အင်ဒိုနီးရှား သတ်ဖြတ်မှုကြီး ဖော်ထုတ်ဖို့ အချိန်သိပ်မကျန်တော့

  • 12 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Getty Images
Image caption မအောင်မြင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း ကျောင်းသားတွေက ကွန်မြူနစ်လူငယ်အဖွဲ့ ဌာနချုပ်ကို မီးရှို့ခဲ့ကြ။

အင်ဒိုနီးရှားနိုင်ငံမှာ ၁၉၆၅ ခုနှစ်က ဖြစ်ပွားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းမှုကြီး ဖြစ်ပေါ်အပြီး လူတွေ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘီဘီစီ အရှေ့တောင်အာရှ သတင်းထောက် Jonathan Head က Time running out for witnesses of Indonesia's darkest hour ဆောင်းပါးမှာ အခုလို ရေးသား ဖော်ပြထားပါတယ်။

၁၉၆၅ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ စစ်တပ်က တပ်ဖွဲ့ ၇ ဖွဲ့ဟာ အင်ဒိုနီးရှားမြို့တော် ဂျာကာတာရှိ စစ်တပ်က ဝါရင့်ထိပ်တန်းဗိုလ်ချုပ်ကြီး ၇ ဦး နေထိုင်ရာ နေအိမ်တွေဆီကို ဦးတည် သွားရောက်ခဲ့ကြပါတယ်။

အဲဒီအထဲက ၃ ဦးက အသတ်ခံရပြီး ၃ ဦးက အဖမ်းခံရကာ တပ်မှူးဖြစ်သူ Abdul Haris Nasution က လွှတ်မြောက်ခဲ့ပေမယ့် သူ့ရဲ့ ၅ နှစ်သမီးလေးက သေနတ်နဲ့ပစ်ခတ်မှုတွေကြောင့် သေလုမျောပါး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ဗိုလ်ချုပ် ၃ ဦးကတော့ ဂျာကာတမြို့တောင်ဘက်က လေတပ်စခန်းတစ်ခုကို ခေါ်ဆောင်တာခံရပြီး အသတ်ခံခဲ့ရကာ သူတို့ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ရေတွင်းတစ်ခုထဲမှာ ပစ်ချထားခဲ့ပါတယ်။

၂၀ ရာစုနှစ်ထဲမှာ အဆိုးဝါးဆုံး အစုအပြုံလိုက် သတ်ဖြတ်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဒီအဖြစ်အပျက်က အင်ဒိုနီးရှားရဲ့ ခေတ်သစ်သမိုင်းကြောင်းကို အကြီးအကျယ် ပြောင်းလဲခဲ့ပါတယ်။ ကမ္ဘာ့ တတိယ အကြီးဆုံး ကွန်မြူနှစ်ပါတီကို ဖယ်ရှားလိုက်ပြီး ဗိုလ်ချုပ်ကြီးတဦးကို ဆယ်စုနှစ် သုံးစုကြာအောင် တိုင်းပြည်ကို အုပ်ချုပ်စေခဲ့တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံကိုလည်း စစ်အေးခေတ်ကာလအတွင်းမှာ အမေရိကန်ရဲ့ ဩဇာသက်ရောက်မှုအောက် ကျရောက်စေခဲ့ပါတယ်။

နှစ်ပေါင်း ၅၀ ကြာခဲ့ပေမယ့်လည်း ဒီအဖြစ်အပျက်တွေကို အင်ဒိုနီးရှားမှာ ကောင်းကောင်းမသိရှိကြသေးဘဲ ဗိုလ်ချုပ်ကြီးတွေကို ဆန့်ကျင်တဲ့ ဒီလှုပ်ရှားမှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေနဲ့ သူတို့ရဲ့အကြောင်းတွေကိုလည်း အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စိတ်မချမ်းမြေ့စရာကောင်းတဲ့ အစုအပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ အကျဉ်းထောင်အတွင်းရက်စက်မှုတွေ၊ ဒီလုပ်ရပ်တွေအတွက် လိပ်ပြာမသန့်ဖြစ်နေမှုတွေက မိသားစု သန်းပေါင်းများစွာကို ခြောက်လှန့်နေခဲ့ပြီး ယနေ့ထိတိုင် အင်ဒိုနီးရှားလူမှုအသိုင်းအဝန်းမှာ စိုးရိမ်စိတ်ပျက်စရာတွေအဖြစ် အရိပ်ပမာ ကျန်ရစ်ခဲ့ပါတယ်။

မိကျောင်း တွင်း

၁၉၆၅ ခု ဖြစ်ရပ်တွေအပြီး အောင်မြင်သူအဖြစ် ပေါ်ထွက်လာခဲ့တဲ့ သမ္မတ ဆူဟာတို နှစ်ရှည်အုပ်ချုပ်ခဲ့တဲ့ကာလ လွန်ခဲ့တဲ့ ၂ နှစ်ခွဲ အချိန်လောက်တုန်းက ဘီဘီစီ သတင်းထောက်အဖြစ် ကျနော် ဂျာကာတာမြို့မှာ အခြေစိုက် လုပ်ကိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စာအုပ်ဆိုင်အပါအဝင် ကွန်မြူနစ်နဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ တိုက်ခိုက်ခံရ။

နှစ်စဉ်နှစ်တိုင်း အင်ဒိုနီးရှားမှာ မြင်သံကြားလိုင်းတွေကနေ ၁၉၆၅ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အစိုးရက ရိုက်ကူးထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒါ့အပြင် အခု crocodile hole မိချောင်းတွင်းလို့ ခေါ်ဆိုနေကြတဲ့ လေတပ်စခန်းရှိ ရေတွင်းနားမှာလည်း အခမ်းအနားတွေ ပြုလုပ်ကြပါတယ်။

ဒီဖြစ်ရပ်မှာ အင်ဒိုနီးရှား ကွန်မြူနစ်ပါတီ PKI က ဦးဆောင်ပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ပါတီကေဒါတွေဟာ အကျင့်ပျက် ရက်စက်ပြီး အသတ်ခံရတဲ့ ဗိုလ်ချုပ်ကြီး ၆ ဦးနဲ့ ဗိုလ် ၁ ဦးတို့ ဟာ ကြောက်မက်ဖွယ် ဒုက္ခဆိုးတွေကို ခံစားကြရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဆူဟာတိုက ကွန်မြူနစ်ဝါဒကို မကောင်းတဲ့ အန္တရာယ်ရှိတဲ့ မကောင်းဆိုးဝါး တစ်ခုလိုပြောဆိုနေပြီး အင်ဒိုနီးရှားပြည်သူတွေ သတိဝိရိယနဲ့ န်ိုးနိုးကြားကြား မရှိကြရင် အဲဒီ ဝါဒီတွေက တိုင်းပြည်ကို နောက်ပြန် လှည့်သွားစေနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အာဏာရှင်ဆန်တဲ့ အစီစဉ်သစ် အုပ်စိုးမှုကတော့ ဆက်လက် တည်ရှိခဲ့ပါတယ်။

လန်ဒန်မှာရှိတဲ့ အင်ဒိုနီးရှား လူ့အခွင့်အရေးအဖွဲ့အတွက် နှစ်အတော်ကြာ လုပ်ကိုင်ပေးခဲ့တာကြောင့် ဒီအဖြစ်အပျက် တော်တော်များများကို ကျနော်သိရှိခဲ့ပါတယ်။

ဒါပေမယ့် ဆူဟာတို လက်အောက်မှာ ဘာမှ လွတ်လွတ်လပ်လပ် ပြောဆိုလို့ မရပါဘူး။ သံသယအဖြစ်ခံရတဲ့ ကွန်မြူနစ်တွေကို သတ်ခဲ့တဲ့ နေရာတွေရှိရာ ဂျာဗားက တောရွာတွေကို အခါအားလျော်စွာ ကျနော်သိရှိခဲ့ပါတယ်။ လူငယ်ပိုင်းတွေက သူတို့မိဘတွေကို မေးမြန်းပေးခဲ့ကြပေမယ့် ဘာအဖြေမှ မရရှိခဲ့ပါဘူး။

၁၉၆၅ ခုနှစ်မှာ ဘာဖြစ်ခဲ့သလဲ

ကွန်မြူနစ်ကိုလိုလားသူတွေလို့ စွပ်စွဲပြောဆိုနေတဲ့ စစ်သားတွေရဲ့အချိန်တိုအတွင်း တိုက်ခိုက်ခံရမှုကြောင့် ဗိုလ်ချုပ်ကြီး ၆ ဦးသေဆုံးခဲ့ပြီးနောက်မှာတော့ အင်ဒိုနီးရှားစစ်တပ်နဲ့ ကွန်မြူနစ်ပါတီတို့အကြား အားပြိုင်မှုဟာ အမြင့်မားဆုံးကို ရောက်ရှိခဲ့ပါတယ်။

သမ္မတ ဆူကာနိုရဲ့ နန်းတော်အစောင့်တာဝန်ယူသူ ဗိုလ်မှူးကြီးတစ်ဦးခေါင်းဆောင်တဲ့ အရာရှိတွေပါတဲ့ အဖွဲ့က အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး ဆူဟာတို ဦးဆောင်တဲ့ ကွန်မြူနစ်ဆန့်ကျင် သုတ်သင်ရေး လှုပ်ရှားမှုအတွင်းမှာ သင်္ကာမကင်းဖြစ်ခံရတဲ့ ထောင်ပေါင်း ရာချီတဲ့ လက်ဝဲဝါဒီတွေ အသတ်ခံခဲ့ရပြီး လူအတော်များများဟာ အဖမ်းခံရကာ အစစ်အဆေးမရှိ ထောင်ချခံခဲ့ကြရပါတယ်။

၁၉၆၆ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီး ဆူဟာတိုဟာ သမ္မတ ဆူကာနို ရဲ့ အရေးပေါ်အာဏာလွှဲအပ်ခြင်း ခံရပြီး နောက်တနှစ်မှာ သမ္မတ ဖြစ်လာကာ အင်ဒိုနီးရှားနိုင်ငံကို ၃၁ နှစ်ကြာ အုပ်ချုပ်ခဲ့ပါတယ်။

ဘီဘီစီ ကိုယ်တွေ့အစီအစဉ်မှ သိရှိချက်များ

၁၉၆၅ ခုနှစ် ကသောင်းကနင်းဖြစ်မှုတွေကြောင့် ဘဝပျက်စီးဆုံးရှုံးခဲ့ရတဲ့ လူတချို့ကို ကျနော်သိရှိခဲ့ပါတယ်။ အဖွားဖြစ်သူက ကွန်မြူနစ်အုပ်စုတွေနဲ့ ဆက်သွယ်မှုရှိခဲ့တာကြောင့် တက္ကသိုလ်မတက်နိုင်တာ၊ နိုင်ငံရေးအကျဉ်းသားအဖြစ် တခါက ထောင်ကျခဲ့ဖူးတာကြောင့် အလုပ်ကိုင်ကောင်း မရရှိနိုင်တာ စတဲ့သူတွေ ဖြစ်ပါတယ်။.

လူပေါင်း ၁ သိန်းလောက်ရှိတဲ့ ယခင် အကျဉ်းသမားတွေဟာ ရုံးတင် အစစ်အဆေးမရှိဘဲ ၁၉၉၅ ခုနှစ်အထိ ထောင်ထဲမှာ ဆိုးဆိုးရွားရွား ထိန်းသိမ်းခံခဲ့ရပြီး ၁၉၆၅ ကနေ ၁၉၇၉ ခုနှစ်တွေအတွင်းမှာ သူတို့ရဲ့ အမျိုးသားသက်သေခံ ကတ်ပြားတွေမှာ ex-tapol ကို သင်္ကေတပြုထားတဲ့ ET စာလုံး ထည့်သွင်း ပါရှိပါတယ်။ ဒီစာလုံး အဓိပ္ပါယ်ကတော့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆိုတာ ဖေါ်ပြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရှင်းလင်းရေးတွေ စတင်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဆူဟာတို အင်ဒိုနီးရှားနိုင်ငံကို ၃၁ နှစ်ကြာ အုပ်ချုပ်ခဲ့။

နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးသူတွေဟာ အင်ဒိုနီးရှားမှာ ဒီနေ့အထိ ခွဲခြားဆက်ဆံခံရမှုတွေအတွက် ညည်းညူပြောဆိုနေကြပါတယ်။

၁၉၉၈ ခုနှစ်မှာ ပြည်သူလူထုရဲ့ အုံကြွပေါက်ကွဲမှုတွေကြောင့် ဆူဟာတို သမ္မတရာထူးက နှုတ်ထွက်ပေးခဲ့ရပြီး နောက်မှာ တိတ်ဆိတ်နေခဲ့တဲ့ ၁၉၆၅ ခုနှစ်အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

၁၉၆၅ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံဟာ အားပြိုင်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး ၁၉၅၉ ခုနှစ်မှာ သမ္မတ ဆူကာနိုက ပါလီမန်စနစ်သစ်ကို စတင် အစားထိုးလုပ်ဆောင်ခဲ့ပါတယ်။

သူပုန်တွေ၊ အာဏာသိမ်းဖို့ ကြိုးစားမှုတွေကို နှိမ်နင်းခဲ့ပြီး နိုင်ငံတခုလုံးမှာ ပဋိပက္ခဖြစ်လုနီးအခြေအနေတွေနဲ့ ဒတ်ခ်ျ ကိုလိုနီလက်အောက်၊ ဗြိတိသျှလက်အောက်တွေက ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဆူကာနို က အမေရိကန် ဦးဆောင်တဲ့ ဩဇာခံနယ်ပယ် ထူထောင်ရေးကို ဆန့်ကျင်ခဲ့ပြီး ကုလသမဂ္ဂကနေ အင်ဒိုနီးရှားကို ထုတ်ခဲ့ပါတယ်။ စီးပွားရေးအခြေအနေကလည်း ပြိုလဲမတတ် နီးပါး ဖြစ်ခဲ့ပါတယ်။

အားနည်းချက်တွေနဲ့ မထိရောက်တဲ့ အစီအစဉ်

အခု ဖြစ်ခဲ့ရတဲ့ မငြိမ်သက်မှုမှာ ပါတီဝင် ၃ သန်းနဲ့ ထောက်ခံသူ သန်း၂၀ လောက်ရှိတဲ့ အင်ဒိုနီးရှား ကွန်မြူနစ်ပါတီ PKI က သူတို့ ဩဇာလွှမ်းမိုးရေးအတွက် ဂျာဗား နယ်မြေ ပြင်ဆင်ခွဲဝေမှုတွေမှာ ဝင်ရောက် အားပေးအားမြှောက် လုပ်ခဲ့ကြပါတယ်။

အဲဒီအချိန်ကပြီး အမေရိကန်ရဲ့ လေ့ကျင့်သင်ပြမှုတွေကို လက်ခံနှစ်ခြိုက်ပြီး နိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေမှာ အရေးပါတဲ့ကဏ္ဍက ရှိနေတဲ့ အင်ဒိုနီးရှားစစ်တပ်က ကွန်မြူနစ်ပါတီကို အန္တရာယ်အဖြစ် မြင်လာပါတယ်။ အထူးသဖြင့် စစ်တပ်အလွှာအတွင်း အပြောင်းအလဲတွေ ဖြစ်အောင် လုပ်ဆောင်လာမှုတွေ ဖြစ်ပါတယ်။ ဆူကာနို ကျန်းမာရေး မကောင်းတဲ့အချိန်မှာတော့ အဆုံးသတ် ယှဉ်ပြိုင်ဗိုလ်လုပွဲ ဖြစ်ခဲ့ပုံရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကွန်မြူနစ်ပါတီကို ပိတ်ပစ်ဖို့ ကျောင်းသားတွေ ဆန္ဒပြတောင်းဆို။

ဒါပေမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတွေကို ရှင်းလင်းဖို့ မအောင်မြင်ခဲ့တဲ့ ကြံစည်မှုဟာ ထိရောက် သေချာမှုမရှိတဲ့ အစီအစဉ်တစ်ခုသာ ဖြစ်ခဲ့ပါတယ်။

လက်ဝဲဝါဒီ အရာရှိတွေ ဦးဆောင်ပြီး စစ်တပ်ဖွဲ့ အနည်းငယ်ကသာ ပါဝင်ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

PKI ကွန်မြူနစ်ပါတီ ခေါင်းဆောင် DN Aidit က အစီအစဉ်မှာ ပါဝင်ခဲ့ပေမယ့် အဓိက အရေးကြီးဆုံး နေရာက ပါဝင်လှုပ်ရှားသူကတော့ လျှို့ဝှက် ထောက်လှမ်းရေးသမား တစ်ဦးဖြစ်တဲ့ Sjam Kamaruzaman ဆိုသူ ဖြစ်ပါတယ်။ သူဟာ စစ်တပ်အတွင်းမှာ စစ်သည်တွေအကြား စိမ့်ဝင်ထိုးဖောက်ဖို့ အဓိက ရည်ရွယ်ဖွဲ့စည်းထားတဲ့ လူသိနည်းတဲ့ PKI ရဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်သူဖြစ်ပါတယ်။

ဒါပေမယ့် ကွန်မြူနစ် ပါတီဝင်အများစုက ဒီလျှို့ဝှက် ပူးပေါင်းကြံစည်မှုကို မသိရှိခဲ့ကြသလို အသင့်ပြင်ဆင်ထားမှုလည်း မရှိခဲ့ကြပါဘူး။

ထူးခြားတာတခုက ကြံစည်သူတွေဟာ ဗိုလ်ချုပ်ကြီး ဆူဟာတိုကို ဂရုမစိုက်ခဲ့ကြတာ ဖြစ်ပြီး ဆူဟာတိုဟာ အရေးကြီးတဲ့ Kostrad မဟာဗျူဟာ အရန်တပ်ဖွဲ့အပေါ် ဩဇာအာဏာရှိတဲ့သူ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ် ဆူဟာတို ရာထူးက နုတ်ထွက်အပြီး အာဏာသိမ်းဖို့ကြံစည်သူတွေထဲက အသက်ရှင်ကျန်ရစ်သူ ဗိုလ်မှူးကြီး Latief က သူတို့ရဲ့ အစီအစဉ်တွေကို လုပ်ငန်းမစခင် တစ်ရက်အလိုမှာ ဆူဟာတိုကို အကြောင်းကြားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ သူထင်တာက ဆူဟာတိုဟာ သူတို့ဘက်မှာ ရပ်တည်မယ်လို့ နားလည်ထားခဲ့တာပါ။ ဒါဟာ ဆိုးဆိုးရွားရွား အတွက်မှားခဲ့တာ ဖြစ်ပါတယ်။

ဒိနောက်မှာတော့ ဆူဟာတိုက ထိရောက်မြန်ဆန်တဲ့ တန်ပြန် အာဏာသိမ်းမှုကို လုပ်လိုက်ပြီး ၂၄ နာရီအတွင်း ပူးပေါင်းကြံစည်သူတွေကို လူစုခွဲခဲ့ပါတယ်။ မစ္စတာ Aidit အပါအဝင် PKI ခေါင်းဆောင်တွေ အဝိုင်းခံခဲ့ရပြီး ကွပ်မျက်ခံခဲ့ရသလို တခြားအဖွဲ့ဝင်တွေလည်း အဖမ်းခံခဲ့ရကာ နောက်ပိုင်းမှာ ကွပ်မျက်ခံခဲ့ရပါတယ်။

စစ်တပ်က မီဒီယာကို ထိန်းချုပ်ခဲ့ပြီး PKI ပါတီအပေါ် လူတွေအမျက်ဒေါသထွက်အောင် လှုံဆော်ခဲ့ပါတယ်။

ဒိနောက်မှာတော့ သတ်ဖြတ်မှုတွေ စတင်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၅ သိန်း သေဆုံးခဲ့ပါတယ်။

ဒီသတ်ဖြတ်မှုတွေမှာ ပါဝင်သူ တစ်ဦးဖြစ်တဲ့ အရှေ့ဂျာဗားကျွန်း Pasuruan မြို့က လူတစ်ဦးကို ၂၀၀၁ ခုနှစ်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတဖြစ်လာခဲ့တဲ့ အဒူရာမန် ဝါဟစ်က အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ ဖြစ်ပေါ်မှာ စိုးရိမ်ခဲ့။

ကျနော်တို့ လူတွေကို ပင်လယ်ကမ်းခြေရှိ တံတားရှည်တစ်ခုဆီကို ခေါ်သွားပါတယ်။ နောက် ဒုတ်တွေနဲ့ အသေ ရိုက်နှက်ပြီး သူတို့အလောင်းတွေကို ပင်လယ်ထဲ ပစ်ချခဲ့ပါတယ်လို့ အဲဒီလူက ပြောပါတယ်။ အဲဒီ တနေရာတည်းမှာပဲ လူတွေ ရာပေါင်းများစွာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဒူရာမန် ဝါဟစ်ဟာ ဂျားဗားမှာ နေထိုင်တဲ့တခြားသူတွေလိုပဲ Nahdlatul Ulama (NU) လို့ခေါ်တဲ့ လူပေါင်းသန်းပေါင်းများစွာပါဝင်တဲ့ အင်ဒိုနီးရှားရှိ အစ္စလာမ်မစ် အဖွဲ့အစည်းကို အားပေးထောက်ခံသူ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ NU အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ၊ ပြုပြင်ပြောင်းလဲရေးကို လိုလားသူ အဒူရာမန် ဝါဟစ်ဟာ ၁၉၉၉ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဖြစ်လာခဲ့ပါတယ်။

၁၉၆၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကြောက်စရာကောင်းတဲ့ သွေးထွက်သံယိုမှုမှာ ပါဝင်ခဲ့ကြတဲ့ NU အဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေကို သိရှိခဲ့တာကြောင့် အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်ပြီး ဆူဟာတိုကို ရာထူးက ဖြုတ်ချရေးမှာ သူ အားမပေးခဲ့တာဖြစ်တယ်လို့လည်း မစ္စတာ ဝါဟစ်ဟာက ကျနော့်ကို ပြောပြခဲ့ပါတယ်။

ဒါပေမယ့် အစုအပြုံအလိုက် သတ်ဖြတ်မှုတွေဟာ စစ်တပ် အထူးတပ်ဖွဲ့တွေ ရောက်ရှိလာပြီးမှသာ စတင်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး သူ့အစိုးရ အာဏာတည်မြဲရေးအတွက် ဆူဟာတိုရဲ့ အန္တရာယ် ဖြေရှင်းလိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ စစ်တပ်က အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ရာထူးက ဖယ်ပေးခဲ့တဲ့ ဆူဟာတိုပြီးရင် အင်ဒိုနီးရှား စတုတ္တမြောက်ဖြစ်တဲ့ သမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိုရိုနိုရဲ့ ယောက္ခမဖြစ်သူ ဗိုလ်မှူးကြီး Sarwo Edhie က ဒီတပ်တွေကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဆူဟာတို ရာထူးက ဖယ်ရှားပေးပြီးတဲ့နောက် ၁၇ နှစ်ကြာခဲ့ပေမယ့်လည်း ၁၉၆၅ ခုနှစ် အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ ဆွေးနွေးပြောဆိုမှုတွေ ကတော့ မပေါ်ပေါက်သေးပါဘူး။

ဩဇာအာဏာရှိတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ဆဲဖြစ်တဲ့ အင်ဒိုနီးရှားစစ်တပ်ဟာ လူသိရှင်ကြားပြောဆိုနေကြတဲ့ သူတို့ရဲ့ နောက်ကြောင်းမရှင်းတဲ့ လုပ်ရပ်တွေကြောင့် မျှက်နှာပျက်စရာတွေ အများကြီး ရှိနေပါတယ်။

သင်္ချိုင်းမြေပုံတွေကို တူးဖော်

အမေရိကန် ဒါရိုက်တာ Joshua Oppenheimer က ၁၉၆၅ ခုနှစ် သတ်ဖြတ်မှုကြီးမှာ ပြစ်မှုကျူးလွန်သူတွေ ခံရတဲ့သားကောင်တွေရဲ့ အဖြစ်အပျက်တွေကို မကြာသေးခင်ကမှ ရိုက်ကူးထားတဲ့ အံ့အားသင့်စရာ ရုပ်ရှင် နှစ်ကားတွဲကြောင့် ကမ္ဘာက ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

အဲဒီ ရုပ်ရှင်ကို အင်ဒိုနီးရှားမှာ ပြသခဲ့ပြီး အင်ဒိုနီးရှားပြည်သူတွေအကြား စိတ်ခံစားမှုတွေကို ဖြစ်ပေါ်စေခဲ့သလို တချို့လူတွေကလည်း ဒီအဖြစ်အပျက်ကို ဒိထက် ပိုသိချင်စိတ်တွေ ရှိလာကြပါတယ်။

တချို့နေရာတွေမှာတော့ မိသားစုဝင်တွေက လူသေအလောင်းတွေ အစုအပြုံလိုက် မြှပ်ထားတယ်လို့ ယူဆရတဲ့ သင်္ချိုင်းမြေပုံတွေမှာ သေဆုံးသူတွေရဲ့ အစအနတွေများ ကျန်ခဲ့မလားဆိုပြီး တူးဖော်မှုတွေလည်း လုပ်ခဲ့ကြပါတယ်။

အဲဒီအချိန်က ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နယ်သာလန်နိုင်ငံက လူအခွင့်အရေး လှုပ်ရှားသူတွေက ပြည်သူ့ခုံရုံးတစ်ခုကို ဖွဲ့စည်းထားပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို ကတော့ သေမှုသေခင်းစုံစမ်းဖို့ နိုင်ငံတော်က လုပ်ဆောင်ပေးမယ်လို့ ကတိပေးထားခဲ့ပေမယ့် အခုအချိန်အထိ အနည်းငယ်သာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်အနေနဲ့ အသတ်ခံရသူတွေကို တောင်းပန်ဖို့ုအတွက် ငြင်းဆိုခဲ့ပါတယ်။

ကြောက်စရာကောင်းလှတဲ့ လူစုလူဝေးသတ်ဖြတ်မှုတွေကို မျှက်မြင်တွေ့ခဲ့တဲ့ အမှန်တွေကို ထုတ်ဖော် ပြောဆိုနိုင်သူတွေထဲမှာ အသက်ရှင်နေဆဲ သူတွေဟာ တနှစ်ထက်တနှစ် တဖြေးဖြေးနဲ့ လျော့ပါးလာနေပါတယ်။

အဲဒီအချိန်က ကြောက်မက်ဖွယ်ရာ ဖြစ်စဉ်တွေကို ပြန်လည်ထုတ်ဖော်ပြောဆိုဖို့နဲ့ အင်ဒိုနီးရှားရဲ့ စိတ်မကောင်းစရာ ဇာတ်လမ်းမှာ သေဆုံးခဲ့သူတွေရဲ့ ဝိညာဉ်တွေ ခိုနားရာရဖို့အတွက် အချိန် သိပ်မကျန်တော့ပါဘူး။