၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ မြန်မာ့ နိုင်ငံရေး

  • 10 မေ 2018
ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption ဖွဲ့စည်းပုံ ထောက်ခံပွဲတွေလုပ်

စစ်ပြီးခေတ် မြန်မာ နိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ သုံးခု ပေါ်ထွန်းခဲ့ပါတယ်။

၁၉၄၇ က ဗိုလ်ချုပ်အောင်ဆန်းတို့ ဆွဲတဲ့ ပထမ ဥပဒေကတော့ ပြင်ဆင်ဖို့ သုံးကြိမ် ကြိုးစားအပြီးမှာ အာဏာသိမ်းပွဲနဲ့ အဆုံးသတ်ခဲ့ပါတယ်။

၁၉၅၉ က ရွေးကောက်မခံတဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း သက်တမ်းတိုးဖို့ ပြင်ဆင်တာ၊ ၁၉၆၁ က ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာပြဋ္ဌာန်းတာနဲ့ ၁၉၆၂ က ဖက်ဒရယ်မူ စနစ် တည်ထောင်ဖို့ ကြိုးစားတာတွေ ဖြစ်ပါတယ်။

၁၉၇၄ မှာ အတည်ပြုတဲ့ လမ်းစဉ်ပါတီရဲ့ ဖွဲ့စည်းပုံကတော့ ပြင်ဆင်ဖို့ ကြိုးစားမှု ကြီးကြီးမားမား မရှိပေမယ့် ဆန္ဒပြပွဲတွေကြောင့် အာဏာသိမ်းပြီး နိဂုံးချုပ်သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၁၉၈၈ မှာ ထောင်သောင်းချီ ဆန္ဒပြ
ဓာတ်ပုံ မူပိုင် AFP
Image caption ၁၉၉ဝ ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်နိုင်

၁၉၈၈ အရေးအခင်းမှာ အာဏာသိမ်းပြီး တက်လာတဲ့ နဝတ အစိုးရက ပါတီစုံ ရွေးကောက်ပွဲ ကျင်းပဖို့ ကတိပြုပြီး ၁၉၉ဝ မှာ ကျင်းပရာမှာတော့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် နိုင်ပါတယ်။

ဒါပေမဲ့ NLD ကို အာဏာ လွှဲမပေးဘဲ ရွေးကောက်ပွဲ ခေါ်တာ အခြေခံ ဥပဒေ ဆွဲဖို့ ဆိုပြီး အမျိုးသား ညီလာခံ ခေါ်ကာ အခြေခံ ဥပဒေ ဆွဲဖို့ ကြိုးစားရာက အနှစ် ၂ဝ နီးပါး နိုင်ငံရေး အကျပ်အတည်း ဖြစ်ခဲ့ပါတယ်။

၁၉၉၃ က စတဲ့ ညီလာခံမှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေ တက်ခဲ့ပေမယ့် နောက်ပိုင်းမှာ အကျယ်ချုပ်က လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကန့်ကွက်ချက်ကြောင့် ၁၉၉၅ မှာ ထွက်လာခဲ့ပြီးနောက် ပြန်မတက်လို့ ထုတ်ပယ်ခံရပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ နိုင်တဲ့ ပါတီက တိုင်းပြည်ပြု လွှတ်တော်ခေါ်ပြီး အခြေခံဥပဒေ ဆွဲတဲ့ အစဉ်အလာနဲ့ အခြေခံ ဥပဒေ မူကြမ်းတွေ ရှင်းပြပြီးမှ ဆန္ဒခံပွဲလုပ်၊ လွှတ်တော်ခေါ်တဲ့ အစဉ်အလာ နှစ်ခု ရှိရာမှာ တတိယ ဖွဲ့စည်းပုံရဲ့ လမ်းကြောင်းက ရှုပ်ထွေးပြီး အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

အဓိက အနေနဲ့ လိုက်နာရမယ့် အခြေခံမူတွေ ချမှတ်ရာမှာ မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်တဲ့ ကဏ္ဍက ပါရမယ် ဆိုတဲ့ သတ်မှတ်ချက်က စပြီး ညှိနှိုင်းလို့ မရ ဖြစ်ခဲ့ပါတယ်။

ညီလာခံမှာ လူမျိုးစု အပစ်ရပ် လက်နက်ကိုင်တွေနဲ့ လွှတ်တော် အမတ်တွေရဲ့ သဘောမတူတာ ကန့်ကွက်တာတွေကိုလည်း အစိုးရ ခန့်ထားတဲ့ အလုပ်သမား၊ လယ်သမား၊ တတ်သိပညာရှင် ကိုယ်စားလှယ် ဆိုသူတွေရဲ့ အားနဲ့ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

နာဂစ် ဖွဲ့စည်းပုံ အကူးအပြောင်းအတွက်လို့ ဆို

ဓာတ်ပုံ မူပိုင် STR
Image caption အမျိုးသား ညီလာခံ ဆိုင်းဘုတ်ကြီးတွေ စိုက်ထူ

အမျိုးသား ညီလာခံ ကို ၁၅ နှစ်ကျော် ကျင်းပခဲ့ပေမယ့် ကြားထဲမှာ နိုင်ငံရေး အရှုပ်အထွေးတွေ၊ ညှိနှိုင်းမှုတွေကြောင့် ကြန့်ကြာတာတွေ ရှိသလို ညီလာခံကို အချိန်ဆွဲ ကျင်းပတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

ညီလာခံကို ၁၃ ကြိမ်တိတိ နားထားခဲ့ပြီး NLD ကိုယ်စားလှယ်တွေ ထွက်သွားတဲ့နောက် ၁၉၉၆ နဲ့ ၂ဝဝ၃ ကြား ကျင်းပတာ မရှိခဲ့ဘူးလို့လည်း မှတ်တမ်းတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသား ညီလာခံ ပြန်တက်ဖို့ ကုလသမဂ္ဂနဲ့ ပြည်ပ ညှိနှိုင်းသူတွေဘက်က အစိုးရနဲ့ ကြိုးစား စေ့စပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဒီပဲယင်း အဓိကရုဏ်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး အထိန်းသိမ်းခံခဲ့ရပါတယ်။

NLD ကိုယ်စားလှယ်တွေ ဖမ်းဆီးခံရတာနဲ့ ဖိအားပေး နုတ်ထွက်ခိုင်းတယ် ဆိုတဲ့ ကိစ္စတွေလည်း ၁၉၉ဝ နောက်ပိုင်းမှာ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ မူပိုင် SAEED KHAN
Image caption အမျိုးသား ညီလာခံ သဘာပတိ ဗိုလ်ချုပ်ကြီး သိန်းစိန်

နအဖ အစိုးရဘက်ကလည်း လမ်းပြ မြေပုံ ၇ ရပ်ကို ကြေညာပြီး ဖွဲ့စည်းပုံ ရေးဆွဲရေးကို ၂ဝဝ၄ ခုနှစ်မှာ ဆက်လက် ကြိုးစားခဲ့ပါတယ်။

၂ဝဝ၇ ရွှေဝါရောင် သံဃာ့အရေးအခင်း ဖြစ်နေချိန်မှာပဲ ညီလာခံ ပြီးဆုံးကြောင်း ကြေညာခဲ့သလို ၂ဝဝ၇ ခုနှစ် အောက်တိုဘာလမှာ ဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲဖို့ ၅၄ ယောက် ပါတဲ့ ကော်မရှင်ကို အစိုးရက ရွေးချယ်ခဲ့ပါတယ်။

ဒီထဲမှာလည်း NLD မပါပါဘူး။

အစိုးရ အရာရှိတွေနဲ့ အစိုးရနဲ့ နီးစပ်တဲ့ လူမျိုးစု ကိုယ်စားလှယ်တွေသာ ပါလို့ အစိုးရ စိတ်ကြိုက်ရေးဆွဲတာလို့လည်း ပြောဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် LAW EH SOE
Image caption ညီလာခံကို NLD သပိတ်မှောက်
ဓာတ်ပုံ မူပိုင် AFP
Image caption ၂ဝဝ၇ ရွှေဝါရောင် သံဃာ့အရေးအခင်းဖြစ်

၂ဝဝ၈ ဖေဖော်ဝါရီမှာတော့ မေလမှာ ဆန္ဒခံယူပွဲ ကျင်းပပြီး ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်အစိုးရက ကြေညာပါတယ်။

အစကတည်းက အမျိုးသား ညီလာခံမှာ ကိုယ်စားလှယ် ၁၅ ရာခိုင်နှုန်းပဲ ပါလို့ အတိုက်အခံဘက်က ကန့်ကွက်ခဲ့တဲ့ ဖွဲ့စည်းပုံ ရေးဆွဲရေးမှာ နောက်ဆုံး အဆင့် ရောက်တော့လည်း ဆက်လက် ကန့်ကွက်တာတွေ ရှိပါတယ်။

အဓိက အနေနဲ့ မဲမပေးရေး လှုပ်ရှားမှုနဲ့ ကန့်ကွက်မဲပေးဖို့ တောင်းဆိုတာတွေ ဖြစ်ပါတယ်။

အထူးသဖြင့် လွှတ်တော် ကိုယ်စားလှယ် အရေအတွက် လေးပုံတပုံကို တပ်ကိုယ်စားလှယ်တွေ ယူထားတာနဲ့ ကာလုံအဖွဲ့မှာ တပ်ဘက်က အသာစီးယူတာတွေကို အတိုက်အခံ တွေဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက် ပါတယ်။

ကာချုပ်နဲ့ NLD ဥက္ကဋ္ဌတို့ တွေ့ဆုံဦးမယ်

ဓာတ်ပုံ မူပိုင် STR
Image caption ဆန္ဒခံပွဲကို ပြည်ပမှာ ကန့်ကွက်ကြ
ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption ရန်ကုန်မှာ ရောင်းတဲ့ ဖွဲ့စည်းပုံ မူကြမ်း

ဒီအချိန်မှာ ဆန္ဒခံပွဲ မလုပ်ခင် တပတ်အလိုမှာပဲ နာဂစ်မုန်တိုင်း တိုက်လို့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ လူသိန်းဂဏန်းထိ သေကျေ ထိခိုက်ခဲ့ပါတယ်။

ဒါပေမဲ့ ဆန္ဒခံပွဲကို ရက်မရွှေ့ဘဲ ကပ်ဘေးသင့်တဲ့ မြို့နယ် တချို့မှာသာ နှစ်ပတ် နောက်ဆုတ် ကျင်းပခဲ့ပါတယ်။

ဒီဆန္ဒခံပွဲမှာ အခြေခံ ဥပဒေ မူကြမ်းကို ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံတယ် ဆိုပြီး မေလကုန်မှာ ကြေညာ အတည်ပြုခဲ့ပါတယ်။

စစ်အစိုးရက ကြီးမှူး ကျင်းပတဲ့ ၁၉၇၃ အခြေခံ ဥပဒေ ဆန္ဒခံပွဲမှာလိုပဲ မဲမသမာတာနဲ့ ခြိမ်းခြောက်တာတွေ ရှိတယ် ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption နာဂစ်မုန်တိုင်းကြောင့် ဒုက္ခပင်လယ်ဝေခဲ့
ဓာတ်ပုံ မူပိုင် HO
Image caption ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆန္ဒမဲပေး

ဒါပေမဲ့ စစ်အစိုးရက မူလ စီစဉ်ထားတဲ့ ၂ဝ၁ဝ မှာ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပါတယ်။

ဒီရွေးကောက်ပွဲမှာ ၁၉၉ဝ ကျော်ကတည်းက တည်ထောင်ထားတဲ့ ပြည်ခိုင်ဖြိုး အသင်းကို ပါတီအဖြစ် ပြောင်းလဲပြီး တပ်မတော်က အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေ ခေါင်းဆောင်ခဲ့ပါတယ်။

NLD ရွေးကောက်ပွဲ မဝင်ပေမယ့် သူက ခွဲထွက်တဲ့ NDF ပါတီ ဝင်ပြိုင်ပါတယ်။

နောက်ဆုံး ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး အနိုင်ရပြီး စစ်အစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် သမ္မတ ဖြစ်လာပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်က လွှတ်ပေးသလို ၂ဝဝ၇ နောက်ပိုင်း ပြန်လည် ဖမ်းဆီးခံရတဲ့ ၈၈ မျိုးဆက်နဲ့ တခြား နိုင်ငံရေး သမား အများအပြား လွတ်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အသစ်ပေါ်လာတဲ့ ကြံ့ခိုင်ရေးပါတီ
ဓာတ်ပုံ မူပိုင် STR
Image caption ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့နေ့

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးနောက်ပိုင်း သူ့ပါတီကို ပြန်မှတ်ပုံတင်ခိုင်းတဲ့ ကိစ္စ အပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အသစ် ပြန်ရေး လှုပ်ရှားမှု တွေ ရှိလာပါတယ်။

နိုင်ငံတကာ သံတမန်တွေ ဝင်ညှိနှိုင်းတာ အပါအဝင် စေ့စပ်မှုတွေကြောင့် ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီက ဝင်အရွေးခံပြီး လွှတ်တော်ထဲ ရောက်လာပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲ ဝင်ခွင့်မရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ခွင့်ပေးတာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ဒေါ်စု ဝေဖန်

ဒါပေမဲ့ အမတ် အဖြစ် ကျမ်းကျိန်ရာမှာ ဖွဲ့စည်းပုံကို ကာကွယ် စောင့်ရှောက်ဖို့ သစ္စာ ဆိုရေး မဆိုရေးထိ စကားများစရာ ဖြစ်ခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်တက်မည်

ကြံ့ခိုင်ရေးက တင်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း လက်ထက် ဖွဲ့စည်းပုံ ပြင်ဖို့ ကော်မတီ ဖွဲ့ ဆွေးနွေးတာတွေ ရှိခဲ့ပေမယ့် လက်တွေ့ ဖြစ်မလာခဲ့ပါဘူး။

ရွေးကောက်ပွဲ မျှတဖို့ သမ္မတ အရည်အချင်း ဥပဒေ ပြင်ဖို့လို

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ အတားအဆီး ဖြစ်တဲ့ ပုဒ်မ ၅၉ စ ပြင်ရေးနဲ့ တပ်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲက ထွက်ပေးရေး၊ တပ်က အခြေအနေအရ လိုအပ်လာရင် အာဏာသိမ်းခွင့် ရှိတဲ့ ကိစ္စတွေနဲ့ ဆိုင်တဲ့ ပုဒ်မတွေ ပြင်ဆင်ရေး လှုပ်ရှားမှုတွေကို NLD ဘက်က လုပ်လာခဲ့ပါတယ်။

လက်မှတ်ထိုး ဟောပြောတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ပေမယ့် တပ်ဘက်က ကန့်ကွက်မှုတွေကြောင့် ရှေ့မဆက်နိုင်ဘဲ အရာမထင်ခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် SOE THAN WIN
Image caption အခြေခံ ဥပဒေ ပြင်ရေး လက်မှတ်စု
ဓာတ်ပုံ မူပိုင် AFP
Image caption အခြေခံ ဥပဒေ ပြင်ဖို့ ဟောပြော

၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD က ဖွဲ့စည်းပုံ ပြင်ရေး ကို အဓိကထား မဲဆွယ်ခဲ့ပါတယ်။

ဒါပေမဲ့ လွှတ်တော်ထဲမှာ အများစု နိုင်တဲ့ NLD က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ခန့်ပြီး ဖွဲ့စည်းပုံ အရ တရားဝင်အောင် လုပ်ခဲ့ပါတယ်။

ဒီရာထူးနဲ့ သမ္မတကို ကြိုးကိုင်နိုင်အောင် စီစဉ်ခဲ့ပါတယ်။

တဘက်မှာလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ဘက်နဲ့ အဆင်ပြေရေးအတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဘက် သိပ်မလှည့်တော့ဘူးလို့ NLD ကို ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တို့ဘက်က ငြိမ်းချမ်းရေးအတွက် ပင်လုံ ညီလာခံ ခေါ်တာလို ကိစ္စတွေကို ဖွဲ့စည်းပုံ ပြင်ရေးထက် ပိုအရေးထားတာကိုလည်း တွေ့ရပါတယ်။

NLD အစိုးရလက်ထက် ဒုတိယမြောက် သမ္မတဖြစ်လာတဲ့ ဦးဝင်းမြင့်ရဲ့ ကျမ်းကျိန် မိန့်ခွန်းမှာတော့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုရဲ့ အုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်မယ်လို့ တတိယ အချက် အနေနဲ့ ပြောခဲ့ပါတယ်။

ထွက်သွားတဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ကျမ်းကျိန် မိန့်ခွန်းမှာတော့ အမျိုးသား ရင်ကြားစေ့ရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေး တို့ကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တခု ပေါ်ပေါက်ရေးကို အလေးထားကြောင်း ပြောဆိုခဲ့ပါတယ်။

Image caption ဖွဲ့စည်းပုံသစ်က အလံသစ်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ငြိမ်းချမ်းရေး ပြဿနာတွေကို အရပ်သား အစိုးရက တာဝန်ယူ ဖြေရှင်းဖို့က လောလောဆယ်မှာ ပြေလည်မယ့် ပုံ မပေါ်ဘဲ ဖြစ်နေပါတယ်။

လက်ရှိ အစိုးရမှာလည်း ဖွဲ့စည်းပုံကြောင့် ဖြစ်တဲ့ တပ်နဲ့ အရပ် အာဏာ လွန်ဆွဲတာ၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေး ကိစ္စတွေမှာ အရပ်ဘက်က ဝင်ပြီး မထိန်းနိုင်တာတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းနဲ့ မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ မြောက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

ဖွဲ့စည်းပုံ ပြင်ဖို့မှာ တပ်ရဲ့ သဘောတူမှု ရဖို့ ခက်နေသလို ဥပဒေ မပြင်ဘဲနဲ့လည်း ဒီမိုကရေစီ ပြုပြင်ရေးက ရှေ့ဆက်ရ ခက်တဲ့ အနေအထား ဖြစ်နေပါတယ်။