အများအကျိုး အတွက် ကိုယ်ကျိုးစွန့်သူ အာရှ အမျိုးသမီးတွေ

  • 14 မေ 2018
Image caption ရဲဝံ့တဲ့ ကိုယ်ကျိုးစွန့် သူ အမျိုးသမီး တွေ

အရှေ့ အာရှ နိုင်ငံ အချို့မှာ ဖြစ်ခဲ့တဲ့ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာ တွေကြောင့် လူ့အခွင့်အရေး လှုပ်ရှားတောင်းဆို သူတွေ ဟာ အန္တရာယ် တွေနဲ့ ရင်ဆိုင် နေရပါတယ်။ ဒီနေ့ ဒီ အချိန် အထိလည်း အန္တရာယ် တွေနဲ့ ရင်ဆိုင် နေရဆဲ ဖြစ်ပါတယ်။

အများစု လူ့အခွင့်အရေး အတွက် လှုပ်ရှား တောင်းဆို နေသူ ရဲဝံ့တဲ့ ကိုယ်ကျိုးစွန့် သူ အမျိုးသမီး တွေ ဟာ အမျိုးသား လူ့အခွင့်အရေး သမား တွေထက် အန္တရာယ် တွေနဲ့ ပိုပြီး ရင်ဆိုင် နေရတာပါ။

လူ့အခွင့်အရေး အတွက် တောင်းဆို ကြသူ အမျိုးသမီး တွေဟာ ကျားမ ခွဲခြားခံရမှု တွေ၊ အွန်လိုင်း ကနေပြီး နှောင့်ယှက်မှုတွေနဲ့ ထောင်ဒဏ် ကျခံ ခဲ့ရပြီး နှိပ်စက် ညှင်းပန်း မှုတွေကို ခံစား ခဲ့ရပါတယ်။

အရှေ့ အာရှ ဒေသ နိုင်ငံတွေ ထဲက လူ့အခွင့်အရေး အတွက် အမျိုးမျိုးသော ပြဿနာ တွေ ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီး ကိုယ်ကျိုးစွန့် အနစ်နာ ခံ ခဲ့ကြတဲ့၊ ရဲဝံ့တဲ့ အမျိုးသမီး ငါးယောက် အကြောင်း ကို ဖော်ပြလိုက်ပါတယ်။

Image caption လူ့အခွင့်အရေး ရှေ့နေ့ ဝမ်ယု ဟာ အငြင်းပွားဖွယ် ပြယုဂ် တစ်ခု

ဝမ်ယု (လူ့အခွင့်အရေး ရှေ့နေ၊ တရုတ် နိုင်ငံ)

တရုတ် အစိုးရ အတွက်တော့ အသက် ၄၆ နှစ် အရွယ် လူ့အခွင့်အရေး ရှေ့နေ့ ဝမ်ယု ဟာ အငြင်းပွားဖွယ် ပြယုဂ် တစ်ခု ဖြစ်ပါတယ်။

သူဟာ တရုတ် နိုင်ငံမှာ ကျင့်သုံးခွင့် ပိတ်ပင် တဲ့ ဖာလွန်ဂေါင်း စိတ်ပိုင်း ဆိုင်ရာ ကျင့်စဉ် ကို လေ့ကျင့်သူတွေ အတွက် ရှေ့နေ အဖြစ် လိုက်ပါ ဆောင်ရွက် ပေးခဲ့ ဖူးပါတယ်။

ဒါ့အပြင် တရုတ် နိုင်ငံမှာ ဖိနှိပ်မှုတွေ ခံနေရတဲ့ ဝိဂါ မူဆလင် တွေ အတွက် လည်း ရှေ့နေ တစ်ဦး အဖြစ်ဆောင်ရွက် ခဲ့ပါတယ်။

အရင်တုန်း ကတော့ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်း တွေ ကို ကျွမ်းကျင် တဲ့ ရှေ့နေ တစ်ဦး အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့ပေမယ့် ၂၀၀၈ ခုနှစ် က တီယန်ကျင်း ဘူတာရုံမှာ ဖြစ်ခဲ့တဲ့ ကိစ္စ တခုကြောင့် သူ့ရဲ့ အမြင် တွေ ပြောင်းလဲပြီး လူ့အခွင့်အရေး ရှေ့နေ အဖြစ် စတင် ဆောင်ရွက် ခဲ့တာပါ။

အဲဒီတုန်း က သူငယ်ချင်း တစ်ယောက်ကို သွားကြို ဖို့ ဘူတာရုံ ကို သွားရောက် ခဲ့တာပါ။ သက်ဆိုင်ရာ ပလက် ဖောင်းကို သွားဖို့ ကြိုးစား စဉ်မှာ လုံခြုံရေး တစ်ဦး ရဲ့ တားမြစ်မှုကို ခံခဲ့ရပြီး ဘူတာရုံ စင်္ကြံ ကို သွားဖို့ သက်ဆိုင်တဲ့ လက်မှတ် မရှိလို့ မသွားခဲ့ရပါဘူး။

တားဆီး ခဲ့တဲ့ လုံခြုံရေး ရဲ့ အပြုအမှု အတွက် အရေးယူဖို့ တိုင်ကြား ခဲ့ပေမယ့် သက်ဆိုင်ရာ က အရေးမယူ တဲ့ အပြင် ကိုယ်ထိ လက်ရောက် နာကျင် စေမှု နဲ့ ထောင်ဒဏ် ၂ နှစ်ခွဲ ပြစ်ဒဏ် ချမှတ် ခံခဲ့ရပါတယ်။ အဲဒီ လုံခြုံရေး ကို နာကျင် အောင် ကျူးလွန်တာ မရှိဘူးလို့ ဝမ်ယု က ငြင်းဆို ပါတယ်။

အဲဒီအမှုကို ရင်ဆိုင် နေစဉ်မှာ ကူညီ ခဲ့တဲ့ ရှေ့နေတွေကို မြင်တွေ့ အားကျ ခဲ့ပြီး သူ့ရဲ့ ဘဝ ကိုလည်း လူ့အခွင့်အရေး အတွက် လိုက်ပါ ဆောင်ရွက် ပေးသူ ရှေ့နေ တစ်ဦး အဖြစ် ရပ်တည် ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့အနှောင့်အယှက် ပေးမှုတွေ၊ ခြိမ်းခြောက်မှုတွေ ကိုလည်း နေ့စဉ် လိုလို ရင်ဆိုင် ခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဝမ်ယု ကို သက်ဆိုင်ရာ က ဖမ်းဆီး ခဲ့ပြီး ခြောက်လ ခန့် ချုပ်နှောင်ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

အဲဒီ နောက်မှာတော့ တိုင်းပြည်ရန်သူ အဖြစ် စာရင်း သွင်းခံရပြီး ထောင်ဒဏ် အပြစ်ပေး ခံခဲ့ရပါတယ်။ နိုင်ငံရပ်ခြားမှာ ပညာသင်ဖို့ ထွက်ခွာ သွားတဲ့ သား ဖြစ် သူကိုလည်း အစိုးရ အာဏာပိုင်တွေက ပြန်ခေါ်လာပြီး မွန်ဂိုလီးယား ကို ပို့ခဲ့ပါတယ်။

သား ဖြစ်သူ ရဲ့ ပညာသင်ကြားရေးကို ကူညီ စောင့်ရှောက်ဖို့ စီစဉ် ခဲ့တဲ့ ယောက်ျား ကိုလည်း သက်ဆိုင်ရာ က ဖမ်းဆီး ခဲ့ပြီး ထောင်ဒဏ် ချမှတ် ခဲ့ပါတယ်။

၂၀၁၆ ဇူလိုင် လမှာတော့ တရုတ် နိုင်ငံပိုင် သတင်းဌာန မှာ ဝန်ချ တောင်းပန် ပြီးတဲ့ နောက်မှာတော့ သူ့ကို အစိုးရ က ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ ဒီအချိန် အထိ နှောင့်ယှက် မှုတွေ ကိုတော့ ကြုံတွေ့ နေရဆဲ ဖြစ်ပါတယ်။

Image caption မာရီယာ ချင် အဗ္ဗဒူလာ

မာရီယာ ချင် အဗ္ဗဒူလာ ( ဒီမိုကရေစီ အရေးလှုပ်ရှားသူ၊ မလေးရှား )

ထောင်ထဲမှာ ခေတ်သစ် အမျိုးသမီး တန်းတူညီမျှရေး ဝါဒ စာအုပ် ကို ဖတ်လို့ ပြတင်းပေါက်မရှိတဲ့ သီးသန့်ခန်း ထဲကို ပို့ခံခဲ့ရသူ တစ်ဦး ရှိပါတယ်။ သူ ကတော့ မလေးရှား နိုင်ငံက ဒီမိုကရေစီ အရေး လှုပ်ရှားသူ မာရီယာ ချင် အဗ္ဗဒူလာ ပါ။

ထောင်ကျနေစဉ် အတွင်းမှာ နေ့စဉ်လိုလို ၈ နာရီကြာ စစ်ဆေး မေးမြန်း မှု ကိုလည်း ခံရသူ ဖြစ်ပါတယ်။

ပြီးတော့ မလေးရှား နိုင်ငံမှာ ဟိုးလေးတကြော် ဒီမိုကရေစီ အရေး လှုပ်ရှား မှု ဖြစ်တဲ့ ဘာဆေး ၂ ပွိုင့် ဇီးရိုး ကို ဦးဆောင် ခဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီ တောင်း ဆိုမှု ကတော့ လွတ်လပ်ပြီး မျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်ရေး တောင်းဆို ခဲ့တာပါ။ သူ့ရဲ့ တောင်းဆိုမှု ကို လူထောင်ပေါင်းများစွာက ထောက်ခံ ခဲ့ကြပါတယ်။

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ် ကို အကျင့်ပျက် ချစား မှုတွေ နဲ့ စစ်ဆေးဖို့ တောင်းဆို လှုပ်ရှား ခဲ့ကြတဲ့ ၂၀၁၆ နိုဝင်ဘာလ မတိုင်ခင် တစ်ရက် အလိုမှာ သူဟာ ဖမ်းဆီး ခံခဲ့ရပါတယ်။

အဖမ်းခံရတော့ မျက်နှာဖုံးစွပ် ခေါ်သွားခံခဲ့ရပြီး ဘယ်ကို ခေါ်သွားမှန်း ကို မသိခဲ့တာလို့ ဘီဘီစီ နဲ့ မေးမြန်းခန်း မှာ သူက ပြန်လည် ပြောပြ ခဲ့ပါတယ်။

၂၈ ရက်ကြာ ထိန်းသိမ်း ခွင့် ရှိတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ နဲ့ မစ္စ ချင် ကို ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ ပြည်သူ့ အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့် ရရှိရေး တောင်း ဆိုမှုတွေ ကို အစိုးရ က ပြင်းပြင်းထန်ထန် ဖြိုခွဲ ခဲ့ပြီးတဲ့ နောက် မလေးရှား က လူငယ်တွေဟာ သူတို့ရဲ့ အခွင့်အရေး တွေ အတွက် လမ်းပေါ် တက် ကာ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

ဒီအချိန်ဟာ ပြောင်းလဲမှု ကို စတင်ရမယ့် အချိန်ကောင်း ဖြစ်တယ်လို့လည်း မစ္စ ချင် က ယုံကြည်နေပါတယ်။ တောင်းဆို မှုတွေထဲမှာ အမျိုးသမီးငယ်တွေ မဖြစ်မနေ ပါဝင် သင့်တယ်လို့လည်း သူက ဆိုပါတယ်။

နောက်ပိုင်းမှာတော့ သူက ပါကာတန် ဟာပန် အတိုက်အခံ ညွှန့်ပေါင်း ပါတီ ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။

မေလ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာတော့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ပြန်လည် အရေးခံ ခဲ့ရသလို၊ မစ္စ ချင် ဟာလည်း ပတ္တလင်း ဂျာယာ ဒေသကို ကိုယ်စားပြုပြီး ရွေးချယ်ခံခဲ့ရပါတယ်။

Image caption ဘလော့ဂ်ဂါ ဟွမ်သပ်ဗီ က လူ့အခွင့်အရေး ရရှိဖို့ အတွက် တိုက်ပွဲ ဝင်နေသူ

ဟွမ်သပ်ဗီ (ဘလော့ဂ်ဂါ၊ ဗီယက်နမ်)

ရုပ်သံလွှင့်ထုတ် လွှင့်မှုတွေ ကို တင်းတင်းကျပ်ကျပ် တားမြစ်လေ့ ရှိပြီး အင်တာနက် စာမျက်နှာတွေနဲ့ သတင်း စီးဆင်းမှု တွေမှာ ဆင်ဆာ ဖြတ်တောက်မှု များပြား တဲ့ ဗီယက်နမ် လို နိုင်ငံမျိုးမှာ အမျိုးသမီး အရေး အတွက် တောင်း ဆိုသူ၊ လူ့အခွင့်အရေး လှုပ်ရှားသူ တဦး ရှိပါတယ်။

ဘလော့ဂ် ရေးသားသူ ဟွမ်သပ်ဗီ က လူနည်းစု တိုင်းရင်းသား တွေ ဖိနှိပ်ခံ နေရတာတွေ၊ အာဏာပိုင်တွေ ရဲ့ နှိပ်စပ်ညှင်းပန်းမှု ခံနေရတာတွေ ကို ရေးသား လေ့ ရှိပြီး လူ့အခွင့်အရေး ရရှိဖို့ အတွက် တိုက်ပွဲ ဝင်နေသူပါ။

သူ့ရဲ့ ဖခင် ဖြစ်သူ ဟွမ်ငေါ့တွမ် ကလည်း ၁၉၉၃ ခုနှစ်က အစိုးရ ကို အင်တာနက် စာမျက်နှာ ကနေ ဝေဖန်ရေးသား မိလို့ ထောင်ဒဏ် ဆယ်နှစ် ပြစ်ဒဏ် ကျခံ ခဲ့ရပါတယ်။

လက်ရှိ အချိန်မှာ လူ့အခွင့်အရေး အတွက် လှုပ်ရှား ဆောင်ရွက်မှုတွေ မရှိရင် ကျားမ ခွဲခြားမှုတွေကိုလည်း တောင်းဆိုလို့ ရမှာ မဟုတ်ဘူးလို့ သူက ယုံကြည် နေသူပါ။

ရဲတပ်ဖွဲ့ ရဲ့ စောင့်ကြည့်မှု ကို ခံရတာတွေ၊ ခြိမ်းခြောက် ခံရတာတွေ နဲ့ စစ်ဆေး မေးမြန်း ခံရတာတွေက သူ့ရဲ့ နေ့စဉ် ဘဝ လိုတောင် ဖြစ်နေခဲ့ ပါတယ်။

တရုတ် နိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံ တို့ အကြား မှာ ဖြစ်နေတဲ့ တောင်တရုတ် ပင်လယ် ထဲက နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွား နေတာနဲ့ ပတ်သက်လို့ ၂၀၁၂ ခုနှစ်တုန်း က ဗီယက်နမ် အစိုးရ ကို သူက ပြင်းပြင်းထန် ထန် ဆန့်ကျင် ဆန္ဒပြ ခဲ့ပါတယ်။

အဲဒီ အကျိုးဆက်ကြောင့်ပဲ သူ့ရဲ့ မွေးရပ်မြေနဲ့ မိုင်ရာချီ ဝေးတဲ့ နေရာ ကို ခေါ်သွားခံခဲ့ရပြီး ၁၂ နာရီကျော်ကြာ စစ်ဆေး မေးမြန်း ခြင်း ကို ခံခဲ့ရပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ က စစ်ဆေးပြီးနောက်မှာ လမ်းမှာ တွေ့တဲ့ ဓါတ်ဆီဆိုင် တခု မှာ စွန့်ပစ် ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်သူ့ ရဲ့ အသံတွေ တိတ်သွားအောင်တော့ အာဏာပိုင်တွေ က စွမ်းဆောင် နိုင်ခြင်း မရှိခဲ့ပါဘူး။

ဖခင်ဖြစ်သူ ကို ထောင်ဒဏ် ချမှတ် ထားတာ၊ အကြိမ်ကြိမ်ခြိမ်းခြောက်ခံရ မှုတွေကို သူ့ အနေနဲ့ စိုးရိမ် ထိတ်လန့်နေမှာ မဟုတ်ဘဲ၊ ဗီယက်နမ် က လူနည်းစု တွေ ရဲ့ အခွင့်အရေး အတွက် ဆက်လက် တောင်းဆို သွားမှာလို့ သူက ပြောနေပါတယ်။

(ကျန်တဲ့ စွန့်ဝံ့သူ အမျိုးသမီး တွေအကြောင်း ဆက်လက်ဖော်ပြသွားပါမယ်။)