သမ္မတရဲ့ မဟာဒေဝီ ထူထောင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့

  • 24 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Mai-A-Naing
Image caption ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဌာနချုပ်မှာ ကျင်းပတဲ့ ရှမ်းပြည်တပ်မတော် ထူထောင်ခြင်း ၅၄ နှစ်ပြည့် အခမ်းအနားမြင်ကွင်း

ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်အကြာ ၁၉၆၄ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ ရှမ်းပြည်တပ်မတော်ဟာ ဧပြီလ ၂၄ ရက်နေ့ ဆိုရင် တပ်ဖွဲ့ထူထောင်မှု သက်တမ်းအရ ၅၄ နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

ပါလီမန် အစိုးရလက်ထက်မှာ စခဲ့တဲ့ ရှမ်းပြည်စစ်အုပ်ချုပ်ရေး၊ ပင်လုံကတိကဝတ် သွေဖည်မှုတွေနဲ့အတူ ရှမ်းလက်နက်ကိုင် လှုပ်ရှားမှုတွေက ၁၉၅၈ ခုနှစ်လောက်မှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးအစောပိုင်း ကာလကို ပြန်ကြည့်ရင် ၁၉၄၉ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တောင်ပိုင်း က ကူမင်တန်တပ်ဖွဲ့တွေဟာ တရုတ်ကွန်မြူနစ်ပါတီ လက်အောက်ခံတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု ကို မခံနိုင်တော့တဲ့ အတွက် တရုတ်-မြန်မာနယ်နိမိတ်ကို ဖြတ်ကျော်ပြီး ရှမ်းပြည်နယ်ထဲကို ကျူးကျော် ဝင်ရောက်လာခဲ့ပါတယ်။ အဓိက အားဖြင့် ယူနန်ပြည်နယ်နဲ့ ဆက်စပ်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွေနဲ့ ကိုးကန့် ဒေသတို့မှာ ကူမင်တန်ဝင်ရောက်ခဲ့တဲ့ ဒေသတွေဖြစ်ပါတယ်။

ဗိုလ်ချုပ် လိမိ ခေါင်းဆောင်တဲ့ ကူမင်တန်တပ်ဖွဲ့တွေဟာ ကျိုင်းတုံနယ်ကို သိမ်းပြီး ရှမ်းတောင်တန်းတွေမှာ စခန်းခိုလှုံနေကြပါတယ်။

ကူမင်တန်တပ်ဖွဲ့တွေဟာ နယ်စပ်ဒေသ တိုင်းရင်းသားတွေကို တပ်သား သစ်အဖြစ် အတင်းအကျပ် အင်အားစုဆောင်းတာကြောင့် ၁၉၅ဝ နှစ်အစောပိုင်းမှာ တပ်သားအင်အား ၁၇ဝဝ သာရှိရာက ၁၉၅၁ ဧပြီမှာ တပ်သားအင်အား ၄ဝဝဝ အထိများလာခဲ့တာပါ။

ရှမ်းစော်ဘွား တွေဘက်မှာလည်းကူမင် တန် ကို တိုက်ထုတ်ဖို့ တူတူတန်တန် အင်အားမရှိပါဘူး။

မဖိတ်ခေါ်ဘဲရောက်လာတဲ့ ရှမ်းပြည်ကို ကျူးကျော်သူေတွကို နှင်ထုတ်ဖို့ မြန်မာအစိုးရက စစ်တပ်တွေစေလွှတ်တိုက်ခိုက် ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဝန်ကြီးချုပ်ဦးနုက ကူမင်တန်ကျူးကျော်မှု ပြဿနာကို ကုလသမဂ္ဂ အထွေထွေညီလာခံ မှာတင်ပြရပါတော့တယ်။

ကုလသမဂ္ဂနဲ့ မြန်မာ နှစ် ၇ဝ

၁၉၅၃ ခုနှစ်၊ ဧပြီလ(၂၂)ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ကူမင်တန်တပ်ဖွဲ့တွေ လက်နက်ချပြီး မြန်မာပြည်က ထွက်ခွာ သွားဖို့တောင်း ဆို ပေမယ့် ရှမ်းအရှေ့ မိုင်းယန်းနယ်မှာ ဘိန်းကုန်ကူး လေယာဉ်ကွင်း တည် ဆောက်မှုတွေပါ ပြုလုပ်နေကြတဲ့ ကူမင်တန် တွေက လက်မခံခဲ့ကြပါဘူး။

ရှမ်းပြည်ရောက် ကူမင်တန်တွေဟာ ၁၉၅၃ ခုနှစ် အကုန်မှာ ၁၂,ဝဝဝ အထိ အဆမတန် ကြီးမားလာခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး ကတည်းက စတင်ခဲ့တဲ့ ပြည်တွင်းစစ်မှာ ရှမ်းပြည် မပါဝင်ပေမယ့် ကူမင်တန်တရုတ်တပ်တွေရဲ့ ကျူးကျော်မှုကြောင့် စစ်မီးဟာ ရှမ်းပြည်ကို ကူးစက်လာခဲ့ပြီ ဖြစ်ပါတယ်။

Image caption လွတ်လပ်ရေးကြေညာစဉ်က ဘုရင်ခံနဲ့ အတူတွေ့ရတဲ့ သမ္မတ စဝ်ရွှေသိုက်

ရိုးရာယဉ်ကျေးမှု အစဉ်လာတွေနဲ့ အေးချမ်းသာယာပြီး မြေသြဇာကောင်းမွန်တဲ့ ရှမ်းကုန်းပြင်မြင့်နဲ့ တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသများဟာ မငြိမ်းချမ်းတဲ့ ဖိနှိပ် အနိုင်ကျင့်မှုတွေကို စတင် ခံစားလာခဲ့ရ ပါတော့တယ်။

ကျူးကျော်သူ ကူမင်တန်တရုတ်တပ်ဖွဲ့တွေဟာ သူတို့အခိုင်အမာ ခြေကုပ်ယူ ထားတဲ့ ရှမ်းတောင်တန်း ဒေသတွေမှာ ရှမ်းတိုင်းရင်းသားတွေကို " ကြောက်မက်ဖွယ် ခေတ်ဆိုးကြီး "မိတ်ဆက်ပေးခဲ့ကြပါတယ်။

တခြားတစ်ဖက်မှာလည်း မဖိတ်ခေါ်ဘဲရောက်လာတဲ့ လူရမ်းကား တရုတ်ကူမင်တန်တပ်ဖွဲ့တွေကို တိုက်ထုတ်ဖို့အတွက် ဗမာ့တပ်မတော်ရဲ့ ရှမ်းဒေသတွေမှာ တပ်ဖြန့်ချ ထား မှုတွေ ဟာလည်း မလွှဲသာမရှောင်သာဘဲ ရှမ်းပြည်နယ် လူထုနဲ့ ရှမ်းခေါင်းဆောင်တွေကို စိတ်မသက်မသာဖြစ်လာစေခဲ့ပါတယ်။

အခြေအနေကိုပိုပြီး ဆိုးဝါးလာဖို့ ဖြစ်လာစေတာက ၁၉၅၂ ခုနှစ် စက်တင်ဘာမှာ ကူမင်တန်တပ်တွေရဲ့လှုပ်ရှားမှုကို ထိထိရောက်ရောက် ထိန်း ချုပ်နိုင် ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကူမင်တန် လှုပ်ရှားမှုမရှိတဲ့ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတွေကိုပါ ဗမာ့တပ်မတော်ရဲ့ စစ်အုပ်ချုပ်ရေး အောက်ကို ထားရှိလိုက်မှု ဖြစ်ပါတယ်။

အင်္ဂလိပ်ခေတ်တလျောက် ဗမာ နိုင်ငံရေးသမားများပင် တရားဝင် နေထိုင်ခွင့် မရှိခဲ့တဲ့ ရှမ်းပြည်မှာ စစ်အုပ်ချုပ်ရေးကို စစ်ဖြစ်နေတဲ့ နယ်မြေထက် ကျော်လွန်ပြီး သတ်မှတ်ခဲ့ခြင်းမှာ မြန်မာ့တပ်မတော် အတွက်ပါ သမိုင်းအမည်းစက် ဖြစ်လာစေခဲ့တယ်လို့ ဆိုခဲ့ကြပါတယ်။

ဗမာ့တပ်မတော်ရဲ့ စစ်အုပ်ချုပ်ရေးကို ရှမ်းခေါင်းဆောင်တွေက သူတို့ရဲ့ အစဉ်အလာ ပဒေသရာဇ် တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖယ်ရှားဖို့ ကြိုးပမ်း မှုအဖြစ် ရှုမြင်ခဲ့သလို ရှမ်းလူထုကလည်း ဗမာ့တပ်မတော် ရဲ့ အတင်းအကျပ် လုပ်ရပ်တွေကို ဘယ်လိုမှ မနှစ်မြို့နိုင်ခဲ့ပါဘူး ။

ကူညီပေးတဲ့အတွက် ကျေးဇူးတင်သော် လည်း ကျေးလက်နေရှမ်းလူထု အများစုအဖို့ ဗမာများ အထူးသဖြင့် ဗမာစစ်သား တွေနဲ့ ထိတွေ့ဆက်ဆံမှုဟာ သမိုင်းမှာ ပထမဆုံးအတွေ့ အကြုံဖြစ်တယ်၊ ကူမင်တန် တရုတ်တပ်ဖွဲ့တွေရဲ့ ကျူးကျော်ခံရမှုနဲ့ အဲဒီပြည်ပ ကျူးကျော် သူတွေကို ဗမာ့ တပ် မတော်က မောင်းထုတ် တိုက်ခိုက်ရာမှာ ရှမ်းလူထုဟာ ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေစာဖြစ် ခဲ့ရတယ် ဆိုပြီး ဦးထွန်းမြင့်လို ဝါရင့် ရှမ်းနိုင်ငံရေးသမားက ရေးသားခဲ့တဲ့ စာအုပ်တွေမှာ ဖော်ပြထားပါတယ်။

အဲဒီခေတ်က ရှမ်းလူထုအတွက်ကတော့ ကျူးကျော်သူ တရုတ်တွေရော အဲဒီကျူး ကျော်သူတွေကို မောင်းထုတ်ဖို့ဆိုပြီး လာရောက်တိုက်ခိုက်တဲ့ ဗမာ့တပ်မတော်ကိုရော သူတို့ရဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တဲ့ တောင်တန်းဒေသကို နှောက်ယှက် ဖျက်ဆီးကြသူတွေ အဖြစ်ပဲရှုမြင်ခဲ့ပါတယ်။

ရှမ်းအမျိုးသား တချို့နဲ့ ပညာတတ်လူငယ် တချို့ကတော့ ရှမ်းပြည်ရှိ တိုင်းရင်းသားတွေဆီမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ အလုံအလောက် မရှိခြင်း ကြောင့်အခုလို ပြဿနာတွေဖြစ်ရတယ်လို့ မှတ်ယူခဲ့ကြပါတယ်။

တချိန်တည်းမှာလည်း အမျိုးသားရေးလှုပ်ရှားမှု အားကောင်းလာတဲ့ ရှမ်းပြည်နဲ့ စော်ဘွားတွေ အာဏာစွန့်တဲ့ ကိစ္စတွေ သွယ်ဝိုက်ပတ်သက်မလားဆိုတဲ့ အယူအဆ တချို့ကလည်း စစ်တပ်ဘက်မှာ ရှိခဲ့တာတွေ့ရပါတယ်။

ရှမ်းအမျိုးသားရေးလှုပ်ရှားမှု ခေတ်ဦး ရှမ်းလက်နက်ကိုင်တွေ အားမကောင်းမီ ရှမ်းဗမာ ဆက်ဆံရေး ယိုယွင်းမှုနဲ့ ပတ်သက်ပြီး ဦးနု အစိုးရက အလွန် စိတ်မသက်မသာစွာ ရှုမြင်ကာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်ကို ပေးအပ်ထားခဲ့တဲ့ လွတ်လပ်ရေး ရပြီး ၁ဝ နှစ်အကြာမှာ ပြည်ထောင်စုက ခွဲထွက်လိုရင် ခွဲထွက်ပိုင်ခွင့်နဲ့ ပေါင်းစပ်ရှုမြင်တဲ့အခါ ဒီရှမ်းအမျိုးသားရေးလှုပ်ရှားမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ကြိုးပမ်း ခဲ့ပါတယ်။

ဘာတေးလစ်တနာရဲ့ စာအုပ်မှာတော့ ဗဟိုအစိုးရအာဏာပိုင်တွေဟာ ထွန်းသစ်စ ရှမ်းအမျိုးသားလှုပ်ရှားမှုကို တပ်မတော်နဲ့ သူ့ရဲ့ စစ်ထောက်လှမ်းရေး စစ်ဆင်ရေးတွေ အသုံးပြုပြီး စတင်ကာစမှာပဲ အပြီးသတ်ချေမှုန်းဖို့ အားထုတ်ခဲ့ပါတယ်။

ရလဒ်ကတော့ ရှမ်းလူငယ်တွေ လက်နက်ကိုင်တောခိုသွားကြပြီး ပြောက်ကျားတပ်ဖွဲ့တွေ အဖြစ် ဖွဲ့စည်းသွားကြစေခဲ့ပါတယ် လို့ ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် Shan Herald News Agency
Image caption ၁၉၅၈ တဝိုက်က နွံစစ်ဟန် ရှမ်းအမျိုးသားလက်နက်ကိုင်လှုပ်ရှားမှု ခေါင်းဆောင် စဝ်နွဲ့နဲ့ လက်နက်ကိုင်တော်လှန်ရေးအတွက် သွေးသစ္စာရေသောက်နေတဲ့ ရှမ်းလူငယ်တွေ

၁၉၅၉ ခုနှစ်အစပိုင်းမှာ ရှမ်းလက်နက်ကိုင် ပြောက်ကျား တပ်ဖွဲ့တွေဟာ ဗမာ့တပ်မတော် စစ်ကြောင်း တွေကို ခြုံခိုတိုက်ခိုက်ခြင်း၊ ဝေးလံတဲ့စစ်စခန်းငယ်လေးတွေဆိုရင် တိုက်ခိုက်သိမ်းယူပြီး ဗမာ့တပ်မတော်ရဲ့ လက်နက်တွေကို စုဆောင်းရယူခြင်းတွေကိုလုပ်လာနိုင်ပါတယ်။

ရှမ်းလက်နက်ကိုင် ပြောက်ကျားတပ်တွေဟာ တန့်ယန်း မြို့စောင့်တပ်ဖွဲ့ တစ်ခုလုံးကို ဖမ်းဆီးပြီး တန့်ယန်းမြို့ကို ရက်အနည်းငယ်ကြာ သိမ်းပိုက်ထားတဲ့ဖြစ်ရပ်မျိုးတွေရှိလာခဲ့တယ်။

ဝေးလံခေါင်ဖျားနယ်ခြားဒေသတွေမှာ အကြမ်းဖက်စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ " ရှမ်းပြည် ကောင်စီ " အဖွဲ့ဝင်တွေဟာလည်း စစ်မှန်တဲ့ ပြည်ထောင်စုရဲ့ စရိုက် လက္ခဏာတွေပြည်စုံစေပြီး ပြည်ထောင်စုကြီး ဆက်လက် တည်တံ့ ခိုင်မြဲနေစေဖို့ ဥပဒေဘောင်တွင်း လှုပ်ရှားမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့တယ်။

၁၉၅၉ ခုနှစ် ဧပြီလ ၂၄ ရက်မှာ တောင်ကြီးမြို့မှာ အထူးအခမ်းအနား တစ်ရပ် ကျင်းပပြီး ရှမ်းစော်ဘွား ၃၄ ဦးတို့ဟာ သူတို့ရဲ့ ပဒေသရာဇ်အုပ်ချုပ်ရေး အာဏာကို တရားဝင် စွန့်လွှတ်ခဲ့တယ် ။

ရှမ်းစော်ဘွားနယ်တွေဟာ လူထုရဲ့ရွေးကောက်ခံ ရှမ်းပြည် အစိုးရ အုပ်ချုပ်တဲ့ ရှမ်းပြည်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့တယ်။

အဲဒီအချိန်မှာ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အိမ်စောင့်အစိုးရ တစ်ဖြစ်လဲ စစ်အစိုးရကတော့ ဒီလိုရှမ်းစော်ဘွားတွေရဲ့ မိမိသဘော ဆန္ဒအလျောက် အာဏာ စွန့်လွှတ်တာကို တိုင်းရင်းသား ပဒေသရာဇ်တွေ အပေါ် အောင်ပွဲခံ လိုက်ခြင်းလို့ မောက်မောက် မာမာ မှတ်ယူခဲ့ပေမယ့် တကယ်တော့ အနောက်တိုင်းပညာရေးနဲ့ ကြီးပြင်းလာတဲ့ မျိုးဆက်သစ် ရှမ်းစော်ဘွားတွေအနေနဲ့ သူတို့ရဲ့ရှမ်းပြည်ကို ခေတ်မီတိုးတက်လာစေဖို့ အုပ်ချုပ်ရေး စနစ် ကို ခေတ်နဲ့အမီပြောင်းလဲ ကျင့်သုံး ဖို့လိုတယ် ဆိုတာ နားလည်ထားခဲ့ပါတယ် ။

တကယ်လည်းရှမ်းစော်ဘွားတွေ အာဏာစွန့်လွှတ်ပြီး လွှဲပြောင်းပေးအပ်ခဲ့ တာက ဒီမိုကရေစီနည်းကျစွာ ရွေးကောက်တင်မြှောက်ထားတဲ့ရှမ်းပြည် အစိုးရကိုသာ ဖြစ်ပြီး ရန်ကုန်ဗဟိုအစိုးရကို အာဏာလွှဲ အပ် တာမဟုတ်ပါ ဘူး။

သီပေါစော်ဘွား စဝ်ကြာဆိုင်အပါအဝင် ခေတ်ပညာတတ် စော်ဘွား တချို့ဟာ နိုင်ငံရေးမှာ ဆက်လက်ပါဝင်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှာရော ၊ ပါလီမန်ရဲ့ လူမျိုးစုလွှတ်တော် မှာပါ ရွေးကောက်ခံ ကိုယ်စားလှယ်အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။

Image caption သီပေါစော်ဘွား စဝ်ကြာဆိုင်နဲ့ သူ့ရဲ့ မဟာဒေဝီ

ကူမင်တန်ကျူးကျော်သူတွေကိုတိုက်ရင်းနဲ့ ရှမ်းပြည်နယ်အတွင်း ဗမာ့တပ်မတော်ရဲ့ အလုံးအရင်းနဲ့ တပ်ဖြန့်ချထားမှုတွေက တစ်ဖက်မှာ ရှမ်းပြည်နယ်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အနုတ် လက္ခဏာ သဘောဆောင်တဲ့ သက်ရောက်မှုတွေပဲ ဖြစ်ပေါ်လာစေ ခဲ့ပါတယ်။

ရှမ်းလက်နက်ကိုင် ပုန်ကန်မှုကလည်း အင်အားသေးငယ်နေသေးပြီး ထိထိရောက်ရောက်မရှိသေးပေမယ့် နောက်ထပ် စိုးရိမ်သောကမကင်းစရာ အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ် ။

ရှမ်းခေါင်းဆောင်အများစု အကျပ်တွေ့ ရတာက သူတို့ဒေသခံတချို့ဟာ ဗဟိုအစိုးရကိုလက်နက်ကိုင်ဆန့်ကျင် တော်လှန်နေကြတာ ဖြစ်ပါ တယ်။

အထူးသဖြင့် သီပေါဒေသကနေ ရှမ်းလက်နက်ကိုင်တိုက်ခိုက်ရေးသမားတွေနဲ့ ကေဒါ တော်တော်များများထွက်ပေါ်လာခဲ့တယ်။ အဲဒီထဲက တချို့ကတော့ ပြည်ထောင်စု ကနေရှမ်းပြည် ကိုခွဲထွက်ချင်တဲ့ လုံးဝခွဲထွက်ရေး ဝါဒီတွေပဲ ဖြစ်တယ်။

တစ်ကြိမ်မှာတော့ ရှမ်းလက်နက်ကိုင်ပုန်ကန်မှုမှာ အစောဆုံးပါဝင်ခဲ့တဲ့ ရှမ်းလက်နက်ကိုင် ခေါင်း ဆောင် တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဆေထင် ( အခု ရှမ်းပြည်တပ်မတော် မြောက်ပိုင်း နာယက ) က သီပေါစော်ဘွား စဝ်ကြာဆိုင်ကို ရန်ကုန်မှာတွေ့ဆုံခွင့်ရဖို့ ကြိုးစား ခဲ့တယ်။

ရန်ကုန်တက္ကသိုလ်မှာတက်နေတဲ့ ရှမ်းကျောင်းသားတစ်ယောက်ကတဆင့် သီပေါစော်ဘွားစဝ်ကြာဆိုင် ကို ရှမ်းသူပုန်ခေါင်းဆောင် ဆေထင် (SSIA ) ကတွေ့ဆုံခွင့် တောင်းတဲ့အကြောင်း ပြောတဲ့အခါ စဝ်ကြာဆိုင်က ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ စာအုပ်ကိုထုတ်ပြပြီး ပါလီမန်လူမျိုးစုလွှတ်တော် အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ပြည်ထောင်စုရဲ့သစ္စာကို စောင့်သိရိုသေပါမည်လို့ သူကျမ်းသစ္စာ ကျိန်ဆိုထားခဲ့ရ တဲ့ စာပိုဒ်တွေကို အဲဒီလာပြောတဲ့ ရှမ်းကျောင်းသားကိုဖတ်ပြခဲ့ရတယ်။

ဓာတ်ပုံ မူပိုင် Mai-A-Naing
Image caption တချိန်က ရှမ်းလူငယ် ကျောင်းသားသူပုန် ဆေထင်ကနေ မျက်မှောက်ခေတ် SSPP/SSA နာယက ဖြစ်လာသူ ဗိုလ်ချုပ်ကြီးဆေထင်

ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၊ သီပေါ စဝ်ကြာဆိုင် နဲ့ အခြားရှမ်းခေါင်း ဆောင် တွေဟာ ရှမ်းလက်နက် ကိုင်ပုန်ကန်မှုကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ကြိုးစားခဲ့တယ်လို့ ဘာတေးလစ်တနာကတော့ ဆိုထားပါတယ်။

ဝန်ကြီးချုပ် ဦးနုဘက်ကလည်း အဲဒီကြိုးစားမှုအပေါ် စာနာနားလည်ပေးခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြင်ဆင်ရေးအတွက် တိုင်းရင်းသားပေါင်းစုံပါဝင်သော နှီးနှောဖလှယ်ပွဲ ကျင်းပပေးခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှာ အာဏာသိမ်းခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Shan Herald News Agency
Image caption ရှမ်းပြည်တပ်မတော်ကို ဦးဆောင်ထူထောင်ခဲ့သူ မဟာ ဒေဝီ စဝ်နန်းဟိန်းခမ်း

အာဏာသိမ်းတော့ ဦးနုလည်း အဖမ်းခံရပြီး ရှမ်းစော်ဘွားတော်တော်များများ အဖမ်းခံရသလို အဖမ်းခံရတဲ့ မြန်မာ ပထမဆုံး သမ္မတ စဝ်ရွှေသိုက် ရဲ့ မဟာဒေဝီ စဝ်နန်းဟိန်းခမ်းဟာ ရှမ်းလက်နက်ကိုင် လှုပ်ရှားရာ ဒေသတွေကို ရောက်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အမည် အမျိုးမျိုးကွဲပြားနေတဲ့ ရှမ်းပြည်က လက်နက်ကိုင်အဖွဲ့တွေကို စုစည်းပြီး ရှမ်းပြည်တပ်မတော်ကို ၁၉၆၄ ခုနှစ်မှာ ဦးဆောင်ထူထောင်ခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော် ထူထောင်စ ကာလတွေမှာ ကိုးကန့် ၊ တအာင်းပလောင် စတဲ့ ရှမ်းပြည်အတွင်းက ရှမ်းမဟုတ်တဲ့ အခြားတိုင်းရင်းသားတပ်တွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Shan Herald News Agency
Image caption ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဌာနချုပ်မှာ ကျင်းပတဲ့ ရှမ်းပြည်တပ်မတော် ထူထောင်ခြင်း ၅၄ နှစ်ပြည့် အခမ်းအနားမြင်ကွင်း

ဆက်စပ် အကြောင်းအရာများ