ချင်း မိရိုးဖလာမြေပိုင်ဆိုင်ခေတ် ကုန်သွားပြီလား

  • 8 မတ် 2018
ဓာတ်ပုံ မူပိုင် Phyo Lwin Aung
Image caption တောင်ယာခင်းထဲမှာတွေ့ရတဲ့ ချင်းအဘွားအိုတဦး

စိမ်းညို့ညို့တောင်တန်းကြီးတွေ ပတ်ပတ်လည် ဝိုင်းရံထားတဲ့ တောင်စောင်းချိုင့်ဝှမ်း စိုက်ခင်းတစ်နေရာမှာ အနွေးထည် ထူထူဝတ်ဆင်ထားတဲ့ အသက် ၇၀ ဝန်းကျင် ချင်းအဘိုးအို တစ်ဦးက ခရမ်းချဉ်သီးပင်တွေကို ရေ လောင်းနေပါတယ်။ သူ့ရဲ့ မလှမ်းမကမ်းမှာတော့ ချင်းအဘွားအိုကြီးကလည်း အပင်လေးတွေကြားက ပေါင်း ပင်တွေကို လိုက်လံသုတ်သင်ရင်း အလုပ်ရှုပ် နေရှာပါတယ်။

တောင်တန်းကြီးတွေ အပေါ်က ဖြာကျလာတဲ့ မနက်ခင်း နေရောင်ခြည်နုနုလေးနဲ့ အေးချမ်းသာယာတဲ့ ရာသီဥတု အရသာကို ကြည့်ရှု့ခံစားဖို့ထက် သူတို့ စိုက်ပျိုးထွန်ယက်နေတဲ့ ဟင်းသီး၊ ဟင်းရွက် သစ်သီးဝလံတွေ ဘေးအန္တရာယ်ကင်းပြီး ကြီးထွားသန်မာလာအောင် အာရုံစိုက်နေရပါတယ်။ အပင်တွေ အသီးများများသီးပြီး အဲဒီနောက် ဈေးကွက်ထဲမှာ ရောင်းချနိုင်ဖို့အတွက်ကိုပဲ ကြိုးစားနေရတယ်လို့ အသက် ၇၁ ရှိ ချင်းအဘိုးအို ဦးဖန်လိန်းက ဆိုပါတယ်။

အရင်က ဒီဒေသဟာ ဘိုးဘွားအစဉ်အဆက်က လုပ်ကိုင်လာခဲ့ကြတဲ့ ဓားမဦးချ ရိုးရာမြေတွေကို ဌာနေချင်း တိုင်းရင်းသားတွေက ရိုးရာဓလေ့ထုံးတမ်းအရ ကိုယ်ပိုင်နေရာ သတ်မှတ်ချက်တွေနဲ့ စိုက်ပျိုးလုပ်ကိုင် ပိုင်ဆိုင် လာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၂ လယ်ယာမြေ ဥပဒေမှာ ပါရှိတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကြောင့် အချင်း ချင်းနားလည်မှုနဲ့ ပိုင်ဆိုင်တယ်လို့ ခံယူထားကြတဲ့ ဓားမဦးချရိုးရာမြေတွေကို လက်လွှတ်ဆုံးရှုံးရမယ့် ကြီးမားတဲ့ မြေယာပြဿနာကို ရင်ဆိုင်နေရတယ်လို့ ဌာနေချင်းတိုင်းရင်းသားတွေက ပြောပါတယ်။

၂၀၁၂ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေပါ ပြဋ္ဌာန်းချက်အရ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာရှိတဲ့ သစ်တောကြိုးဝိုင်း မြေတွေနဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ စိုက်ပျိုးလယ်ယာမြေတွေမှအပ ကျန်မြေတွေဟာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဖြစ်ပြီးအစိုးရကနေ စီမံကိန်းတွေအတွက်အချိန်မရွေးလုပ်ကိုင်ခွင့်ချထားပေးနိုင်တဲ့ သဘောဖြစ်ပါတယ်။

ချင်းတိုင်းရင်းသား တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာဟရန်းကီးကတော့ ဘိုးဘွားအစဉ်အဆက် စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြ တဲ့ ဓားမဦးချရိုးရာမြေတွေကို အတင်းအဓမ္မ အသိမ်းခံနေရတာနဲ့ အတူတူပဲလို့ ခံစားရကြောင်း ပြောပါတယ်။

"ကျွန်တော်တို့ တောင်ပေါ်မြေမှာ မြေလွတ်၊ မြေလပ် မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ စိုက်ပျိုး ရေးက ရွှေ့ပြောင်း တောင်ယာဖြစ်တယ်ဆိုတော့ စိုက်ကွက်တစ်ခုကို ကိုးနှစ်၊ ဆယ်နှစ် ကြာမှ ပြန်စိုက်ကြတာ။ အဲ့ဒီမြေကိုလည်း မူလဓားမဦးချ လုပ်ကိုင်ခဲ့တဲ့သူကလွဲလို့ ဘယ်သူကမှ ဝင်မစိုက်ဘူး။ ဒါပေမယ့် ဒီမှာက ကျေး ရွာတစ်ခုနဲ့ တစ်ခုက ထိစပ်နေတော့ ပိုင်ရှင်ရှိပေမဲ့ အဲ့ဒီလိုမစိုက်ပျိုးပဲထားတဲ့ လယ်ယာမြေတွေကို တိရိစ္ဆာန်တွေရဲ့ စားကျက်မြေအဖြစ် အသုံးပြုကြတယ်။ အဲ့ဒီလိုပဲ အသက်မွေးဝမ်း ကျောင်း ဖြစ်နေတယ်ဆိုတော့ ကျွန်တော်တို့ဆီမှာရိုးရာဓလေ့ဘိုးဘွားပိုင်တောင်ယာမြေနဲ့စားကျက်မြေပဲရှိတယ်။ ကျွန်တော်တို့ဆီမှာ ဘိုးဘွားအစဉ် အဆက် အသိအမှတ်ပြုလက်ဆင့်ကမ်းလာတဲ့ ပိုင်ဆိုင်မှုအထောက်အထားတွေရှိပါတယ်" လို့ ဒေါက်တာ ဟရန်းကီး က ပြောပါတယ်။

ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း စတဲ့မြို့နယ်တွေက ဒေသခံတွေပိုင်ဆိုင်တဲ့ ရိုးရာဓလေ့လယ် ယာမြေတွေကို စစ်တပ်ကသိမ်းယူထားသလို ဟားခါးမြို့နယ်မှာတော့ မြို့ဧရိယာတိုးချဲ့ဖို့လျာထားတဲ့ ဟားခါး မြို့ပြစည်ပင်ဧရိယာ (၄၃.၉၀) စတုရန်းမိုင်အတွင်းမှာ ဟားခါးမြို့ဒေသခံ တောင်သူလယ်သမားတွေရဲ့ ဘိုးဘွားပိုင်လယ်ယာမြေတွေနဲ့မြို့အနီးဝန်းကျင် ဘွာလ်သတ်၊ လောက်လုံ စတဲ့ကျေးရွာတွေကတောင်သူပိုင်လယ်ယာမြေ တော်တော်များများကို မြေလွတ်၊ မြေရိုင်းအဖြစ်သတ်မှတ်သိမ်းယူခံခဲ့ရ တယ်လို့ တောင်သူတွေကဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Phyo Lwin Aung
Image caption ဦးဖန်လိန်းနဲ့ သူ့ရဲ့ အမျိုးသမီး

အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်က ဒေသခံတွေအတွက် တရားဝင်အသိအမှတ်ပြု ပေးထားတဲ့ စာချုပ်တွေ ရှိပါတယ်။ ဒါတွေကို လက်ရှိ အစိုးရဆီမှာ တင်ပြပေမယ့် အကျူံးမဝင်ဘူးဆိုပြီး ဖျက်ဆီးလိုက်တာတွေလည်းရှိတယ်လို့ ဒေါက်တာ ဟရန်းကီးက ပြောပါတယ်။

ချင်းပြည်နယ်မှာ လယ်၊ ယာ၊ ကိုင်း ကျွန်း၊ ဥယျာဉ်၊ တောင်ယာ အသားတင် စိုက်ပျိုးမြေ ဧကပေါင်း (၁၈၀,၂၆၈) ဧက ရှိပါတယ်လို့ဆိုပါတယ်။ အဲ့ဒီအထဲမှာ တရားဝင် မှတ်ပုံတင် ပုံစံ(၇) ထုတ်ပေးထားတဲ့ လယ်၊ ယာဧကပေါင်း (၄၉,ဝ၃၈) ဧက ရှိပြီး မိရိုးဖလာ ဘိုးဘွားအစဉ်အဆက်က လုပ်ကိုင်စိုက်ပျိုးလာခဲ့ကြတဲ့ ရိုးရာတောင်ယာမြေ ဧကပေါင်း (၁၃၁,၇၉၅) အထိရှိတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောသတ္တု ဝန်းကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

လက်ရှိ ၂၀၁၂ လယ်ယာမြေ ဥပဒေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ ကျော် ဗြိတိသျှကိုလိုနီခေတ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ၁၈၈၉ (Upper Burma Land and Revenue Regulation) (Upper Burma) အထက်မြန်မာပြည်မြေနဲ့ အခွန်ဥပဒေကို မှီငြမ်းပြုစုထားတာဖြစ်ပြီး အဲ့ဒီဥပဒေပါ ပြဌာန်းချက်တွေက အထက်မြန်မာပြည်နဲ့သာဆိုင်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်တောသတ္တုဝန်ကြီး ဦးမန်ဟင်းလ်ဒါးက ပြောပါတယ်။

အင်္ဂလိပ်အစိုးရက ၁၈၈၉ ခုနှစ်မှာ အထက်မြန်မာပြည်ကို သိမ်းပိုက်ခဲ့ပေမဲ့ ချင်းပြည်နယ်ကိုတော့ ၁၈၉၄ ပတ်ဝန်းကျင်မှသာ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ၁၈၉၆ ခုနှစ် သြဂုတ်လမှာ Chin Hill Regulation Act ဥပဒေကို ပြဌာန်းခဲ့ကာ နဂိုရှိခဲ့တဲ့ အစဉ်အလာအရ အုပ်ချုပ်မှုစနစ်ကို ဆက်ရှိစေခဲ့ကာ တောင်တန်းဒေသ တိုင်းရင်းသားတွေရဲ့ မိရိုးဖလာအစဉ်အလာ မြေယာပိုင်ဆိုင်မှုကို အသိအမှတ်ပြု သီးခြားအုပ်ချုပ်ခဲ့တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

"ကျွန်တော်တို့ ချင်းပြည်နယ်မှာ Chin Hill Regulation Act ကို ၁၈၉၃-၁၈၉၄ ပတ်ဝန်းကျင်လောက်ကနေ လွတ်လပ်ရေး မရခင်အထိ ကျင့်သုံးလာတာ ဖြစ်ပါတယ်။ အဲ့ဒီဥပဒေမှာဆိုရင် ချင်းပြည်နယ်မှာ ရှိနေတဲ့ စော်ဘွား ( နယ်ရှင် ) တွေကို လုပ်ပိုင်ခွင့်ပေးပြီးတော့ ရိုးရာဓလေ့ထုံး တမ်းတွေကို အသိအမှတ်ပြု အုပ်ချုပ်တဲ့ သဘောမျိုး ဖြစ် ပါတယ်။ ဒီ ၂၀၁၂ မြေယာဥပဒေကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ မိရိုးဖလာ မြေယာပိုင်ဆိုင်ခွင့်နဲ့ ပတ်သတ်ပြီး တိုက်ရိုက်အချိုးမကျဘူးဆိုတာ တွေ့ရတယ်။ " လိုဦးမန်ဟင်းလ်ဒါးက ပြောပါတယ်။

၁၈၈၉ အထက်မြန်မာပြည် မြေနဲ့အခွန် ဥပဒေထဲမှာတော့ ဘိုးဘွားမြေပိုင်ဆိုင်မှုကို ၁၂ နှစ်အတွင်း နှစ်စဉ် လုပ်ကိုင်ခဲ့ပြီး နှစ်စဉ်မြေခွန်ဆောင်ထားကြောင်း အထောက်အထားတွေ ပြသနိုင်ရမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီကာလအတွင်းမှာ အခွန်ကို တိုက်သူကြီး နယ်ရှင် တွေဆီမှာသာ ရိုးရာဓလေ့အရ ဆောင်ခဲ့ရတာဖြစ်တဲ့အတွက် အထောက်အထား စာရွက်စာတမ်းပြသဖို့ခက်တယ်လို့ ဆိုပါတယ်။

"စော်ဘွား ( တိုက်သူကြီး ) တွေဆီမှာ ကျွန်တော်တို့က တောင်ယာတစ်ကွက်ခုတ်ရင် ဆန်တစ်တင်း လိုဟာမျိုး၊ ဆန်တစ်ပုံးလိုဟာမျိုး နှစ်စဉ်ဆောင်ပြီးတော့ ဆက်သရတယ်။ ဒါကို မိရိုးဖလာအခွန်ဆောင်တဲ့နည်းလို့ ကျွန်တော်က ယူဆပါတယ်။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်းတောင်ယာနဲ့ ထင်းခုတ်ကွက်စနစ်နဲ့ ပိုင်ဆိုင်ထားတဲ့ မြေကို အကုန်လုံး သိမ်းကျုံးပြီးတော့ မြေလွတ်၊ မြေရိုင်းဆိုပြီး အစိုးရက သိမ်းမယ်ဆိုရင် ပြည်သူတွေ အတွက်က တော်တော်လေးကို နစ်နာမှု ရှိလာမယ်လို့ ယူဆပါတယ်။" လို့ ဦးမန်ဟင်းလ်ဒါးက ပြောပါတယ်။

၁၉၄၅ ခန့်က ချင်းဒေသနယ်ပိုင်တွေထံကနေ မြေဧက ၁၉၀ ကျော်ကို အင်္ဂလိပ်ခေတ်စာချုပ်စာတမ်းမူရင်းနဲ့ ဝယ်ယူကာ ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလုပ်ကိုင်ခဲ့ပေမဲ့ ၁၉၉၂ မှာတော့ စစ်တပ်က ပန်းသီးနဲ့ ကော်ဖီ စမ်းသပ်စိုက်ပျိုးရေး အကြောင်းပြချက်နဲ့ အဓမ္မအသိမ်းခံခဲ့ရတယ်လို့ ဟားခါးမြို့နယ်က မြေသိမ်းခံတောင်သူ ဦးဒေါ့်ကျုံးက ပြောပါတယ်။

"ဗျူဟာမှူးတယောက်ကပြောဖူးတယ်၊ ချင်းပြည်နယ်မှာ ဘိုးဘွားပိုင် မရှိဘူး။ ဒီနေရာတွေ အကုန်လုံး နိုင်ငံတော်က ပိုင်တယ်။ နောက်တစ်ခါလာပြောရင် အချုပ်ထဲ ထည့်မယ်ဆိုပြီး မောင်းထုတ်လွှတ်လိုက်တယ်။ ဦးသိန်းစိန် လက်ထက်က လည်း ကျွန်တော် ခဏခဏ စာတင်တယ်။ အခုလက်ရှိ NLD အစိုးရကလည်း ချင်းပြည်နယ်မှာ ဘိုးဘွားပိုင်မြေ မရှိဘူးတဲ့ အဲ့ဒါ လုံးဝမမှန်ဘူး။ အစိုးရအတွက် လိုအပ်တယ်ဆို လှူလိုက်မယ်။ အခုက ကျွန်တော့်မြေကို စီးပွားဖြစ် ရောင်းစားနေကြတာ" လို့သူက ဆိုပါတယ်။

၂၀၁၂ လယ်ယာမြေ ဥပဒေနှင့် လက်ရှိ ပြင်ဆင်နေတဲ့ ၂၀၁၇ မြေသိမ်း ဥပဒေမူကြမ်းဟာ တစ်ဦးချင်း လယ် ယာမြေ လုပ်ပိုင်ခွင့်ကိုသာ ပြဌာန်းထားပြီး တိုင်းရင်းသားဒေသများ အပါအဝင် လက်တွေ့မြေပြင်မှာ ကျင့်သုံး နေတဲ့ မြေယာပိုင်ဆိုင် အသုံးပြုမှုစနစ်နဲ့ ကိုက်ညီမှု မရှိပါဘူး။ တိုင်းရင်းသား လူမျိုးတွေရဲ့ လူမှုရေးတရား မျှတမှု ရှုထောင့်ကလည်း ထည့်သွင်းရေးဆွဲထားခြင်း မရှိပဲ ဈေးကွက် အကျိုးစီးပွားအတွက်သာ အလေးပေးရေးဆွဲထားတာဖြစ်တယ်လို့ တိုင်းရင်းသားရိုးရာမြေ စီမံခန့်ခွဲရေး ဥပဒေပေါ်ပေါက်လာရေး လှုပ်ရှားနေသူတွေ က ဝေဖန်ထောက်ပြနေကြပါတယ်။

"ကျွန်တော်တို့ ချင်းပြည်နယ်မှာက သယံဇာတလည်း မရှိဘူး။ သစ်တောထွက် ပစ္စည်းလည်း မရှိဘူး။ စီးပွား ရေးလုပ်ကွက်လည်း မရှိဘူးဆိုတော့ တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ အပိုဝင်ငွေ လုံးဝမရှိဘူး။ ချင်းပြည်နယ်မှာ မြေ ကွက်ပဲရှိတော့ သူတို့က စည်ပင်နယ်မြေအတွင်း မဟုတ်လည်း တိုးချဲ့ပြီးအကွက်ရိုက် ရောင်းစားနေတာ။ အဲ့ဒီ တော့ ချင်းပြည်နယ်မှာ မြေပြဿနာက အကြီးဆုံးဖြစ်နေတာပေါ့နော်။ " လို့ ဒေါက်တာဟရန်းကီးက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Phyo Lwin Aung
Image caption ခရမ်းချဉ်သီးပင်တွေကို ရေလောင်းနေစဉ်

ချင်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောသတ္တုဝန်ကြီး ဦးမန်ဟင်းလ်ဒါး ကတော့ လက်ရှိချင်းပြည်နယ်မှာ ရွှေ့ပြောင်းတောင်ယာစနစ်ကို တဖြည်းဖြည်းလျှော့ချပြီး တရားဝင် လယ်ယာမြေတွေ အဖြစ် မှတ်ပုံတင်နိုင်ဖို့အတွက် နှစ်ရှည်သီးနှံ ထောပတ်သီး၊ စပျစ်သီး၊ ကော်ဖီ၊ ဝဥ၊ လက်ဖက်စတဲ့ နှစ်ရှည်ဥယျာဉ်ခြံမြေတွေကို တိုးချဲ့လုပ်ကိုင်လာနိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

အဲဒီလို နှစ်ရှည်သီးနှံ ပြောင်းလဲစိုက်ပျိုးရာမှာ ဝင်ငွေပြန်လည် ရရှိလာဖို့အတွက် သုံး၊ လေးနှစ်ခန့် အချိန်ယူရ တာကြောင့် တောင်သူတွေအတွက် နှစ်တို၊ နှစ်လတ် ချေးငွေတွေ အစိုးရကထောက်ပံ့ပေးဖို့ လိုအပ်နေတယ်လို့ ဦးမန်းဟင်းလ်ဒါးက ဆိုပါတယ်။

"တောင်ယာခုတ်တာက တစ်နှစ်အတွက် ဝမ်းစာဖူလုံရုံ ဖြစ်ပါတယ်။ တောလည်းပျက်တယ် လုပ်အားလည်း အများကြီးပေးရတယ် နောက်ရလာတဲ့ အမြတ်က ရသင့်သလောက် မရဘူးပေါ့နော်။ အဲ့တော့ နှစ်ရှည် သွားတဲ့အခါကျတော့ သုံး၊ လေးနှစ် အချိန်ယူရတာဆိုတော့ အဲ့ဒီကြားထဲမှာ သူတို့ စားဖို့သောက်ဖို့ကို နှစ်တို၊ နှစ်လတ် ချေးငွေလိုဟာမျိုး ထောက်ပံ့ပေးနိုင်မယ်ဆိုရင်တော့ ရွှေ့ပြောင်း တောင်ယာကို မလုပ်ကြဖို့ စည်းရုံးနိုင်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် တောင်ယာ မခုတ်နိုင်တဲ့အချိန်မှာ ဒါကို မြေလွတ်၊ မြေရိုင်းလို့ သိမ်းကျုံးပြီး ခေါ်ဖို့မသင့်ဘူး လို့ ပြောချင်တယ်" ဦးမန်းဟင်းလ်ဒါး ပြေပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ဓားမဦးချ ရိုးရာမြေတွေကို တစ်နှစ်စိုက်ပျိုးပြီးပါက အဲဒီမြေတွေကို မြေဆီပြည်လည် ပြည့်ဝလာစေဖို့အတွက် တခြားမြေနေရာတွေမှာ ပြောင်းလဲထွန်ယက် စိုက်ပျိုးလုပ်ကိုင် နေကြတာဖြစ်တဲ့အပြင် ပြည်မဒေသတွေက လယ်ယာမြေတွေလို တရားဝင် မှတ်ပုံတင် ပြုလုပ်ထားတာ မရှိသေးပါဘူး။ ၂၀၁၂ လယ်ယာမြေဥပဒေကို ပြုပြင်မယ်ဆိုပါက မြေပြင်အခြေအနေတွေကို ထည့်သွင်းစဉ်းစားစေလို တယ်လို့ ဦးမန်းဟင်းလ်ဒါးက ပြောပါတယ်။

"အင်္ဂလိပ်အစိုးရချင်းပြည် အုပ်ချုပ်တုန်းကတောင်မှ ချင်းပြည်နယ် ဘိုးဘွားတွေရဲ့ မြေပိုင်ဆိုင်မှု၊ ချင်း လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေကို အသိအမှတ်ပြုပေးတယ်။ အခုတိုင်းရင်းသား ညီကိုသားချင်းဖြစ်တဲ့ မြန်မာနိုင်ငံကို ထူထောင်တဲ့ မြန်မာအစိုးရကနေပြီးတော့ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း စဉ်လာတွေကို လေးစားပေးသင့်တယ်လို့ ကျွန်တော်က ယူဆပါတယ်" ဟားခါးမြို့က မြေသိမ်းခံရတဲ့ တောင်သူ ဦးရွန်ပဲန်း က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Phyo Lwin Aung
Image caption ယာခင်းရဲ့ တနေရာမှာတွေ့ရတဲ့ တောင်သူတဦး

ဆက်စပ် အကြောင်းအရာများ