လူ့အခွင့်အရေးနဲ့ စွပ်စွဲခံနေရတဲ့ တရုတ်နိုင်ငံ

  • 26 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Getty Images
Image caption လူ့အခွင့်အရေးကိစ္စကို ဆွေးနွေးဖို့ ဗြိတိန်အစိုးရအပေါ် တိုက်တွန်းမှုတွေ ရှိခဲ့။

တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ဝေဖန်ပြောဆိုနေကြတာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံကို ရောက်ရှိခဲ့တဲ့ တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ နိုင်ငံတော်အဆင့် တရားဝင် အလည်အပတ်ခရီးစဉ်အတွင်းမှာ လူ့အခွင့်အရေးကိစ္စ နဲ့ပတ်သက်ပြီး အလေးထား ပြောဆိုဆွေးနွေးဖို့ ဗြိတိန်အစိုးရအပေါ် တိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြောဆိုဖို့အတွက် အဓိကအရေးကြီးတဲ့ အကြောင်းအရာတွေက ဘာတွေလဲဆိုတာကို ဘီဘီစီသတင်းထောက် Camila Ruz က အခုလိုတင်ပြထားပါတယ်။

နိုင်ငံရေးလှုပ်ရှားသူနဲ့ အတိုက်အခံတွေအပေါ် တိုက်ခိုက်မှု

တရုတ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အဓိကထားပြီး ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အနှောင့်အယှက်ပေးတာ စတဲ့လုပ်ရပ်တွေကို ဆက်လုပ်နေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေး လှုံဆော်သူတွေက ပြောပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုသူတွေကို အစိုးရက မကြာခဏ ဆိုသလို ဖမ်းဆီးထောင်ချလေ့ရှိပါတယ်။ လွတ်လပ်စွာပြောဆိုမှု နဲ့ အာဏာအလွဲသုံးစားလုပ်မှု တွေအတွက် အမှုလိုက် ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြင်းပြင်းထန်ထန် အရေးယူခဲ့ပါတယ်။ ရှေ့နေနဲ့ နိုင်ငံရေးလှုပ်ရှားသူ ၂၄၅ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက ကျော်ကြားသူတစ်ဦးဖြစ်တဲ့ Li Heping ဟာ အခုထိ ပျောက်ဆုံးနေတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောဆိုပါတယ်။

မနှစ်တုန်းက ရဲတွေ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း သေဆုံးခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ Cao Shunli ရဲ့အမှုလို အမှုမျိုးတွေကို ပိုမို အလေးထားစောင့်ကြည့်ဖို့ လိုတယ်လို့ အေအိုင်အဖွဲ့က ဆိုပါတယ်။ မစ္စ Shunli ဟာ ထောင်ကျနေစဉ်အတွင်း ဆေးကုသခံဖို့ ငြင်းဆန်ခဲ့ပြီး သူမ သေဆုံးတဲ့အခါ သူရဲ့အလောင်းကို ကြည့်ရှုခွင့်မရခဲ့ကြောင်း မစ္စ Shunli ရဲ့ မိသားစုတွေက ပြောပါတယ်။

တရုတ်အစိုးရကတော့ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်တယ် ဆိုတာကို ငြင်းပယ်ခဲ့ပြီး တရားဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

မကြာသေးခင်ကလည်း အိမ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး လက်ကမ်းစာစောင်တွေ နံရံကပ်ကြော်ငြာတွေ ဖြန့်ဝေဖို့လုပ်ခဲ့တဲ့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေ အဖမ်းခံခဲ့ရပါတယ်။ အမျိုးသမီး ၅ ဦးဟာ တစ်လကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ နိုဘယ်လ်ဆုရှင် Liu Xiaobo ကိုလည်း နိုင်ငံတော်ကို သစ္စာဖောက်မှုနဲ့ ထောင်ဒဏ် ၁၁ နှစ် ချထားခဲ့ပါတယ်။

တခြားနိုင်ငံတွေက မစ္စတာ Xiaobo ကိုလွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး တရုတ်ပြည်သူ ၁.၃ ဘီလီယံက ပြောခဲ့ရင်တော့ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ တရုတ်အစိုးရက တုန့်ပြန်ခဲ့ပါတယ်။

ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့အခါ ရက်စက်ကြမ်းကြုတ်တဲ့နည်းတွေ သုံးတယ်ဆိုပြီး တရုတ်နိုင်ငံအပေါ် မကြာခဏ စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ မနှစ်ကလည်း ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆို ဆန္ဒပြကြတဲ့ လူအုပ်ကြီးကို ကြမ်းတမ်းစွာနှိမ်နင်းခဲ့တယ် ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။ ဖမ်းထားသူ ၈ ဦး အကျဉ်းထောင်ထဲမှာ ကျန်ရှိနေသေးကြောင်း အေအိုင်အဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆန္ဒပြသူတွေက ဘုရားရှိခိုးကျောင်းမှာ စုဆောင်းပွဲလုပ်ကြ။

ဘာသာရေး ယုံကြည်ချက်ကြောင့် ညှဉ်းပန်းနှိပ်စက်မှု

တရုတ်နိုင်ငံမှာ ဘာသာရေးကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားပါတယ်။ အစိုးရထံ မှတ်ပုံမတင်တဲ့ လွတ်လပ်တဲ့ ပရိုတက်စ်တင့် ခရစ်ယန်အသင်း ဘုရားရှိခိုးကျောင်းတွေမှာ ဝင်ရောက်စီးနင်းတာ၊ ဘုရားရှိခိုးကျောင်းကို ပိတ်ပစ်တာ၊ အသင်းဝင်တွေကို ဖမ်းဆီးတာ စတာတွေကို အစိုးရက ပြုလုပ်လေ့ရှိပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဩစတေးလျှရှိ ဝီဂါလူမျိုးတွေ မဲလ်ဘွန်းမြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြနေစဉ်။

လူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံမှု

တိဗက်၊ ဝီဂါ နဲ့ မွန်ဂို လူမျိုးစုတွေဟာ သူတို့ရဲ့ တစ်ဦးချင်းကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ကန့်သတ်ခံနေရပြီး ခွဲခြားဆက်ဆံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

တရုတ်နိုင်ငံ အနောက်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရှင်ကျန်ဒေသမှာ တရုတ်အာဏာပိုင်တွေနဲ့ မွတ်ဆလင်ဝီဂါလူမျိုးစုတွေကြားမှာ မကြာခဏ ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လွန်ခဲ့တဲ့ သုံးနှစ်ကျော်က အစိုးရနှိမ်နင်းမှုတွေမှာ ဝီဂါလူမျိုးစု ရာပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

အစိုးရဘက်ကတော့ ဒီလို ဆူပူအုံကြွမှုတွေကြောင့် အကြမ်းဖက်လုပ်ရပ် တန်ပြန်လှုပ်ရှားမှုကို တစ်နှစ်ကြာ လုပ်ဆောင်ခဲ့ရတယ်လို့ ပြောဆိုခဲ့ပြီး ဒေသတွင်းမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပါတယ်။

တိဗက်ဒေသမှာလည်း မငြိမ်မသက်မှုတွေ နှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့ပြီး အာဏာပိုင်တွေရဲ့ ဖိနှိပ်တဲ့မူဝါဒတွေကို ၂၀၁၄ ခုနှစ်က ဆန့်ကျင်ဆန္ဒပြခဲ့ကြရာမှာ တိဗက်လူမျိုး ၇ ဦးက ကိုယ့်ကိုယ်ကို မီးတင်ရှို့ စတေးခဲ့ကြတယ်လို့ Human Rights Watch လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက ဒီလို အသက်စွန့် စတေးခဲ့သူ စုစုပေါင်း ၁၄၀ ရှိပြီ ဖြစ်ပါတယ်။

သေဒဏ် အပြစ်ပေးမှု

ကမ္ဘာပေါ်ရှိ ကျန်တခြားနိုင်ငံပေါင်းထက်စာရင် တရုတ်နိုင်ငံမှာ သေဒဏ်ချမှတ်မှုတွေ ပိုများတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။ အစိုးရက တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားတွေ မရှိပေမယ့် တရုတ်နိုင်ငံမှာ နှစ်စဉ် အသတ်ခံရသူနဲ့ သေဒဏ်ချမှတ်ခံရသူပေါင်း ထောင်နဲ့ချီ ရှိတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

ညှဉ်းပန်းနှိပ်စက်မှု

နိုင်ငံရေးနဲ့ ဘာသာရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ အကျဉ်းထောင်တွေထဲမှာ အသက်သေဆုံးနိုင်တဲ့အထိ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံရတယ်လို့ Human Rights Watch အဖွဲ့က ပြောဆိုပြီး ညှဉ်းပန်းနှိပ်စက်မှုတွေထဲမှာ လျှပ်စစ်နဲ့အဆုံးစီရင်တာမျိုး ပါဝင်တယ်လို့ ယခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးထားသူတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေ မလုပ်ဖို့ တရုတ်တရားရုံးချုပ်က တားမြစ်ချက်တွေ ထုတ်ပြန်ထားပေမယ့် စစ်ဆေးခံရသူတွေထံက ဝန်ခံချက်တွေ ထွက်လာအောင် ရဲအရာရှိတွေက ညှဉ်းပန်းနှိပ်စက်နည်း အမျိုးမျိုးကို သုံးကြတယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း မကြာခဏ ထွက်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ၁၉၈၉ ခုနှစ်က တီယန်နန်မင် ရင်ပြင်မှာ တင့်ကားတွေကို လူတစ်ဦးက ပိတ်ဆို့ဖို့ ကြိုးစားခဲ့။

တီယန်နန်မင် လျှို့ဝှက်မှု

တရုတ်နိုင်ငံ တီယန်နန်မင် ရင်ပြင်မှာ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြပွဲကြီးကို အစိုးရက ဖြိုခွင်းနှိမ်နင်းခဲ့တဲ့အတွက် လူရာပေါင်းများစွာ သေဆုံးခဲ့တာ ၂၆ နှစ်ရှိသွားပြီဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ လှုပ်ရှားမှုကြီးမှာ သေဆုံးသူတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးဖို့ နိုင်ငံရေးလှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြပေမယ့် အစိုးရက လျစ်လျူရှုထားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ဆွေးနွေးတင်ပြချက်တွေနဲ့ အမှန်တကယ် ဘာဖြစ်ခဲ့တယ်ဆိုတာတွေကို တရုတ်ပြည်သူတွေ မသိနိုင်အောင် အစိုးရက ထိန်ချန်ကွယ်ဝှက်ထားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သတင်းစာဆရာ Gao Yu ကို နိုင်ငံတော်လျှို့ဝှက်ချက် ဖြန့်ဝေမှုနဲ့ ဖမ်းဆီးထောင်ချ။

အင်တာနက်နဲ့မီဒီယာ လွတ်လပ်ခွင့်

တရုတ်နိုင်ငံမှာ သတင်းထုတ်ပြန်မှုအပေါ် တင်းကျပ်တဲ့ ကန့်သတ်မှုတွေထားရှိပြီး ထိပ်တန်း သတင်းစာဆရာ အတော်များများဟာ ရာဇဝတ်ပြစ်မှုတွေနဲ့ စွဲချက် အတင်ခံရတာ ဖြစ်ပါတယ်။ အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ သတင်းစာဆရာ Gao Yu ကို နိုင်ငံတော်လျှို့ဝှက်ချက်တွေ နိုင်ငံတကာ ဖြန့်ဝေမှုနဲ့ သံသယရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ဧပြီလက ဖမ်းဆီးထောင်ချခဲ့ပါတယ်။

အခုလိုပြစ်ဒဏ်ချမှတ်လိုက်တာကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒါဟာ တရားဥပဒေကို စော်ကားတာဖြစ်တယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရုပ်မြင်သံကြားနဲ့ ပုံနှိပ်ထုတ်ဝေမှုတွေကိုလည်း တရုတ်အစိုးရက အကန့်အသတ်နဲ့သာ လုပ်ကိုင်ခွင့်ပြုထားတာ နှစ်အတော်ကြာပြီဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတွေအကြား အချင်းချင်းသတင်းပို့ ပြောဆို ဆက်သွယ်နိုင်တဲ့ We Chat ဆိုတဲ့ ဆက်သွယ်ရေး ပရိုဂရမ် App အပါအဝင် အင်တာနက် ဝဘ်ဆိုက် ရာပေါင်းများစွာကို ပိတ်ပင်ခဲ့ပြီး တရုတ် လူမှုကွန်ယက် ဆက်သွယ်မှုကိုလည်း အဓိကထား ဖြတ်တောက်နေတာ ဖြစ်ပါတယ်။ ဒီနှစ် တီယန်နန်မင်ရင်ပြင်မှာ ကျင်းပခဲ့တဲ့ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးတဲ့ နှစ် (၇၀) ပြည့် စစ်ရေးပြအခမ်းအနားကို လှောင်ပြောင် သရော်ထားတဲ့ ဝေဖန်ချက်တွေကိုလည်း တရုတ်အစိုးရက ဖျက်ပစ်ခဲ့ပါတယ်။

အလုပ်သမားရပိုင်ခွင့်များ

တရုတ်ပြည်မှာ ပုဂ္ဂလိက အလုပ်သမားသမဂ္ဂတွေ တရားဝင်ဖွဲ့စည်းခွင့် မရှိပါဘူး။ ဒါပေမယ့်လည်း အလုပ်သမား လစာနည်းမှု၊ ဆိုးဝါးတဲ့ လုပ်ငန်းအခြေအနေတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ကတော့ အမြောက်အမြား ရှိနေတာ ဖြစ်ပါတယ်။ သပိတ်မှောက် ဆန္ဒပြကြတဲ့ အလုပ်သမားတွေကတော့ ခြိမ်းခြောက် အဖမ်းခံရမှုတွေနဲ့ ရင်ဆိုင်ကြရပါတယ်။

မိသားစုစီမံကိန်း

ပြီးခဲ့တဲ့ ၁၉၇၉ ခုနှစ်မှာ တရုတ်အစိုးရက တအိမ်ထောင် ကလေးတယောက် မူဝါဒကို စတင်ချမှတ်ခဲ့ပါတယ်။ ဒီဝါဒကြောင့် နိုင်ငံတွင်းမှာ ကိုယ်ဝန်ဖျက်ချမှုတွေ၊ မွေးကင်းစသမီးမိန်းကလေး သတ်ဖြတ်မှုတွေနဲ့ ယောက်ျား၊ မိန်းမ အရေအတွက် မညီမျှမှုတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုနေကြပါတယ်။

ဒီပေါ်လစီနဲ့ ပတ်သက်လို့ အစိုးရက တရားဝင် လျှော့ပေါ့ပေးတာတွေ ရှိပေမယ့် အမျိုးသမီးတွေရဲ့ သားဖွားမှုဆိုင်ရာ အခွင့်အရေးကို တင်းကျပ်စွာ ချုပ်ကိုင်ထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြ ပြောဆိုကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂွမ်ဒေါင်းပြည်နယ် တောင်ပိုင်းမှာ မြေသိမ်းခံရတဲ့ ရွာသားတွေရဲ့ ဆန္ဒပြမှု။

မြေပိုင်ဆိုင်မှုဆုံးရှုံးခြင်း

တရုတ်ပြည် ဂွမ်ဒေါင်းပြည်နယ် တောင်ပိုင်းက ရွာတရွာမှာ ရွာသားတွေထံက မြေယာတွေကို ပြည်နယ်အစိုးရက သိမ်းယူတဲ့အတွက် ၂၀၁၁ ခုနှစ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ တရုတ်ပြည်မှာ အစိုးရက မြေတွေကို ပိုင်ဆိုင်တာဖြစ်ပြီး လယ်သမားတွေကို အချိန်ကာလ အတိုင်းအတာနဲ့ သတ်မှတ် ခွဲဝေပေးထားတာ ဖြစ်ပါတယ်။ လယ်သမားတွေဘက်ကလည်း သူတို့ရဲ့ ကိုယ်ပိုင်မြေယာတွေကို ဒေသခံအစိုးရအရာရှိတွေက လျှော်ကြေးမပေးဘဲ သိမ်းယူကြတယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပြီး သူတို့ရဲ့ ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်တယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။

စိတ်ပိုင်းဆိုင်ရာ နဲ့ မသန်မစွမ်းဖြစ်မှု

ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်သူတွေအပေါ် ပြုမူဆက်ဆံပုံနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဟာ ဝေဖန်ခံနေရပါတယ်။ မစွမ်းမသန်ဖြစ်နေသူတွေဟာ လုပ်ငန်းခွင်နဲ့ ပညာရေးဆိုင်ရာ ကဏ္ဍတွေမှာ ခွဲခြားဆက်ဆံတာ ခံနေရပြီး သူတို့ကို အကာအကွယ်ပေးထားမှုတွေဟာ မလုံလောက်ဘူးလို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

အစိုးရက ဒီကိစ္စကို ကိုင်တွယ်ဖို့ ကြိုးစားခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မျက်မမြင်တွေသုံးတဲ့ လက်ဖတ်စာ၊ ဒါမှမဟုတ် အီလက်ထရွန်နစ် စနစ်သုံးပြီး ဖြေဆိုခွင့်ပြုမယ်လို့ အစိုးရက ၂၀၁၄ ခုနှစ်တုန်းက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့ဆောင်ရွက်တဲ့အခါ ပြသနာတွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဥပဒေမှာ ပါရှိတာက ကိုယ့်ကိုယ်ကို ဒါမှမဟုတ် သူတပါးကို အန္တရာယ်ပေးနိုင်မယ့် စိုးရိမ်ရသူတွေ မှအပ ဆေးရုံတင်ကုသမှုကို ဝေဒနာရှင်ဘက်က စိတ်ဆန္ဒသဘောအရ ဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။ ဥပဒေအရ အဲဒီလို ပါရှိပေမယ့် Gu Xianghong ဆိုတဲ့အမျိုးသမီးတစ်ဦးက သူမနေထိုင်ရာ ဟူနန်ပြည်နယ်နဲ့ စပ်လျဉ်းတဲ့ ကိစ္စတွေကို အာဏာပိုင်တွေဆီ တင်ပြပြီးတဲ့နောက်ပိုင်း သူမကို သီတင်း ၅ ပတ်ကြာအထိ ဘေကျင်း စိတ်ရောဂါကု ဆေးရုံမှာ ထိန်းသိမ်းခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပြောပါတယ်။