ငြာပြီးမှ မထုတ်ဖြစ်ခဲ့ပါဘူး။

Image caption သမိုင်းဝင် စာဆိုတော် ဝတ္ထု
Image caption စာဆိုတော် ရဲ့ ဇာတ်လိုက် မင်းသမီး ဒိုင်းခင်ခင်ကြီး

ခင်ပွန်းသည်နဲ့ ပြတ်စဲပြီးနောက် ၁၉၆၁ မှာ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ နှစ်ပေါင်းခြောက်ဆယ် ကို ရေးသားခဲ့ပါတယ်။

အိမ်ထောင်မှု ပွေတဲ့ ခင်ပွန်း၊ ဝန်ကြီးချုပ်ရဲ့ မိတ်ဆွေရင်း သတင်းစာဆရာကြီးကို ကလောင်တချောင်းနဲ့ အနိုင်မခံ ခုခံ ရေးသားခဲ့တာမို့ မြန်မာ အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးမှာ နစ်နာမှုတွေကို သက်သေထူခဲ့ပါတယ်။

အမျိုးသမီး အနုပညာရှင်တွေရဲ့ အတ္ထုပ္ပတ္တိကို ပြုစုခဲ့သလို ဝက်မစွတ် ဝန်ထောက်ကြီးရဲ့ နေ့စဉ်မှတ်တမ်းတွေ ထုတ်ဝေနိုင်အောင် ကူညီခဲ့ပါတယ်။

ဒဂုန်ခင်ခင်လေး မရှိတော့ပေမယ့် သူဖြစ်စေချင်တဲ့ အမျိုးသမီး စာရေးဆရာတွေ ပေါ်ထွက်လာတာနဲ့ ကျားမ တန်းတူမှုကို မြန်မာပြည်မှာ သတိမူလာကြတာက သူ့ရဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ပြု ပေးသလို ရှိပါတယ်။

Image caption ယုဝတီ ဝိုင်းတော်သူများ