ငြိမ်းချမ်းရေးနှစ် ရည်မှန်းချက် ဘယ်နေရာရောက်နေသလဲ ( အပိုင်း-၁)

  • 31 ဒီဇင်ဘာ 2017

စိုင်းထွန်းအောင်လွင်

(၂၀ဝ၈ အခြေခံ ဥပဒေ အသက်ဝင်ပြီးနောက် ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်စတင်ခဲ့မှုကို ပြန်လည်ရေတွက် ကြည့်မယ်ဆိုရင် ၆ နှစ်ကျော် ကာလကို ရောက်ရှိလာခဲ့ပါပြီ။

အစိုးရရဲ့ ၂၀၁၇ ခုနစ်ငြိမ်းချမ်းရေးနှစ် ရည်မှန်းချက် ဘယ်နေရာရောက်နေသလဲဆိုတာ စိုင်းထွန်းအောင်လွင်က အပိုင်း (၁) ၊ (၂) ခွဲပြီး စုစည်းတင်ပြပေးပါ့မယ်။

အပိုင်း (၁)မှာကတော့ အန်စီအေ အပစ်ရပ် တိုင်းရင်းသား ၈ ဖွဲ့ကို အခြေခံပြီး လုပ်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ တနည်းအားဖြင့် အမျိုးသားနိုင်ငံတော်တည်ထောင်ခြင်းအတွက် ဆွေးနွေးမှု အပါအဝင် အပစ်ရပ်ပြီးသားအဖွဲ့တွေနဲ့ အစိုးရ တပ်မတော်တို့အကြား ဆက်ဆံရေး အပစ်ရပ်စာချုပ်ပါ အချက်တွေကို သဘောတူညီမှု အခြေအနေတို့ကို အဓိကထား တင်ပြသွားမှာ ဖြစ်ပါတယ်။ )

၂၀၁၇ ခုနစ်ကို အစိုးရက ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားပေမဲ့ အခုလို နှစ်ကုန်ခါနီး ဒီဇင်ဘာလအထိ သေနတ်သံတွေ ကြားနေရဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ လတ်တလော တိုက်ပွဲသံ ခပ်စိပ်စိပ် ကြားနေရတာပါ။

လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း လူမှုကွန်ယက်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတရပ်ကတော့ ရှမ်းအမျိုးသမီးလွှတ်တော်အမတ်တဦးနဲ့ တပ်မတော်က အရာရှိတဦး ဆွေးနွေးပွဲ ခန်းမအတွင်းမှာ အပြန်အလှန်ပြောဆိုနေကြတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က ပင်လုံမှာ ကျင်းပတဲ့ ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲမှာ စစ်တပ်က လာရောက်ဟန့်တားခဲ့တဲ့အတွက် အမျိုးသမီးလွှတ်တော်အမတ်က ငြိမ်းချမ်းရေးအတွက် လုပ်တဲ့ အဲဒီအခမ်းအနားကို ဘာကြောင့်ဟန့်တားရသလဲဆိုတာ ချက်ကျလက်ကျ မေးမြန်းပြောဆိုနေခဲ့တာဖြစ်ပြီး အဲဒီ ပြောဆိုမှုကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ကလည်း လူမှုကွန်ယက်မီဒီယာပေါ်မှာ ပျံ့နှံ့နေခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ ဆွေးနွေးပွဲတွေဟာ တပ်မတော်ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်ပါ ပြဌာန်းချက်တွေအရ နောက်ဆက်တွဲ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အစိုးရ ခွင့်ပြုချက်နဲ့ လုပ်တဲ့ ဆွေးနွေးပွဲတွေလည်း ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို တပ်ဘက်က ခွင့်ပြုထားခြင်းမရှိဘူးဆိုပြီး ဟန့်တားမှုတွေ ရှိနေခဲ့တာပါ။

လက်ရှိ အန်အယ်လ်ဒီ အစိုးရက ဆက်လက်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရဲ့ အစဟာ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနစ် သြဂုတ်လ ၁၈ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကနေ စတင်ခဲ့တာပါ။

သူ့အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နဲ့ တဖွဲ့ချင်း အပစ်ရပ်စဲရေးစာချုပ်တွေ ချုပ်နိုင်ခဲ့သလို ၊ အစိုးရ သက်တမ်း နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၅ ခုနစ်မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ဖြစ်တဲ့ ( ကေအန်ယူ ၊ အာစီအက်စ်အက်စ် ၊ CNF , ABSDFကျောင်းသားတပ်ဖွဲ့ ၊ PNLO ပအိုဝ်း ၊ KNU/KNLA (PC) ၊ ဒီကေဘီအေ အဖွဲ့ နဲ့ ရခိုင် ALP အဖွဲ့တို့နဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု စာချုပ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ငြိမ်းချမ်းရေး ညီလာခံ တကြိမ်ကျင်းပပြီးနောက် အန်အယ်လ်ဒီ အစိုးရလက်ထဲ အာဏာလွှဲပြောင်းပေးမှုနဲ့ အတူ ငြိမ်းချမ်းရေးဖြစ်စဉ်ပါ လွှဲပြောင်းပေးခဲ့ပါတယ်။

အန်အယ်လ်ဒီ အစိုးရ တက်ပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရရဲ့ ပထမ ဦးစားပေးမူဝါဒအဖြစ်ချမှတ်ခဲ့သလို ၂၀၁၇ ခုနစ်ကိုလည်း ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့တာပါ။

အန်အယ်လ်ဒီ အစိုးရအနေနဲ့ အာဏာလွှဲပြောင်းရယူပြီးတဲ့ နောက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လို ချဉ်းကပ်ဆောင်ရွက်နေပါသလဲ။

အစိုးရရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ချဉ်းကပ်ဆောင်ရွက်မှုမှာ ပဋိပက္ခလျှော့ကျရေး နဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နှစ်ပိုင်းနဲ့ ကြည့်နိုင်ပြီး အန်စီအေ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနေတာရှိသလို ထိုးပြီးသားအဖွဲ့တွေနဲ့ ၂၁ ပင်လုံကတဆင့် ပြည်ထောင်စု တည်ဆောက်ရေးကိုကြိုးစားတာတွေ့ရတယ်လို့ မူဝါဒရေးရာနဲ့ မဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒေါက်တာ ဆုမွန်သဇင်အောင်က ပြောပါတယ်။

အဲဒီချဉ်းကပ်ပုံစံနှစ်ခုထဲမှာ အပစ်ရပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သက်ဆိုင်တာကတော့ ၂၁ ပင်လုံ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အပစ်ရပ်စာချုပ်ပါ အချက်အလက်တွေကို အကောင်ထည်ဖော်မှုနဲ့ အပစ်ရပ်ဒေသတွင်း ဖွံ့ဖြိုးရေး ပြန်လည်နေရာချထားရေး ၊ ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်တွေပဲဖြစ်ပါတယ်။

(က) ဆူဆူညံညံ ၂၁ ပင်လုံ ဒုတိယ အကြိမ် ညီလာခံ

-

ကုန်လွန်သွားခဲ့တဲ့ ၂၀၁၇ ခုနစ်ကိုပြန်ကြည့်ရင် ထင်သာမြင်သာတဲ့ အခမ်းအနားနဲ့ ရလာဒ်အဖြစ် ၂၁ ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တကြိမ်ကျင်းပနိုင်ခဲ့ပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ဒုတိယ အကြိမ်မြောက်အဖြစ်ကျင်းပတဲ့ ၂၁ ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကနေ သဘောတူညီချက် ၃၇ ချက်ဆိုပြီး သဘောတူနိုင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ခေါင်းစဉ် ၅ ခုအနက်က လုံခြုံကဏ္ဍကတော့ ဆွေးနွေးခဲ့ခြင်း မရှိပဲ နိုင်ငံရေး ကဏ္ဍ ၁၂ ချက် ၊ စီးပွားရေး ကဏ္ဍ ၁၁ ချက် ၊ လူမှုရေး ကဏ္ဍ် ၄ ချက် ၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင် ကဏ္ဍ ၁၀ ချက် စုစုပေါင်း ၃၇ ချက် သဘောတူနိုင်ခဲ့တယ်လို့ ညီလာခံအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။ အခြေခံ ဥပဒေပြင်ဖို့ ညီလာခံကျင်းပတယ်ဆိုပေမဲ့ အဲဒီအချက် အားလုံးနီးပါးဟာ ၂၀ဝ၈ အခြေခံ ဥပဒေထဲမှာ ပါဝင်တဲ့အချက်တွေလည်း ဖြစ်ပါတယ်။ အဲဒီအချက်တွေ ရယူခဲ့တဲ့အပေါ်မှာတော့ ညီလာခံတက်တဲ့ အစုအဖွဲ့တွေအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့တာတွေ့ရပါတယ်။

အနာဂတ် ပြည်ထောင်စုမှာ အခြေခံရမဲ့မူတွေလို့ ဆိုနိုင်တဲ့ အဲဒီအချက်တွေဟာ နိုင်ငံရေးဆွေးနွေးပွဲက ထွက်ပေါ်လာတာလို့ ဆိုပေမဲ့ အဲဒီမူတွေချမှတ်ပုံနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ သဘောတူညီချက် ရယူခဲ့မှုတွေမှာ ထောက်ပြဝေဖန်စရာ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် အမျိုးသားအဆင့် ဆွေးနွေးပွဲတွေမလုပ်နိုင်သေးတဲ့ ရှမ်းလို ဒေသတွေက ကိုယ်စားလှယ်တွေက ဒီဆွေးနွေးမှုတွေဟာ လူထုဆန္ဒသဘောမပါဘူးလို့ ၂၀၁၇ ခုနစ်မေလတုန်းကလုပ်ခဲ့တဲ့ ၂၁ ပင်လုံ ဒုတိယအကြိမ် ညီလာခံအပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုအတွက် အရေးပါတဲ့ မူဘောင်စည်းမျဉ်းတွေဖြစ်တဲ့ အစုအလိုက်အကြေအလည်ဆွေးနွေးမှ သဘောတူရန်ဆိုတဲ့ အချက်ကို ကျော်လွန်လုပ်ဆောင်ခဲ့ကြတယ်လို့ ဝေဖန်ခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၁ ပင်လုံပထမအကြိမ်ကျင်းပစဉ်က

ပြည်ထောင်စုသဘောတူညီချက်ရတဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲက တလှမ်းချင်းရှေ့ကိုသွားနေတာကို ပြသနိုင်ပေမဲ့ တကယ်တမ်း လက်တွေ့ရလာတဲ့ ၃၇ ချက်က နိုင်ငံတော်ကို လက်တွေ့ပြောင်းလဲနိုင်တဲ့ အချက်တွေလို့ ပြသနိုင်တာမရှိသလို အဲဒီအချက်တွေ ထွက်ပေါ်လာဖို့ သဘောတူညီမှု ရယူရာမှာလည်း အားနည်းမှုတွေရှိခဲ့တယ်လို့ ၂၁ ပင်လုံအစည်းအဝေးတွေတက်ခဲ့တဲ့ ပြည်ထောင်စု အင်စတီကျူ့က ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းဦး က ပြောပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီသဘောတူညီချက်ဟာ အမျိုးသားရင်ကြားစေ့ရေးငြိမ်းချမ်းရေး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ၂၁ ပင်လုံ ဒုတိယအကြိမ် ပိတ်ပွဲ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

၂၁ ပင်လုံမှာ အစိုးရ ၊ တပ်မတော် ၊ လွှတ်တော် ၊ နိုင်ငံရေးပါတီများ ၊ တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့ အစုအဖွဲ့ ၅ ဖွဲ့ပါခဲ့ပြီး နိုင်ငံရေးပါတီ အစုအဖွဲ့ရဲ့ သဘောထားမပါတဲ့အတွက် ကန့်ကွက်သူအချို့လည်း ရှိခဲ့တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ နိုင်ငံရေးပါတီ အစုအဖွဲ့မှ အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦးက ဘီဘီစီကို ပြောပါတယ်။

ညီလာခံမှာ ထူးခြားချက်တရပ်အနေနဲ့ ခွဲမထွက်ခွင့်ဆိုတဲ့အချက်ကို အခြေတင်ဆွေးနွေးခဲ့ကြတာတွေ့ရပါတယ်။ တိုင်းရင်းသားအင်အားစုတချို့ကလည်း ၁၉၄၇ ပင်လုံကတည်း လွတ်လပ်ရေးအတူယူမယ် တန်းတူညီမျှမှုရှိရမယ်ဆိုတဲ့ကတိနဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး အခုထိ တန်းတူညီမျှမှုမရခင် ခွဲမထွက်ခွင့်ကို သဘောတူခိုင်းတာဟာ ပင်လုံလက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ ဂုဏ်သိက္ခာထိခိုက်တယ်ဆိုကာ ငြင်းဆန်ခဲ့တာလည်း တွေ့ရပါတယ်။

ထူးခြားချက်အနေနဲ့ ရှိခဲ့တာကတော့ အစိုးရနှစ်ရပ်လက်ထက်အတွင်းကျင်းပခဲ့တဲ့ ညီလာခံ ၃ ကြိမ်စလုံးမှာ ကျင့်သုံးခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှု အစုအဖွဲ့မူဘောင်ပုံစံအရတော့ ဆွေးနွေးပွဲ အစုအဖွဲ့တွေမှာ တပ်မတော်က အစုအဖွဲ့တစုရယူထားတာဖြစ်တဲ့အတွက် တပ်မတော်သဘောမတူရင် ဘာအချက်မှ အတည်မပြုနိုင်တဲ့အတွက် ၂၀ဝ၈ အခြေခံဥပဒေလိုပဲ တင်းကြပ်လွန်းပြီး တပ်မတော်အစုအဖွဲ့က ကန့်ကွက်ရင် ညီလာခံရလာဒ်တွေကို အတည်ပြုဖို့ မဖြစ်နိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ထောက်ပြတာတွေလည်း ရှိခဲ့ပါတယ်။ အခု၂၀၁၇ နှစ်ကုန်ပိုင်းအထိလည်း အဲဒီနိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြင်ဆင်နိုင်မှု မရှိသေးပါဘူး။ ၂၀၁၈ ဇန်နဝါရီလအကုန်မှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာလည်း အဲဒီမူဘောင်ကိုပဲ သုံးဦးမှာပါ။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin/BBC
Image caption သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ ပင်လုံမြို့က ကျောက်တိုင်ကွင်း

ထူးခြားချက်တရပ်က လုံခြုံရေးကဏ္ဍကို ညီလာခံ ၃ ကြိမ်စလုံးပြီးတဲ့အချိန်အထိ မဆွေးနွေးနိုင်တာပဲဖြစ်ပါတယ်။

လက်နက်ကိုင်တွေလက်နက်ဖြုတ်သိမး်ခြင်း ၊ အရပ်သားအဖြစ် အသွင်ကူးပြောင်းခြင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပေါင်းစည်းခြင်းနဲ့ စစ်လက်နက်ကိုင်တွေ ပြုပြင်ပြောင်းလဲရေး DDR /SSR လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အမြင်မတူတာတွေကြောင့် ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်ဖြုတ် လက်ရှိတပ်နဲ့ ပေါင်းပြီးမှ ကျန်တာ ဆက်စဉ်းစားမယ်ဆိုတဲ့ တပ်မတော်အမြင်နဲ့ စစ်လက်နက်ကိုင်များပေါင်းစည်းရေး လက်နက် ဖြုတ်သိမ်းရေး လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး တပြိုင်နက်တည်းလုပ်မယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အမြင်ကွာဟမှုရှိနေတာပါ။ တပ်မတော်ဘက်ကတော့ အချိန်ကာလသတ်မှတ်ပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချ စစ်လက်နက်ဖြုတ်သိမပြီး တပ်မတော်နဲ့ ပေါင်းစည်းတဲ့ စနစ်ကို လိုလားနေတာပါ။

နားလည်မှု မတူကြသလို တပ်မတော်ဘက်က ဆွေးနွေးဖို့ ငြင်းဆန်နေတာ မဟုတ်ဘဲ လုံခြုံရေးပြန်လည်ပေါင်းစည်းမှုအပေါ်မှာသာ ဆွေးနွေးမယ်ဆိုတဲ့ အယူအဆနဲ့ ရပ်ခံနေတာဖြစ်တယ်လို့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ဒုတိယ ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

(ခ) အားနည်းမှုတွေ ရှိနေတဲ့ အန်စီအေ စာချုပ် အကောင်ထည်ဖော်မှု

-

ဒီပုံစံအတိုင်းဆက်သွားရင်တော့ ၂၀၁၇ ခုနစ်ဟာ ငြိမ်းချမ်းရေးနှစ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောခဲ့သူက အန်စီအေ အပစ်ရပ် အာစီအက်စ်အက်စ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီးယွက်စစ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အပစ်ရပ် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီအဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုခဲ့တာပါ။

အဲဒီတုန်းက ချင်းမိုင်မှာလုပ်တဲ့ ရှမ်းလက်နက်ကိုင်တွေ ပါတီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ရှမ်းအမျိုးသားအဆင့်ဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံချင်းမိုင်မှာ အစည်းအဝေးလုပ်ဖို့ ပြင်နေတုန်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးက ထိုင်းအစိုးရကို ပိတ်ခိုင်းတဲ့အတွက် အဲဒီအစည်းအဝေးကို ဖျက်သိမ်းခဲ့ရတာလည်း ဖြစ်ပါတယ်။ ၂၁ ပင်လုံ ဒုတိယအကြိမ်မတိုင်ခင် ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲ မကျင်းပနိုင်ခဲ့တဲ့အတွက် ဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် ရှမ်းအင်အားစုတွေ တွေ့ဆုံဆွေးနွေးဖို့ ရည်ရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြန်ကြည့်မယ်ဆိုရင် အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းRCSS/SSA နဲ့ တပ်မတော်တို့ အကြား အန်စီအေ အပစ်ရပ်လက်မှတ်ထိုးပြီးတဲ့နောက် နယ်မြေအငြင်းပွားမှုတွေကတဆင့် တိုက်ပွဲပေါင်း ၂၀ ကျော်ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Tai Freedom
Image caption အပစ်ရပ်ပြီး တပ်မတော်နဲ့ တိုက်ပွဲ ၂၀ ကျော် ဖြစ်ခဲ့တဲ့ ရှမ်းတောင်တပ်ဖွဲ့ဝင်တွေ

အစိုးရတပ်မတော်အနေနဲ့ သူဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ အဆင့်ဆင့်သော ပစ်ခတ်တိုက်ခိုက်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတ ီဂျေအမ်စီ ကော်မတီ တွေကို အသုံးချပြီး တိုင်းရင်းသားတွေကို ဖိအားပေးနေခဲ့တယ်လို့ ၂၀၁၇ နှစ်လယ်ပိုင်းတုန်းက ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောခဲ့ဖူးပါတယ်။ အပစ်ရပ်စာချုပ်အရ ဖွဲ့စည်းထားတဲ့ အဲဒီကော်မတီတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ အရပ်ဘက် ကိုယ်စားလှယ်တွေလည်း ပါဝင်နေတာပါ။ စစ်တပ်ဘက်ကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဓိကကျတဲ့ စာချုပ်လို့ ခေါ်တဲ့ အန်စီအေနဲ့ အဲဒီ ဂျေအမ်စီ ကော်မတီတွေရဲ့ အဓိက အားနည်းချက်က ဘာပါလဲ။

ပြည်ထောင်စု အင်စတီကျူ့က ဒေါက်တာစိုင်းဦးကို မေးကြည့်တော့-

အပစ်အခတ်ရပ်စဲရေးကို သေသေချာချာကိုင်တွယ်နိုင်တဲ့ နည်းလမ်းမပြည့်စုံတာတွေ့ရသလို နယ်မြေအပိုင်းအခြား သီးသန့်မရှိတော့ နိုင်ငံစစ်လိုမဟုတ်ပဲ ပြည်တွင်းမှာပဲ နေရာရွေ့လျားပြီး စစ်တိုက်တာဖြစ်တဲ့အတွက် နယ်မြေသတ်မှတ်မှု မရှိတဲ့အတွက် နယ်မြေအငြင်းပွားပြီး တိုက်ပွဲဖြစ်တဲ့ ကိစ္စတွေ ပေါ်လာတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား စာချုပ်ကို ဘာသာပြန် နားလည်တဲ့ အမြင်မတူကြဘူး။ အဲဒီအပေါ် အခြေခံလို့ အငြင်းပွားမှုတွေဖြစ်လာတယ်။ တပ်မတော်ရဲ့ အမြင်တချို့ကလည်း အငြင်းပွားစရာဖြစ်နေတယ်။ အန်စီအေ စာချုပ်နဲ့ လက်မှတ်ထိုးထားတဲ့ တပ်မတော်ဖြစ်ပြီး စာချုပ်အတိုင်းလိုက်နေသလား တချို့နေရာမှာတော့ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေဟာ အန်စီအေ စာချုပ်ကို ကျော်လွန်သွားသလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေတယ်။

( မေး) - ဘယ်လိုကျော်လွန်သွားတာမျိုးကို တွေ့ရပါသလဲ။

(ဖြေ)- အန်စီအေမှာတော့ စစ်ရေးမှာ အပြန်အလှန်ထိန်းကျောင်းတယ်ဆိုတာ ဂျေအမ်စီကတော့ စစ်မဖြစ်သေးတဲ့ နေရာတွေ စစ်ဖြစ်ဖို့ အလားအလာရှိတဲ့ နေရာတွေကို ကြိုတင်ကာကွယ်တားဆီးပေးတဲ့ ကော်မတီ မဟုတ်ဘူး။ တိုက်ပွဲဖြစ်သွားတဲ့ နေရာတွေကို သွားရောက်လေ့လာပြီးတော့ နောက်အဲလို အမှားအယွင်းမျိုးမဖြစ်အောင် စိစစ်ပေးတဲ့ ကော်မတီသာဖြစ်တယ်။ အဲဒီလို အနေအထားမျိုးမှာ ဥပမာ ကျွန်တော်တို့ တွေ့ရတာက တပ်မတော်က ရှေ့တန်းမှာ ပုံမှန် လှုပ်ရှားမှုမဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နယ်မြေတွေထဲ ဝင်လာတဲ့အခါမှာ ပစ်ခတ်မှုတွေ ရှိလာတယ်။ အဲဒီလို ကိစ္စမျိုးတွေကို အခြေခံပြီး အငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါမှာ သူ့ဘက်နဲ့သူ ရပ်တည်ပြောဆိုကြတာတွေရှိတယ်။ တိုင်းရင်းသားဘက်ကလည်း အကြောင်းမကြားပဲ ဝင်လာတာကို ထောက်ပြသလို တပ်ဘက်ကလည်း သူ့လုပ်ငန်းစဉ်နဲ့သူ ငြိမ်းချမ်းရေး ထိန်းသိမ်းနေတယ် ပြောမှာပဲ။

( မေး )- လက်နက်ကိုင်အချင်းချင်း အငြင်းပွားမှုတွေမှာ အရပ်သားအစိုးရဘက်ကဘယ်လောက်ညှိနှိုင်းဖြေရှင်းပေးနိုင်တာတွေ့ရသလဲ

(ဖြေ) - အစိုးရရဲ့ လုပ်ဆောင်နိုင်မှုက နည်းနည်းအားနည်းတာ တွေ့ရတယ်။ ဂျေအမ်စီကော်မတီတွေမှာ အရပ်သားကိုယ်စားလှယ်တွေပါပေမဲ့ အဲဒီအရပ်သားတွေဆိုတာကလည်း တကယ့်ကို လွတ်လပ်နေသူတွေ ၊ ဒေသအကျိုးစီးပွားကို ကာကွယ်လိုတဲ့အတွက် လုပ်သူတွေဆိုတာထက် တိုင်းရင်းသားလက်နက်ကိုင်ဘက်ကလည်း သူနဲ့နီးစပ်သူတွေကို ကိုယ်စားလှယ်အဖြစ်ထည့်တာ ဖြစ်သလို တပ်မတော်ကလည်း သူထောက်ခံတဲ့သူကို ထည့်သွင်းတာမျိုးဖြစ်နေတယ်။ အစိုးရက ဂျေအမ်စီမှာ ပါဝင်မှု တော်တော်လေးကို အားနည်းတာတွေ့နေရတယ်။

နယ်မြေသတ်မှတ်မှု တပ်နေရာချထားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေကို ၂၀၁၇ ခုနစ်အတွင်းမှာ လုပ်ခဲ့ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော် တို့ပါဝင်တဲ့ ဆွေးနွေးပွဲမျိုးကျင်းပနိုင်တာမဟုတ်ပဲ တိုင်းရင်းသားလက်နက်ကိုင်တွေသီးသန့်ဖြစ်စေ ၊ တပ်မတော်ဘက်က သီးသန့်အနေနဲ့ဖြစ်စေ နိုင်ငံတကာ ပညာရှင်အချို့ရဲ့ နိုင်ငံတကာ အပစ်ရပ်ရေးဖြစ်စဉ်တွေက နယ်မြေသတ်မှတ် တပ်နေရာချထားရေးဆိုင်ရာ အတွေ့အကြုံတွေကို ရှင်းပြမှုတွေပဲ လုပ်နိုင်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် JMC -Facebook
Image caption စစ်တပ်က ဥက္ကဌ ရာထူး ရယူထားတဲ့ ဂျေအမ်စီရဲ့ ပြည်ထောင်စုအဆင့် ကော်မတီ

စက်တင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ ပြည်ထောင်စုအဆင့် ဂျေအမ်စီ ဆွေးနွေးပွဲတရပ်မှာ ဂျေအမ်စီရဲ့ တပ်မတော်သားကိုယ်စားလှယ်ဖြစ်တဲ့ ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကတော့ ဂျေအမ်စီရဲ့ အဓိက လုပ်ငန်းစဉ်ဟာ ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားဖို့ပဲ ဖြစ်သလို နယ်မြေပိုင်းခြားသတ်မှတ်တဲ့ အသုံးအနှုန်းကို မသုံးနှုန်းပါဘူးလို့ ပြောဆိုထားပါတယ်။

နယ်မြေသတ်မှတ်မှုမလုပ်နိုင်တဲ့အတွက် ဒုက္ခသည် ပြန်လည်နေရာချထားရေး ပြန်လည်ထူထောင်ရေးနဲ့ တိုင်းရင်းသားနယ်မြေတွေက စီမံအုပ်ချုပ်ခွင့်ဆိုင်ရာ အငြင်းပွားမှုတွေလည်း ရှိခဲ့ပြီး ကေအန်ယူနယ်မြေမှာဆိုရင် ပြည်နယ်နဲ့ တိုင်းအဆင့် ဂျေအမ်စီကော်မတီတွေမှာပါတဲ့ ကေအန်ယူ အရာရှိတွေဟာ ရာထူးတွေက နှုတ်ထွက်မှုတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် JMC-U
Image caption ခိုလမ်က ဂျေအမ်စီရုံးဖွင့်ပွဲ

နယ်မြေသတ်မှတ်မှု မလုပ်နိုင်တဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ မူလနေရာတွေမှာ အစိုးရ စစ်တပ်တွေ ရောက်နေလို့ ပြန်မနေနိုင်ကြတာ စတဲ့ ကိစ္စတွေအပါဝင် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေထဲ လမး်ဖောက်တဲ့ ကိစ္စလို အရေးတွေကို အကြောင်းပြုပြီး အပစ်ရပ်နယ်မြေတွေထဲ အစိုးရ တပ်မတော် တပ်စခန်းတွေ ရွှေ့ပြောင်းနေရာယူမှုတွေအပေါ် ဒေသခံလူထုအနေနဲ့ စိုးရိမ်မှုတွေ ရှိခဲ့တယ်လို့ ကေအန်ယူဘက်က ပြောပါတယ်။

စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်သေးပဲ ပြန်လည်ထူထောင်ရေးမလုပ်နိုင်ခင် သူတို့နေထိုင်တဲ့ စခန်းတွေကို ရိက္ခာ အကူအညီတွေ ဖြတ်တောက်မှုတွေကြောင့် အကူအညီတွေပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေတာပါ။ အောက်တိုဘာလထုတ် အေးရှားဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာမှာကတော့ အပစ်အခတ် ရပ်စဲရေး သဘောတူချက်တွေနဲ့အတူ ဖွံ့ဖြိုးရေးအကူအညီကို မှန်ကန်စွာအသုံးပြုနိုင်ရင် ပဋိပက္ခဒေသက ပြည်သူ့ဘဝကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ သဘောတူဖို့ လိုပါတယ်။ ဒီလို ဖြစ်မလာဘူးဆိုရင် ဖွံ့ဖြိုးရေးစီမံကိန်းကြောင့် တဘက်နဲ့တဘက် ယုံကြည်မှု ကင်းမဲ့လာတဲ့အတွက် ငြိမ်းချမ်းရေးကို ထိခိုက်စေပါတယ်လို့ ဖော်ပြထားပါတယ်။

(ဂ ) အစိုးရရဲ့ အလုပ်အဖွဲ့အားနည်းချက်တွေ

ပြီးခဲ့တဲ့ မြန်မာနှစ်ကူးကာလ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောအပြီးမှာ အန်စီအေ စာချုပ်လက်မှတ်ထိုးမဲ့ အဖွဲ့အရေအတွက် တိုးလာတော့မယ်ဆိုပြီး ရုပ်သံက ကြေညာခဲ့ပြီးတော့ အခု ၂၀၁၇ ခုနစ်ကုန်ချိန်အထိ အပစ်အရပ်အဖွဲ့အရေအတွက်က တိုးတက်မလာပဲရှိနေတာကတော့ အစိုးရရဲ့ သတင်းအချက်ပိုင်းဆိုင်ရာ အားနည်းမှုကို မြင်သာစေခဲ့တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

ကေအန်ယူနဲ့ အစိုးရ အကြားတည်ဆောက်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိက ပါဝင်နေသူ ဖဒိုစောကွယ်ထူးဝင်းကတော့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်နေတဲ့ အစိုးရဘက်ကအလုပ်အဖွဲ့ဟာ အရင်အစိုးရလက်ထက်လောက်တောင် စနစ်မကျဘူးလို့ ထောက်ပြပါတယ်။

အစိုးရဘက်က ငြိမ်းချမ်းရေး ကိုယ်စားတွေနဲ့ လုပ်ငန်းစဉ်မှာပါဝင်နေသူတွေကို အဆင့်အလိုက်လုပ်ပိုင်ခွင့်ခွဲဝေပေးမှုတွေက အစ အားနည်းမှု ရှိတယ်လို့ ထောက်ပြကြတာတွေလည်း ရှိနေတာပါ။

လက်ရှိအစိုးရဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ တိကျသေချာတဲ့ နားလည်သိရှိမှုမျိုးမရှိသလို တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ရပ်တည်ချက် သမိုင်းကြောင်းတွေနဲ့ ပတ်သက်လို့ သိရှိမှု အားနည်းတာတွေ တွေ့နေရတယ်လို့ ယနေ့ခေတ် နိုင်ငံရေးမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ဦးသက်ဇင်က ပြောပါတယ်။ တပ်မတော်ဘက်ကတော့ တိုင်းရင်းသားတွေ အကြောင်းသိပေမဲ့ သူတို့ အကျိုးစီးပွားကို အဓိကထားသလို တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း သူတို့အကျိုးစီးပွားအတွက် အဓိကထားနေပြီး တဘက်နဲ့ တဘက်အကဲစမ်းနေချိန်မှာ အစိုးရအနေနဲ့ တပ်မတော် တိုင်းရင်းသားတို့နဲ့ ယုံကြည်မှု မတည်ဆောက်နိုင်တဲ့အတွက် ယုံကြည်မှု ပျက်ပြားနေကာ အစိုးရရဲ့ ရှေ့ဆက်ရမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အခက်တွေ့နေတာ အထင်းသား မြင်နေရတယ်လို့ ဦးသက်ဇင်က မှတ်ချက်ပြုပါတယ်။

ဓာတ်ပုံ မူပိုင် Shan Human Right Foundation
Image caption နိုင်ငံတကာ ထောက်ပံ့ရေးအဖွဲ့တွေက အထောက်အပံ့ရပ်လိုက်လို့ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ လွိုင်ဆမ်ဆစ် ရှမ်းစစ်ဘေးရှောင်စခန်း

( ဃ) အပစ်ရပ်တွေနဲ့တောင် ခက်နေရင်

အန်အယ်လ်ဒီ အစိုးရသစ်လက်ထက် ကျင်းပတဲ့ ၂၁ ပင်လုံ အစည်းအဝေးတွေမှာ နိုင်ငံတကာငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အဓိက အခန်းကဏ္ဍကပါဝင်ခဲ့သူတွေလည်း လာတက်ခဲ့တာတွေ့ရပါတယ်။ ထင်ရှားသူတွေကတော့ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ဂျိုနသန်ပါဝဲလ် ၊ တောင်အာဖရိက ဆွေးနွေးပွဲခေါင်းဆောင် ရိုဖ့်မေယာတို့ လို ပုဂ္ဂိုလ်တွေလည်း ပါဝင်သလို

အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကလည်း တောင်အာဖရိက ကိုလံဘီယာ စတဲ့ နိုင်ငံတွေကို သွားရောက်လေ့လာမှုတွေ ရှိခဲ့ပါတယ်။

၂၀၁၆ခုနစ်က မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ တောင်အာဖရိက ခရီးစဉ်အတွင်း နိုဗယ်ဆုရှင် သမ္မတဟောင်း ဒီကလပ်နဲ့တွေ့ခွင့်ရခဲ့ပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပူးတွဲ တည်ဆောက်ရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပဋိပက္ခဖြစ်နေတဲ့ အုပ်စုတွေ အားလုံးပါဝင်ဖို့ အရေးကြီးကြောင်း သူက မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြောပြခဲ့တာတွေ ရှိခဲ့တာပါ။ ဒါ့အပြင် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ တဘက်နဲ့ တဘက် အနိုင်ရရေးအဓိက ဦးတည်မယ်ဆိုရင် ယုံကြည်မှု ပျက်ပြားပြီး ဆွေးနွေးပွဲပျက် ပဋိပက္ခတွေ ပြန်ဖြစ်ဖူးတဲ့ တောင်အာဖရိကဆွေးနွေးပွဲပျက်ခဲ့တဲ့ ကာလကိုလည်း သူကရှင်းပြခဲ့ပါတယ်။အဲဒီခရီးစဉ်အတွင်း တဘက်စောင်းနင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဟာ မအောင်မြင်တတ်တဲ့အကြောင်းကိုလည်း တောင်အာဖရိက တာဝန်ရှိသူတွေက မျှဝေခဲ့ကြပါတယ်။

နိုင်ငံရေး သိပ္ပံပညာရှင် တဦးဖြစ်ပြီး ကမ္ဘာတလွှားက တိုင်းရင်း မျိုးနွယ်စု လူနည်းစုတွေနဲ့ ဖြစ်ပွားတဲ့ ပဋိပက္ခတွေကိုလေ့လာနေသူ ဒေါ်နယ်ဟိုရိုးဝစ်ဇ်ကတော့ ကျယ်ပြန့်လှတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်တွေကို ငြိမ်းချမ်းရေးအမြန်ရဖို့ပဲ ဦးစားပေးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ တပေါင်းတည်း ထားတာမျိုးဟာမဖြစ်သင့်ဘူးလို့ ဆိုပါတယ်။ အကောင်းဆုံးနဲ့ ခံနိုင်ရည်ရှိပြီး အင်အားစုအတော်များများ လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံကို အလျင်အမြတ် တက်သုတ်ရိုက် ရေးဆွဲနေတာမျိုးက မဖြစ်သင့်ဘူးလို့ မြန်မာကွာတာလီ မဂ္ဂဇင်းပါ သူ့ရဲ့ အယ်ဒီတာအာဘော်ကနေထောက်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လာမဲ့နှစ်ဆန်းပိုင်းမှာ ကျင်းပမဲ့ ၂၁ ပင်လုံ တတိယအကြိမ်မှာ ဖက်ဒရယ် အခြေခံမူတွေ အပြီးအပြတ်ချမှတ်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ အန်စီအေ အပစ်ရပ်စာချုပ်ချုပ်ဆိုမှု နှစ်နှစ်ပြည့် အခမ်းအနား မိန့်ခွန်းပြောဆိုရာမှာ ပြောဆိုထားပါတယ်။

ပြန်ချုပ်ကြည့်မယ်ဆိုရင်တော့ ၂၀၁၇ ခုနစ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှောင့်နှေးတယ်၊ မအောင်မြင်ဘူး၊ ခရီးရောက်သင့်သလောက် မရောက်ဘူး ဆိုတဲ့ အကဲဖြတ်ချက်မျိုးစုံနဲ့ အကဲဖြတ်ခြင်းခံရတဲ့ နှစ်တနှစ်လည်းဖြစ်ပါတယ်။

ပြည်ထောင်စု အင်စတီကျူ့က ဒေါက်တာစိုင်းဦးကတော့ အပစ်ရပ်အဖွဲ့တွေနဲ့ တည်ဆောက်နေတဲ့ ဖြစ်စဉ်မှာတင် အစိုးရက မဦးဆောင်နိုင်တဲ့ အတွက် အားနည်းမှုတွေဖြစ်ကုန်တယ်လို့ ထောက်ပြပါတယ်။

နိုင်ငံရေးဆွေးနွေးမှုက ဘာရလာဒ်တွေထွက်လာမလဲဆိုပြီး ပြည်သူတွေက မျှော်လင့်ခဲ့ကြပေမဲ့ အလွန်ရှုပ်ထွေးတဲ့ အခင်းအကျင်းတွေရှိနေကာ တဘက်နဲ့ တဘက် ယုံကြည်မှုတွေလည်းအားနည်းနေတယ်။ အစိုးရကို တော်တော်များများက မျှော်လင့်ခဲ့ကြပေမဲ့ လက်တွေ့အခြေအနေမှာ အစိုးရက ဦးဆောင်နိုင်မှု မရှိတဲ့အတွက် လက်နက်ကိုင် ပဋိပက္ခတွေက နိုင်ငံရေးမှာ လုပ်နေတဲ့ အခင်းအကျင်းတွေကို လွှမ်းမိုးကုန်ပြီး စစ်ရေးမှာပဲ အာရုံစိုက်လာတာတွေ တွေ့နေရတယ်လို့ ဒေါက်တာစိုင်းဦးက ပြောပါတယ်။

အပစ်ရပ်တဲ့အဖွဲ့တွေနဲ့တောင် အခုလို အဆင်မပြေမှုတွေ အများကြီးဖြစ်နေရင် အန်စီအေ အပစ်ရပ်စာချုပ်ထဲမှာ မပါဝင်သေးတဲ့ အဖွဲ့တွေနဲ့ ဆိုရင် ဆွေးနွေးမှု အောင်မြင်ဖို့ ဘယ်လောက်များ ကြာလိမ့်ဦးမလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

( ၂၀၁၇ ခုနစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မနက်ပိုင်း ဘီဘီစီ မြန်မာပိုင်း ရေဒီယိုကနေ ထုတ်လွှင့်ခဲ့တဲ့ ငြိမ်းချမ်းရေးနှစ် သုံးသပ်ချက် ( အပိုင်း-၁) ကို ပြန်လည်ဖော်ပြပေးထားတာပါ။ )