၂၀၁၅ မှာ ဆေးပညာ နိုဘယ်လ်ဆုရရှိစေတဲ့ လုပ်ဆောင်မှုများ

  • 12 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Science Photo Library
Image caption ခြေထောက်တွေ ယောင်ယမ်းနေတဲ့ ဆင်ခြေထောက်ရောဂါ။

ဒီနှစ်အတွက် ဇီဝကမ္မဗေဒ ၊ ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို ကပ်ပါးရောဂါတွေနဲ့ ပတ်သက်ပြီး ဆေးကုထုံးသစ်နှစ်မျိုး ရှာဖွေတွေ့ရှိခဲ့မှုအပေါ် ပူးတွဲ ပေးအပ်လိုက်ပါတယ်။

သုတေသီတွေ ဖြစ်ကြတဲ့ အမေရိကန်နိုင်ငံက ဝီလီယမ် စီ ကမ်ဘဲလ် ၊ ဂျပန်နိုင်ငံက ဆာတိုရှိ အိုမူယာ နဲ့ တရုတ်နိုင်ငံက ယူယူ တူး တို့သုံးဦးရဲ့ ဆေးဘက်ဆိုင်ရာ သုတေသနနဲ့ စမ်းသပ်တွေ့ရှိချက်တွေက ကမ္ဘာတဝန်းက လူပေါင်း ၃.၄ ဘီလီယမ်ကျော် ခံစားနေရတဲ့ ရောဂါတွေကို ကုသဖို့ စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Science Photo Library
Image caption ကပ်ပါးပိုးမျက်စိထဲ ဝင်ရောက်ရင် မျက်စိမမြင်နိုင်တော့။

အဲဒီရောဂါတွေထဲက တစ်ခုဖြစ်တဲ့ malaria ငှက်ဖျားရောဂါကို လူအတော်များများက ကြားဖူးကြပေမယ့် တခြား ရောဂါနှစ်ခုဖြစ်တဲ့ onchocerciasis or "river blindness" လို့ခေါ်တဲ့ မျက်စိနဲ့ အရေပြားမှာဖြစ်တဲ့ ရောဂါနဲ့ lymphatic filariasis or "elephantiasis" လို့ခေါ်တဲ့ ဆင်ခြေထောက်ရောဂါ တို့ကိုတော့ လူသိနည်းကြပါတယ်။ အဲဒီရောဂါ နှစ်မျိုးစလုံးဟာ ကပ်ပါးသန်ကောင်တွေကြောင့် ဖြစ်ကြရတာပါ။

ဝီလီယမ် ကမ်ဘဲလ် နဲ့ ဆာတိုရှိ အိုမူယာတို့ တွေ့ရှိချက်

ယင်၊ ခြင် စတဲ့ ရောဂါပိုးကူးစက်စေတဲ့ ပိုးမွားတွေကနေတဆင့် လူခန္ဓာကိုယ်တွင်းကို ဒီကပ်ပါးကောင်တွေ ရောက်ရှိကြတာ ဖြစ်ပါတယ်။

တကယ်လို့ ကုသမှုမလုပ်ဘဲ ထားခဲ့မယ်ဆိုရင် လူခန္ဓာကိုယ်ထဲမှာ သန်ကောင်တွေ ပွားများလာပြီး ကူးစက်ခံရသူတွေဟာ မျက်စိကွယ်သွားနိုင်သလို ခြေထောက်တွေ ယောင်ကိုင်းပြီး သွားလာလှုပ်ရှားဖို့ ခက်ခဲလာကြပါတယ်။

ဓာတ်ပုံ မူပိုင် SPL
Image caption ယင်ကောင်ကတဆင့် ကပ်ပါးပိုးတွေ ပြန့်ပွားနိုင်။

Ivermectin ဆိုတဲ့ဆေးဟာ သန်ကောင်အမတွေက ပွားလာတဲ့ ပထမအဆင့် သားလောင်းကပ်ပါးတွေကို သေစေနိုင်တယ်ဆိုတဲ့အချက်ကို ဝီလီယမ် ကမ်ဘဲလ် က မြေဆီလွှာ နမူနာတွေထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကို လေ့လာနေရင်း သိရှိလာခဲ့ပါတယ်။ အဲဒီမြေနမူနာတွေကို Shizuoka ဒေသ Ito မြို့ရှိ ဂျပန်ဂေါက်ကွင်းကနေ ဆာတိုရှိ အိုမူယာက စုဆောင်းရရှိခဲ့တာ ဖြစ်ပါတယ်။

မြေဆီလွှာ နမူနာတွေထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားထဲက သီးခြားမျိုးဗီဇတစ်ခုဖြစ်တဲ့ Streptomyces avermitilis ဟာ ကပ်ပါးရောဂါကို ထိရောက်စွာ ကုသနိုင်တဲ့ စွမ်းရည်ရှိတာကို မစ္စတာ ကမ်ဘဲလ် က လေ့လာတွေ့ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Science Photo Library
Image caption ရောဂါရင့်သွားရင် ဆေးကုသဖို့ ခက်ခဲ။

ဒါကြောင့် Merck and Co ဆေးကုမ္ပဏီနဲ့ ပူးတွဲပြီး ဒီမျိုးဗီဇကနေ ဆေးဝါးထုတ်လုပ်နိုင်အောင် တည်ထွင်ဖန်တီးပေးခဲ့ပါတယ်။ Merk (MSD) က ivermectin ဆေးကို ၁၉၈၇ ခုနှစ်ကစပြီး လိုအပ်တဲ့နိုင်ငံတွေကို အခမဲ့ ပေးအပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က river blindness နဲ့ elephantiasis ရောဂါသည် သန်း ၃၀၀ ကျော်အတွက်လည်း ဆေးတွေ လှူဒါန်းခဲ့ပါတယ်။

တရုတ်သုတေသီ ယူယူ တူး ရဲ့ တွေ့ရှိချက်

တချိန်တည်းမှာပဲ ၁၉၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေမှာ တရုတ်သိပ္ပံပညာရှင် ယူယူ တူး က ငှက်ဖျားရောဂါအတွက် ကုသမှု ဆေးနည်းသစ် တစ်ခုကို ကြိုးစားရှာဖွေခဲ့ပါတယ်။

ငှက်ဖျားရောဂါအတွက် အဓိက ထုတ်နေတဲ့ ကွီနိုင်နဲ့ ကလိုရိုကွီနိုင် ဆေးတွေက သက်ရောက်မှု မရှိတော့ဘဲ၊ ငှက်ဖျားရောဂါဖြစ်စေတဲ့ Plasmodium falciparum ကပ်ပါးတွေက ဒီဆေးတွေကို ခုခံကာကွယ်နိုင်စွမ်း ရှိလာကြတဲ့အတွက် ဖြစ်ပါတယ်။

အခုလို ခြင်ကြောင့်ဖြစ်ရတဲ့ ရောဂါကို နှိမ်နင်းဖို့ ထိရောက်တဲ့ဆေးတွေ မတိုးတော့တာကြောင့် တခြားဆေးသစ် တစ်မျိုးကို ကြိုးစားရှာဖွေဖို့ ပါမောက္ခ မစ္စ ယူယူ တူး က တိုင်းရင်းရိုးရာ ဆေးပညာဘက်ကို ဦးတည်ခဲ့ပါတယ်။

တရုတ်ဆေးပညာ

Artemisia annual ခေါ် သစ်နံကိုင်းပင်က ထုတ်လို့ရတဲ့အရည်ဟာ တခါတရံမှာ ထိရောက်မှုရှိတာ တွေ့ရှိခဲ့ပေမယ့် စမ်းသပ်တွေ့ရှိချက် ရလဒ်တွေ တသမတ်တည်း မရရှိတာကြောင့် လွန်ခဲ့တဲ့ အေဒီ ၃၅၀ လောက်က ချက်နည်းပြုတ်နည်းအပါအဝင် ရှေးဟောင်းစာပေ မှတ်တမ်းတွေကို မစ္စ တူးက ပြန်လည် လေ့လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အပင်က ထုတ်ယူလို့ရတဲ့ အရည်ကို ပထမဆုံး သောက်ကြည့်ခဲ့ကြ။

အဲဒီအခါ Ge Hong ရဲ့ အရေးပေါ် ဆေးညွှန်းများ လက်စွဲစာအုပ် ဆိုတဲ့ ရှေးမှတ်တမ်းတစ်ခုမှာ သစ်ရွက်သစ်မြစ် လက်တဆုပ်စာကို ရေ ၂ လီတာထဲမှာ စိမ်ပြီး အရည်အားလုံးကို သောက်ဖို့ ညွှန်းထားတာကို သူလေ့လာ တွေ့ရှိခဲ့ပါတယ်။

မစ္စ တူး ပြောတာကတော့ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်းမှာ ဆေးဝါးသစ်တွေနဲ့ စမ်းသပ်ကုသဖို့ ဆိုတာမှာ လက်တွေ့ကျတဲ့ လုပ်ဆောင်နည်းတွေ မရှိပါဘူး။ ဒါကြောင့် ငှက်ဖျားရောဂါ ဝေဒနာသည်တွေကို ကူညီဖို့အတွက် ကျမနဲ့ လုပ်ဖော်ကိုင်ဖက်တွေက အပင်က ထုတ်ယူလို့ရတဲ့ အရည်ကို ပထမဆုံး သောက်ကြည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဆေးအရည်ဟာ လူတွေသုံးဖို့အတွက် အန္တရယ်မရှိဘူးဆိုတာကို သေချာအောင် လေ့လာစီစစ်ပြီးတဲ့နောက်မှာတော့ လက်တွေ့ထိရောက်မှုကို စမ်းသပ်ဖို့ Hainan ပြည်နယ်ကို ကျမတို့ သွားခဲ့ကြပြီး ငှက်ဖျားရောဂါဝေဒနာသည်တွေကို စမ်းသပ်ကုသခဲ့ကြတယ်လို့လည်း မစ္စ တူးက Nature Medicine မှာ ရေးသားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူမရဲ့ စူးစမ်းရှာဖွေ တွေ့ရှိချက်တွေကို အခြေခံပြီး ယနေ့တိုင် အားထားနေရဆဲဖြစ်တဲ့ artemisinin ငှက်ဖျားကာကွယ်ဆေးကို တီထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

အခုနှစ်တွေအတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားနေတဲ့နိုင်ငံတွေမှာ artemisinin ဆေးနဲ့ ပူးတွဲကုသနိုင်တဲ့ဆေးတွေ အလွယ်တကူရရှိနိုင်တာကြောင့် ငှက်ဖျားရောဂါသေဆုံးမှု လျော့ကျသွားတာကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသိအမှတ်ပြု လက်ခံခဲ့ပါတယ်။

ငှက်ဖျားရောဂါ ဖြစ်ပွားတဲ့နိုင်ငံတွေက ၂၀၀၅ ခုနှစ်တုန်းက ACT ဆေးကို ၁၁ သန်းသာဝယ်ယူခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ ACT ဆေးကို ၃၉၂ သန်းအထိ တိုးမြှင့် ဝယ်ယူခဲ့ပါတယ်

ဒါပေမယ့် အခုအခါမှာ artemisinin ဆေးမတိုးတဲ့ ငှက်ဖျားပိုး မျိုးဗီဇတွေ ပေါ်ထွက်လာနေပြီ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်အတွင်းမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ ၅ နိုင်ငံမှာ artemisinin ဆေးမတိုးတော့တာ တွေ့ရှိရပြီး ဆေးဝါးသစ်ကို ဆက်လက်ရှာဖွေဖို့ လိုအပ်နေပါသေးတယ်။