ရှမ်းသင်္ကြန်နဲ့ မြန်မာသင်္ကြန် ဘာကွာသလဲ

  • 7 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Khin Mg Win
Image caption ရှမ်းသင်္ကြန်

အခုဆိုရင် သင်္ကြန်ကာလနီးလာတဲ့အတွက် အားလုံးက ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။ ရေပက်ဖျန်းတဲ့ ကစားနည်းကို မြန်မာနိုင်ငံနည်းတူ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ကျင်းပကြတာ အားလုံး သတိထားမိကြမှာပါ။

မြန်မာပြည်မှာ သင်္ကြန်ကို ရိုးရာဓလေ့နဲ့ ဆင်နွှဲတဲ့ တိုင်းရင်းသား သင်္ကြန်ပွဲတော်တွေလည်း ရှိနေတာ သတိထားမိကြလိမ့်မယ်ထင်ပါတယ်။

သင်္ကြန်ဟာ မူလက သက္ကတဘာသာ ကနေလာတဲ့ စကားလုံးဖြစ်ပါတယ် ။ရေးတော့ " သင်္ကြာန္တိ "လို့ ရေးပါတယ် ။ အဲဒီကနေမှ " သင်္ကြန်"ဆိုပြီး ပြောင်းရေးလာတာပါ ။

အသံထွက်တော့ "သင်းဂျန်/ သှဂျန်"လို့ ထွက်ရပါတယ် ။

နှစ်ဆန်း တစ်ရက်နေ့မှ မောင်တောမှာ စတင် ရေကစား

နာမ်စကားလုံး ဖြစ်ပါတယ် ။

အဓိပ္ပာယ်ကတော့ -

၁။" နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းတဲ့ ကာလ။"

၂။" ရေပက်ဖြန်းတဲ့ နှစ်သစ်ကူးပွဲတော်။ "

လို့ အဓိပ္ပာယ်ရပါတယ် ။

( မြန်မာအဘိဓာန်/မြန်မာစာအဖွဲ့ ဦးစီးဌာန/၂၀၀၈/၃၈၁။ )

တကယ်တော့ မြန်မာ သင်္ကြန်နဲ့ ရှမ်းသင်္ကြန်ကို ယှဉ်ကြည့်ရင် ရေပက်တဲ့ အလေ့အထတော့ တူပြီး တချို့အလေ့အထတွေမှာတော့ ကွဲပြားတာ တွေ့ရပါတယ်။

မူလက ဟိန္ဒူ ဗြဟ္မဏတွေရဲ့ ယုံကြည်ကိုးကွယ်မှု ဓလေ့ထုံးစံဖြစ်ပြီး ဒီဓလေ့ဟာ အရှေ့တောင်အာရှမှာရှိတဲ့ နိုင်ငံတွေဆီကို ပျံ့နှံ့ခေတ်စားလာခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်
ဓာတ်ပုံ မူပိုင် Aik Lao Seng
Image caption တရုတ်ပြည် မိုင်းခွန် မန်ရှီမှာ ကျင်းပတဲ့ ရှမ်းသင်္ကြန်ပွဲတော်မြင်ကွင်း

ပုဂံခေတ်မှာ ရေပက်ဖြန်းကစားတဲ့မင်းအဖြစ် "နရသီဟပတေ့မင်း"ကို မြန်မာရာဇဝင်တွေမှာ တွေ့နိုင်ပါတယ် ။

ရှမ်းတွေဆီမှာတော့ သင်္ကြန်ကို ဘယ်ကာလကတည်းက လုပ်နေပြီဆိုတာ အတိအကျ မတွေ့ရသေးပေမယ့် မဟာယာနဗုဒ္ဓဘာသာမဝင်လာခင်နဲ့ ဝင်လာချိန်မှာ သင်္ကြန်ဓလေ့ ပါလာဟန်တူပါတယ် ။

နောက်ပိုင်း ရှမ်းသင်္ကြန်ကျင်းပမှုတွေဟာ ဘာသာရေး ဓလေ့ထုံးတမ်းကို အသားပေးမှုများလာတယ်လို့ ရှမ်းဘာသာနဲ့ ထုတ်ဝေတဲ့ သျှန်ပိုင်းဂျာနယ်က တာဝန်ခံ အယ်ဒီတာ စိုင်းဇင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Aik Lao Seng
Image caption သံဃာတွေ ပရိတ်ရွတ်ဆုတောင်းဖို့ ပြင်နေတာပါ

ရှမ်းတွေ ထေရဝါဒဗုဒ္ဓဘာသာဖြစ်လာချိန်မှာ သင်္ကြန်ကလည်း ဗုဒ္ဓတရားတော်နဲ့အညီ လိုက်ပါပြောင်းလဲ လာဟန်လည်း ရှိပါတယ် ။သေချာတာကတော့ ရှမ်းတွေလုပ်တဲ့ သင်္ကြန်နဲ့ မြန်မာပြည်မဘက်ကလုပ်တဲ့ သင်္ကြန်ဟာ နေ့သာတူပြီး ကျင်းပပုံကအစ လုံးဝကွဲပြားတယ်လို့ ရှမ်းစာရေးဆရာဖြစ်တဲ့ ဆေခမ်းဖ ( မန္တလေးတက္ကသိုလ် ) က ပြောပါတယ်။

ရှမ်းသင်္ကြန်ရဲ့ ထူးခြားချက်က ရေပက်ခံသူရော ရေလောင်းသူ အားလုံးနီးပါးဟာ ရိုးရာဝတ်စုံတွေနဲ့ ဝတ်ဆင် ပက်ဖျန်းကြရတာပဲဖြစ်ပါတယ်။

နောက်ပိုင်းနှစ်တွေအတွင်း နာမည်ကျော်လာခဲ့တဲ့ တရုတ်ပြည်က ရှမ်းဒေသတွေမှာ ပြုလုပ်တဲ့ ဆန်းကမ်းခေါ် ရှမ်းသင်္ကြန်ဟာ အဲဒီ ဓလေ့ကို အပြည့်အ၀ ထိန်းသိမ်းတဲ့ သင်္ကြန်အဖြစ် နာမည်ကျော်တဲ့ သင်္ကြန်ပွဲတော်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Aik Lao Seng
Image caption မြန်မာပြည် နမ့်ခမ်းကနေ တရုတ်ဘက်ကို ရေသွားကစားတဲ့ လူငယ်တွေ

မြန်မာသင်္ကြန်ဟာ ဝါမထပ်ရင်(၄)ရက် ဝါထပ်ရင်(၅)ရက်လုပ်ပေမယ့် ရှမ်းသင်္ကြန်ကတော့ အမြဲလိုလို (၁၀)ရက်တိတိ လုပ်ပါတယ် ။

မြန်မာသင်္ကြန်ဟာ အကြိုနေ့ကစပြီး ရေပက်ပေမယ့် ရှမ်းသင်္ကြန်ကတော့ အကြိုနေ့မှာ ရေမပက်ပါဘူး ။

မြန်မာသင်္ကြန်မှာ ပန်းခူးထွက်တဲ့ ဓလေ့မရှိပေမယ့် ရှမ်းသင်္ကြန်မှာတော့ အကြိုနေ့ နံနက်စောစောထပြီး နေထွက်ရာဘက်ဆီက တောထဲမှာ အပျို/လူပျိုအစထားပြီး ပန်းခူးထွက်ရတဲ့ ဓလေ့ရှိပါတယ် ။

မြန်မာသင်္ကြန်မှာ အထိမ်းအမှတ်ပန်းဟာ ပိတောက်ဖြစ်ပြီး ရှမ်းသင်္ကြန်မှာ အထိမ်းအမှတ်ပန်းဟာ "မောက်ကိုဆွဲ့"လို့ခေါ်တဲ့ ပန်းဖြစ်ပါတယ် ။

ဓာတ်ပုံ မူပိုင် Aik Lao Seng
Image caption သင်္ကြန်အတွက် မောက်ကို့ဆွဲ ဘုရားပန်းပန်းခူးထွက်တဲ့ သူတွေကို တွေ့ရစဉ်

မြန်မာသင်္ကြန်မှာ အကျနေ့ သိကြားမင်းဆင်းတယ်လို့ ယူဆပြောဆိုနေပေမယ့် ရှမ်းသင်္ကြန်မှာတော့ အကျနေ့မှာ ဘုရားရှင်ဆင်းပါတယ် ။ အကျနေ့မှာ ဘုရားရှင်ကို စံကျောင်းတော်ကနေ "ကုန်းဆွမ်း"လို့ခေါ်တဲ့ ယာယီစံကျောင်းဆီ ပင့်ဆောင်ပြီး ရေပူဇော်တာပါ ။

မြန်မာသင်္ကြန်မှာ သင်္ကြန်ကြိုတဲ့ဓလေ့ မတွေ့ရတော့ပေမယ့် ရှမ်းသင်္ကြန်မှာတော့ သင်္ကြန်ကျချိန်ရောက်တာနဲ့ မင်္ဂလာမောင်းထုခြင်း မင်္ဂလာစည်တီးခြင်းဖြင့် သင်္ကြန်ကို ကြိုဆိုပါတယ် ။

မြန်မာသင်္ကြန်မှာ ဘုရားရှင်ကို ရေခွက်နဲ့ ဦးခေါင်းထိပ်ကနေ လောင်းခြင်း ပက်ခြင်းပြုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
aa

ရှမ်းသင်္ကြန်မှာတော့လို့ခေါ်တဲ့ သစ်သား /ဝါးတို့နဲ့ ပြုလုပ်ထားတဲ့ နယား(သို့)နဂါးပုံ ရေဇလားကို ဦးစွာပြုလုပ်ပါတယ် ။ ပြီးတော့ ရေအားနဲ့ လည်ပတ်ပြီး ဘုရားရှင်ကို ရေဖျန်းပူဇော်မယ့် " နမ့်ပန်ကုန်း"လို့ခေါ်တဲ့ ရိုးရာရေဖြန်းကိရိယာကို ဆင်ပါတယ် ။

ပြီးတော့မှ ဒီကိရိယာဘေး(သို့)အောက်မှာ ဘုရားရှင်ကို ပင့်ဆောင်ပါတယ် ။

ရေဇလားကနေ ရေသွန်းလောင်းသပ္ပာယ် လိုက်တဲ့အခါ ရေဖြန်းကိရိယာဟာ ရေအားနဲ့လည်ပတ်သွားပြီး ကိရိယာထဲကနေ ရေတွေဟာ ဘုရားရှင်ကို သွန်းဖျန်းပေးပါတယ် ။

သင်္ကြန်မှာ ရေပက်တာအပြင် နှစ်ဆန်းတရက်မှာ သဲပုံစေတီတည်တာ ၊ ဘုရားဆင်းတုတွေကို ရေသပ္ပာယ်တာတွေ လုပ်တော့ တခြား လူမျိုးတွေရဲ့ သင်္ကြန်နဲ့ မတူတဲ့ အလေ့အထလည်းရှိတယ်။ အဲဒါကတော့ ရေဒလက်တွေနဲ့ ဝါးရေသယောက်တွေကို တပ်ဆင်ပြီး ဒလက်တွေကို လည်စေကာ ဘုရားဆင်းတုတော်တွေကို ရေသပ္ပာယ်တဲ့ ရှမ်းသင်္ကြန်ရဲ့ ထူးခြားတဲ့ ဓလေ့ပဲ ဖြစ်တယ်လို့ စိုင်းဇင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီနေ့မှာပဲ ရှမ်းတွေဟာ လူကြီးသူမအားလုံးကို ဘုန်းကြီးကျောင်းမှာပင့်ပြီး ကန်တော့လက်ဆေးရေသွန်းဖျန်းကန်တော့တဲ့ ဓလေ့ရှိပါတယ် ။

Image caption ရန်ကုန်မှာလုပ်တဲ့ ပထမအကြိမ် ရှမ်းရိုးရာ သင်္ကြန်ပွဲတော်မြင်ကွင်း
Image caption ရန်ကုန်ရှမ်းသင်္ကြန်ပွဲတော်မှာတွေ့ရတဲ့ ရှမ်းလှပျိုမေတဦး

သင်္ကြန်ဆယ်ရက်မှာ ရှမ်းတွေက အကြိုနေ့ ရေမပက်ပါဘူး ။

အကျ အကြတ် အတက် ၃ ရက်မှာ ရှမ်းတွေက ရေစပက်လေ့ရှိပေမယ့်

သိပ်မပက်သေးပါဘူး ။ တကယ်ပက်တာက ကျန်တဲ့ ၄ ရက်ပါ ။

အဲဒီ၄ရက်ဟာ ရှမ်းတွေအတွက် ရွာစဉ် မြို့စဉ်လှည့်ပြီး မိမိတို့ဒေသက ဝါတော်အကြီးဆုံး ဆရာတော်ရဲ့ ကျောင်းကစလို့ ဝါတော်အငယ်ဆုံး ဆရာတော်ကျောင်း ရောက်သည်အထိ တရက်တရွာနှုန်းနဲ့ ရက်သတ်မှတ် ကန်တော့ကြပါတယ်။

အဲဒါကို "ပွိုင်းခုပ်ဝိုင့်ကန်တော့စဝ်မွန်း" ဘုန်းကြီးကန်တော့ပွဲလို့ ခေါ်ပါတယ် ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
than gyat

နိုင်ငံတဝန်း သင်္ကြန်ပွဲ စတင်ဆင်နွှဲ

အဲဒီပွဲဟာ ဘုန်းကြီးကန်တော့ပွဲဖြစ်သလို မိမိတို့ရဲ့ ဆွေမျိုး မိတ်သင်္ဂဟများနဲ့လည်း တွေ့ဆုံတဲ့ ပွဲပါ။ ရွာအများစုလာတဲ့အခါ အိမ်ရှင်ရွာကနေ ထမင်း မုန့်များနဲ့ ဧည့်ခံရပါတယ် ။

ရှမ်းရိုးရာသင်္ကြန်မုန့်တွေကတော့ မုန့်ဖက်ထုပ် / ဌာပနာမုန့်ဖက်ထုပ်/ထိုးမုန့်နဲ့ မုန့်လက်ဆောင်း/ ဆန်ချိုအေးတို့ပဲ ဖြစ်ပါတယ် ။အဲဒီမုန့်များထဲက ကတော့ချွန်လို/သုံးမြှောင့်ချွန်လို လုပ်ထားတဲ့မုန့်ကို ကလေးများအတွက် သီးသန့်ကျွေးပါတယ် ။

ကလေးတွေဟာ အနာဂတ်မှာ ထူးချွန်ထက်မြက်တဲ့သူများ ဖြစ်လာလိမ့်မယ်ဆိုတဲ့ အယူအဆနဲ့ ကျွေးတာပါ။ ဧည့်သည်တွေအလာမှာ ရေမပက်ပါဘူး ။

ဘုန်းကြီးကန်တော့လည်းအပြီး ဆွေမျိုးမိတ်သင်္ဂဟများနဲ့လည်း တွေ့ဆုံဂါရဝပြုအပြီး ကိုယ့်ရွာသူ့ရွာအပြန်မှာမှ ရေပက်ပါတော့တယ်။

ရေပက်တဲ့အခါမှာလည်း ဧည့်သည်နဲ့ အိမ်ရှင်ရွာက လူတွေဟာ လက်တန်း လင်္ကာကဗျာများ အပြန်အလှန်ရွတ်ဆိုခြင်း အပျိုလူပျိုအချင်းချင်း လင်္ကာဖြင့် စကားထာများဝှက်ခြင်းတွေ အပြန်အလှန်ပြုလုပ်ပြီးမှ တပျော်တပါး ရေပက်ဖျန်း ဆော့ကစားကြတာ ဖြစ်ပါတယ် ။

Image caption ရိုးရာဝတ်စုံတွေနဲ့ ရေပက်ကြတယ်

ဘုန်းကြီးကန်တော့ပွဲအားလုံးပြီးသွားရင် သူ့ရွာကိုယ့်ရွာ သူ့မြို့ကိုယ့်မြို့မှာ ရွာနာမ်တည်ရာကစပြီး အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်တဲ့ အစဉ်အလာရှိပါတယ်။

ပြီးတဲ့အခါမှာတော့ ကိုယ့်ရွာက ကိုယ့်မြို့ကဆရာတော်ကို သီးသန့် ထပ်ကန်တော့တဲ့ အခမ်းအနားရှိပါတယ် ။

ချင်းတွင်းမြစ်ကမ်းပေါ်မှာ လုပ်မယ့် ထူးခြားတဲ့ သင်္ကြန်

စီးပွားဖြစ် သင်္ကြန် မဏ္ဍပ်ကြီးတွေ ပြန်လည်ခွင့်ပြု

ဒါတွေပြီးမှပဲ ရှမ်းတွေအတွက် သင်္ကြန်ပြီးတယ်လို့ ခေါ်နိုင်ပါတယ် ။

မြန်မာလို သင်္ကြန်လို့ခေါ်တဲ့

ရှမ်းအခေါ် - ဆန်းကျဲန်

- ဆဲန်းကျန်

- ပွိုင်းဆွမ်းနမ့်

- ဆွန်ခရမ်

ပွဲတော်ကို ရှမ်းဒေသအသီးသီးဖြစ်တဲ့ - မြန်မာနိုင်ငံအတွင်းက ရှမ်းတွေ နေထိုင်ရာ ဒေသတွေတရုတ်ပြည်နိုင်ငံ ယူနန်ပြည်နယ် -မိုင်းမောဒေသများ ( ယခုခေတ်အခေါ် တယ်ဟုန် ၊ ရင်းကျန်း ၊ မုန်းဝန်း စတဲ့ ရှမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသတွေနဲ့ ဆစ်ဆောင်ပဏ္ဏား ဒေသ ) ရှမ်းအနွယ်တွေနေထိုင်တဲ့ အိန္ဒိယနိုင်ငံ ထိုင်းနိုင်ငံ လာအိုနိုင်ငံ ကမ္ဘောဒီးယားနိုင်ငံတို့မှာ ကျင်းပလေ့ရှိပါတယ်။

ကိုးကား- ရှမ်းသင်္ကြန် ( ဆေခမ်းဖှ- မန္တလေး တက္ကသိုလ်)

ဓာတ်ပုံ မူပိုင် Aik Lao Seng
Image caption ရိုးရာ သင်္ကြန်ပွဲတော်မြင်ကွင်း

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ