မြန်မာ၊ မန္တလေး နဲ့ ဒေါ်အောင်ဆန်းစုကြည်

  • 12 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Getty Images
Image caption မန္တလေးမြို့ရဲ့ လက်ရာမြောက်လှတဲ့ စေတီပုထိုးတွေထဲက မြင်ကွင်းတခု။

ဆယ်စုနှစ်ပေါင်းများစွာ တာရှည်ခဲ့တဲ့ စစ်အာဏာရှင်စနစ်၊ ပြင်းထန်တဲ့ အနောက်နိုင်ငံရဲ့ အရေးယူမှုတွေ နဲ့ နာဂစ်မုန်တိုင်းကြောင့် ဆုံးရှုံးပျက်စီးမှုတွေ အပြီးမှာတော့ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော် နဲ့ စီးပွားရေးအချက်အချာ ဖြစ်လာနေတဲ့ မန္တလေးမှာ အပြောင်းအလဲတွေ မြန်ဆန်နေတာ တွေခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက် Leo Johnson က မကြာသေးခင်က သွားရောက်ခဲ့တဲ့ သူ့ခရီးစဉ်နဲ့ပတ်သက်ပြီး သူ့မြင်တွေ့ခဲ့တာတွေကို အခုလို တင်ပြထားပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ မြင်ကွင်းတွေ တွေ့ရလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် မန္တလေးကို စရောက်တဲ့ ပထမနေ့မှာပဲ မာစီးဒီးကား ပြခန်းသစ်ကြီး၊ ခြံဝင်းကျယ် အိမ်ကြီးအိမ်ကောင်းတလုံး တလုံးကို ဒေါ်လာ ၂ သန်းခွဲနဲ့ ရောင်းချနေတဲ့ မင်္ဂလာမန္တလေး မြို့သစ် နဲ့ နိုက်ကလပ်ကြီးမှာ တန်ဘိုးကြီးတဲ့ ဘလူးလေဘယ် ဂျော်နီဝါကား အရက်ကို ပုလင်းလိုက် ထောင် သောက်နိုင်သူတွေကို မြင်တွေ့ခဲ့ရပါတယ်။

စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကြောင့် မန္တလေးရဲ့ စီးပွားရေး ကျဆင်းမသွားခဲ့ပါဘူး။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား လမ်းခုလတ်မှာ တည်ရှိတဲ့ ဧရာဝတီမြစ် ကမ်းနဖူးက မန္တလေးမြို့ဟာ ကမ္ဘာ့လူဦးရေ ၄၀ ရာခိုင်နှုန်းလောက်နဲ့ တိုက်ရိုက် ကုန်သွယ်ဖောက်ကားနိုင်တဲ့ နေရာကောင်းတခုဖြစ်ပါတယ်။ အခုဆိုရင်တော့ စီးပွားရေးအရ တရှိန်ထိုး တက်တော့မယ့်အချိန် စရောက်နေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပထမဆုံး ပွင့်လင်းမြင်သာတဲ့ အထွေထွေရွေးကောက်ပွဲကြီးကို နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း ပြုလုပ်တော့မှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော် နဲ့ စီးပွားရေးအချက်အချာ ဖြစ်လာနေတဲ့ မန္တလေး။

ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်အစိုးရ အုပ်ချုပ်ပြီးတဲ့နောက် မြန်မာနိုင်ငံဟာ လူမှုရေး စီးပွားရေး နိုင်ငံရေး လွတ်လပ်မှုတွေဆီ တကယ်ပဲ ဦးတည်နေပြီလား၊ ဒါမှမဟုတ် ဗိုလ်ချုပ်ကြီးတွေရဲ့ လှည့်ကွက် အဆုံးသတ်သွားပြီလားလို့ မေးစရာ ဖြစ်လာပါတယ်။

အစိုးရစောင့်ကြည့်သူနဲ့ ကျနော်

မြန်မာတနိုင်ငံလုံး အနေနဲ့ရော မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော်တခုမှာပါ ပြည်သူတွေအတွက် တကယ်ပဲ အပြောင်းအလဲတွေ ဖြစ်နေပြီလားဆိုတာ သိရှိဖို့ မန္တလေးမြို့ကို ကျနော် သွားရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ချိန်ကစပြီး သတင်းလွတ်လပ်ခွင့် ရှိလာပြီး ဖမ်းဆီးထားသူတချို့ကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ ခရီးစဉ်မှာတော့ ကျနော်တို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်ဖို့ အစိုးရက ပုဂ္ဂိုလ်တဦး ထည့်ပေးခဲ့ပါတယ်။

အဲဒီ စောင့်ကြည့်သူ ပုဂ္ဂိုလ်က သူ့နာမည်ကို ဦး လို့ပဲခေါ်ပါဆိုပြီး ပြုံးပြုံးလေး ပြောပါတယ်။ သူ့လက်ထဲမှာတော့ မှတ်စုစာအုပ် အသေးလေး ကိုင်ထားပြီး ကျနော်တို့ တွေ့ဆုံမေးမြန်းတဲ့ လူတွေရဲ့ နေရပ်လိပ်စာနဲ့ ဖြေကြားချက်တွေကို သူ့ရဲ့စာအုပ်ထဲမှာ မှတ်သားထားပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို တန်ပြန် တုန့်ပြန်နိုင်ဖို့အတွက် ကျနော်တို့ အဖွဲ့မှာ ဦး ကို ထည့်ပေးထားတာ ဖြစ်ပါတယ်။

ကျနော်တို့ဟာ သီတင်းတစ်ပတ်ကျော်ကြာ ခရီးစဉ်အတွင်းမှာ မန္တလေးကို လှည့်လည် သွားခဲ့ကြပြီးတဲ့နောက် စောင့်ကြည့်သူရဲ့ သတင်းပေးချက်အရ ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း နားစွင့်နေခဲ့ကြရပါတယ်။

ဒိနောက်မှာတော့ ဆေးမှင်ကြောင်ထိုးတဲ့ဆိုင်ကို ကျနော်တို့ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ အဲဒီဆိုင်ဟာ အထူးသဖြင့် The Lady လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကို ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ လက်မောင်းမှာ ရေးထိုးပေးတဲ့ ဆိုင်ဖြစ်ပါတယ်။ ဦး ကတော့ အဲဒီဆေးမှင်ကြောင်တွေကို နှစ်သက်စွာ ငေးကြည့်နေခဲ့ပါတယ်။

ဒါ့အပြင် ၁၉၈၈ ခု ဒီမိုကရေစီ အုံကြွမှုကြီးအတွင်း ရိုက်နှက်ခံရလို့ သေဆုံးခဲ့တဲ့ လှုပ်ရှားတက်ကြွသူတစ်ဦးနဲ့ မောင်နှမတော်စပ်သူ မမေရီနန္ဒာနဲ့ သွားတွေ့ခဲ့ပါသေးတယ်။ ဒီအခါမှာလည်း ဦး တယောက် ယပ်တောင်လေးခပ်ပြီး ရိုရိုကျိုးကျိူးလေး ထိုင်နေခဲ့ပါတယ်။

Image caption ဆရာတော် အရှင်ဝီရသူ ထံကိုလည်း တွေ့ဆုံမေးမြန်းဖို့ သွားရောက်ခဲ့။

ဒီနောက် မစိုးရိမ်ကျောင်းတိုက်သစ်က ဆရာတော် အရှင်ဝီရသူ ထံကိုလည်း တွေ့ဆုံမေးမြန်းဖို့ သွားရောက်ခဲ့ပါတယ်။ အရှင်ဝီရသူဟာ "the face of Buddhist terror" ဆိုတဲ့ ဆောင်းပါအမည်နဲ့ Time Magazine မျှက်နှာဖုံးမှာ ဖော်ပြခံရတဲ့ ဆရာတော် ဖြစ်ပါတယ်။

ကန့်သတ်မှုတွေ ရှိ

ကျနော်တို့ကို လိုက်လံစောင့်ကြည့်သူက ဆရာတော်ကို ဂါရ၀ပြုဖို့ ခွင့်တောင်းခဲ့ပါသေးတယ်။

ညဖက်ပိုင်းမှာတော့ မန္တလေး ကျုံးဘက်ကို ရောက်ခဲ့ပါတယ်။ အဲဒီကျုံးရဲ့ အတွင်းမှာတော့ စစ်ဌာနချုပ်တွေ အခြေချရာ နန်းတော်ဟောင်း ရှိနေပါတယ်။။ ဒီကျုံးအနီးမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က လိင်တူဆက်ဆံသူ လူတစ်စုကို အမျိုးသမီးလို ဝတ်ဆင်တဲ့ ပြစ်မှုနဲ့ ဖမ်းဆီး ရိုက်နှက်မှုတွေလည်း ရှိခဲ့ပါတယ်။

Image caption Leo Johnson နဲ့ အစိုးရရဲ့စောင့်ကြည့်သူပုဂ္ဂိုလ်။

အမျိုးသမီးလို ဝတ်ဆင်ထားတဲ့ အုပ်စုရှိရာကို ကျနော်တို့သွားပြီး မော်လီဆိုသူ နဲ့ သူ့အဖော် ၂ ဦးကို စကားပြောကြည့်ပါတယ်။ သူတို့ကို အခု ဘာတွေ ပြောင်းလဲနေသလဲလို့ မေးတဲ့အခါမှာတော့ သူတို့က အခု အရင်လို မဟုတ်တော့ဘူး၊ ခေတ်ပေါ် မလုံ့တလုံ အဝတ်အစားတွေ ဝတ်နိုင်ပြီလို့ ဆိုကြပါတယ်။

ကျေးလက်က ခြားနားချက်

နောက်တနေ့မှာတော့ ကားတွေကြပ်နေတာကြောင့် ဦး နဲ့ ကားကို ထားခဲ့ပြီး အငှားမော်တော်ဆိုင်ကယ်တွေနဲ့ ကျေးလက်ဘက်ကို ကျနော်တို့ ထွက်လာခဲ့ကြပါတယ်။

မြို့တွင်းက ထွက်လာတာနဲ့ ဆင်းရဲ ချမ်းသာ ကွာဟချက်ကို အထင်အရှား တွေ့မြင်လိုက်ရပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံရဲ့ လယ်သမား ၇၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရှေ့ဖြစ်လာမယ့် တိုးတက်မှုနဲ့ အတူ တကယ့် စိမ်ခေါ်မှုတွေ ကလည်း ရှိကောင်းရှိနေနိုင်ပါတယ်။

ကမ္ဘာ့ စီးပွားရေးတိုးတက်မှု အမြန်ဆုံးနိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ စတုတ္တမြောက် နိုင်ငံဖြစ်တယ်လို့ ကမ္ဘာ့စီးပွားရေး ညီလာခံက ပြောဆိုခဲ့ပါတယ်။ ကျွန်းသစ်၊ ကျောက်စိမ်း၊ ပတ္တမြားစတဲ့ သယံဇာတ အရင်းအမြစ်တွေနဲ့ ရာဘာအပါအဝင် မထုတ်ရသေးတဲ့ ရေနံ ၁၀ ထရီလီယံ ကုဗပေ နဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကျောက်စိမ်းက အဓိက စီးပွားရေးလုပ်ငန်းတခု ဖြစ်လာ။

ဒါပေမယ့် မြန်မာနိုင်ငံဟာ သဘာ၀ အရင်းအမြစ် စီမံခန့်ခွဲမှု ညွှန်းကိန်းအရ သဘာ၀ အရင်းအမြစ် ကြွယ်ဝတဲ့နိုင်ငံ ၅၈ နိုင်ငံအနက် အဆင့် ၅၈ နဲ့ အနိမ့်ဆုံးဖြစ်နေပါတယ်။ အဲဒီညွန်းကိန်းဟာ သယံဇာတထုတ်လုပ် ရေးကြောင့် ဖြစ်ပေါ်မယ့် သက်ရောက်မှုတွေ ဘယ်လောက် နည်းပါးအောင် လုပ်နိုင်သလဲ ဆိုတာနဲ့ ရရှိတဲ့ အကျိုးအမြတ်တွေကို ဒေသခံတွေခံစားနိုင်အောင် ဘယ်လိုခွဲဝေသုံးစွဲသလဲ ဆိုတဲ့ စွမ်းဆောင်နိုင်မှုကို အကဲဖြတ်တာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်းမှာလည်း တရုတ် ငွေကြေးအကူအညီနဲ့ ပြုလုပ်မယ့် ရေအားလျှပ်စစ် စီမံကိန်း အစီအစဉ်တွေဟာ ဒေသခံတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ရွှေ့ဆိုင်းထားခဲ့ရပါတယ်။

စစ်တပ်ချုပ်ကိုင်ထားတဲ့ အရင်းရှင်ဝါဒ

မန္တလေးမြို့က မိုင်အနည်းငယ် အကျော်မှာတော့ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို မန္တလေးကနေပြီး တရုတ်နိုင်ငံကူမင်းကို တိုက်ရိုက်ပို့မယ့် မြေအောက်ပိုက်လိုင်း နှစ်ခု သွယ်တန်းဆောက်လုပ်နေပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းက မြေယာသိမ်းမှုတွေအတွက် လျော်ကြေးတောင်းဆိုတဲ့ လူထုဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့တာကြောင့် ပိုက်လိုင်းတလျှောက်မှာ စစ်တပ်က တပ်ရင်းတွေ ချထားတာ တွေ့ရပါတယ်။

ကျနော်တို့ သွားတွေ့ခဲ့သူတွေထဲမှာ မြေသိမ်းခံရသူတွေအတွက် လျော်ကြေးရရှိဖို့ လိုက်လံဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေတွေထဲက တစ်ဦးဖြစ်တဲ့ ဦးသိန်းသန်းဦးလည်း ပါဝင်ပါတယ်။ သူဟာ အကျဉ်းထောင်ထဲမှာ ၂၁ နှစ် နေခဲ့ရပြီး အခုအခါမှာတော့ အမှုသည် ၅၀၀ လောက်အတွက် အမှုလိုက်ပေးနေတာ ဖြစ်ပါတယ်။

တရားရုံးအမှုတွေမှာ မြေယာ ဆုံးရှုံးမှုဟာ မြန်မာနိုင်ငံမှာ နှစ်ရှည်လများကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အဓိက ကိစ္စဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါဆို မြန်မာနိုင်ငံမှာ လက်ရှိတိုးတက်မှု ဆိုတာ နမူနာပြနိုင်သလား၊ ဘယ်လို ပြောနိုင်မလဲလို့ ကျနော်က မေးတဲ့အခါ သူက စစ်တပ်က ချုပ်ကိုင်ထားတဲ့ အရင်းရှင်စနစ်လို့ ဖြေဆိုခဲ့ပါတယ်။

ဒါနဲ့ ဒီပြသနာတွေကို ကိုင်တွယ်ဖို့ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိရေး မျှော်လင့်ချက်တွေက ဘာလဲလို့ မေးကြည့်မိပါတယ်။

ပြသနာက မူဝါဒ၊ နိုင်ငံရေးမဟုတ်

လူ့အခွင့်အရေး ရှေ့နေရဲ့ ပြောဆိုချက်ကြောင့် ကျနော် အံ့ဩသွားပါတယ်။ ပြသနာက နိုင်ငံရေး မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် နိုင်ချင်မှ နိုင်မှာပါ၊ ပြသနာက မူဝါဒ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

အန်အယ်လ်ဒီမှာ အစီအစဉ် မရှိပါဘူး။ ဒီကိစ္စကို သူတို့ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဖြစ်ဖို့ပဲ ဆန္ဒရှိတာပါ။ ဒါကြောင့် အရေးကြီးတဲ့ အထိမခံတဲ့ ကိစ္စတွေဆို ရှောင်ဖို့ ကြိုးစားပါတယ် လို့ သူက ဆက်ပြောပြပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ အနာဂါတ်မှာ ဘာတွေဖြစ်လာနိုင်မလဲ ဆိုရင်တော့ နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းသွားနိုင်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အတွက် နေရာတစ်ခုတောင် ပေါ်လာနိုင်ပါတယ်။

ဒါပေမယ့် မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အရေးတကြီး စိမ်ခေါ်မှုတွေကို ဖြေရှင်းပေးဖို့ ဆိုရင်တော့ နိုဝင်ဘာ ရွေးကောက်ပွဲကြီးက အဖြေရှာနိုင်မယ့်ပုံ မပေါ်ဘူးလို့ ယူဆရပါတယ်။