အတိတ်ကို ပြည်ဖုံးကားချခြင်း သို့မဟုတ် ပိုလန်ရဲ့ ပြန်လည်သင့်မြတ်ရေး နမူနာ

  • 28 ဇန်နဝါရီ 2016

နှစ်ဆယ်ရာစုနှစ် ပိုလန်နိုင်ငံသမိုင်းမှာ အကြီးမားဆုံး နိုင်ငံရေး အုံကြွမှု ဖြစ်နေချိန် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဝါဆောမြို့ကို ကျနော် ရောက်ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption စည်းလုံးညီညွတ်ရေးပါတီဝင် နိုင်ငံရေးသမားတွေနဲ့အတူ ၁၉၈၉ ခုနှစ် ဆွေးနွေးပွဲမှာ တွေ့ရတဲ့ Tadesusz Mazowiecki (မျက်မှန်တပ်ထားသူ)

ကျနော် မရောက်ခင် သီတင်းပတ် အနည်းငယ်မှာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အရှေ့ဥရောပ ဒေသမှာ ကွန်မြူနစ်အစိုးရမဟုတ်တဲ့ ပထမဆုံး အစိုးရကို Tadeusz Mazowiecki က ပိုလန်ဥပေဒပြုလွတ်တော်မှာ ဖွဲ့စည်းလိုက်ပါတယ်။

ကစ်သလစ် ရှေ့နေတစ်ဦးလည်းဖြစ်၊ လူ့အခွင့်အရေးအတွက် ရေရှည်တိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်တဲ့ မစ္စတာ Mazowiecki က အတိတ်က ဖြစ်ရပ်တွေအပေါ် အချင်းချင်း သဘောထား ကွဲလွဲနေကြမယ့်အစား တိုင်းပြည် အနာဂတ်ကို တလုံးတစည်းတည်း အာရုံစိုက်လုပ်ဆောင်ကြဖို့ ပိုလန်ပါလီမန်မှာ လွှတ်တော်အမတ်တွေကို ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ပြန်လည်ပြင်ဆင်ဖို့အတွက် အတိတ်ကဖြစ်ခဲ့တာတွေကို thick line မျဉ်းထူထူနဲ့ ပိုင်းခြားပြီး မေ့ထားလိုက်ဖို့ လိုတယ်ဆိုပြီး သုံးနှုန်းပြောဆိုခဲ့ပါတယ်။

Thick line မျဉ်းထူထူနဲ့ ပိုင်းခြားပိတ်ဆို့ရန် ဆိုတဲ့ အယူအဆကို အလွှာပေါင်းစုံက အတိုက်အခံ နိုင်ငံရေးသမားတွေ စုပေါင်းဖွဲ့ထားတဲ့ ပိုလန်မဟာမိတ်အဖွဲ့က အကောင်အထည် ဖော်ခဲ့တာပါ။ အဲဒီအဖွဲ့မှာ လက်ဝဲဝါဒီ ပညာတတ်တွေ၊ လက်ယာစွန်း အမျိုးသားရေးဝါဒီတွေ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ယခင်ကွန်မြူနစ်ကနေ အတိုက်အခံဖြစ်လာတဲ့သူတွေ ပါဝင်ကြပြီး ကွန်မြူနစ် ဝါဒကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းမှုဖြစ်စဉ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖော်ဆောင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ ဂလဲ့စားချေတယ်ဆိုတာ မရှိတာကြောင့် ခါးသီးနာကြည်းတဲ့ အပြန်အလှန် စွပ်စွဲပြောဆိုချက်တွေကို ရှောင်ကျဉ်သင့်တယ်ဆိုတဲ့ ဒီနည်းပရိယာယ်ဟာ စစ်တပ်တွင်းရှိ ကွန်မြူနစ်ခေါင်းဆောင်ဟောင်းတွေနဲ့ လုံခြုံရေးဆိုင်ရာ အစိုးရအရာရှိတွေအတွက် စိတ်သက်သာရာ ရစေနိုင်ခဲ့ပါတယ်။

၁၀ နှစ်အတွင်း ပိုလန်မှာ ပညာလည်းသင် အလုပ်လည်းလုပ်ရင်း ကျနော် အတော်လေး လေ့လာဆည်းပူးနိုင်ခဲ့ပြီး မေးခွန်းထုတ်စရာတွေလည်း ရှိနေခဲ့ပါတယ်။

ပိုလန်နိုင်ငံသားတွေဟာ အတိတ်ဖြစ်ရပ်တွေကို မေ့ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြသလား။

ကွန်မြူနစ်ဝါဒရဲ့ ဓားစာခံတွေ၊ သမိုင်းဖြစ်ရပ်မေ့ဖျောက်မှုတွေဟာ မတရားတဲ့လုပ်ရပ် မဟုတ်ဘူးလား။

ပိုအရေးကြီးတာက Thick Line ဆိုတဲ့ အယူအဆဟာ လက်တွေ့အလုပ်ဖြစ်ရဲ့လား ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

အကြောင်းအရာတချို့ ကျနော် တင်ပြချင်ပါတယ်။

၁၉၉၀ နှစ်တွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပိုလန်ရှိ ပါမောက္ခတွေနဲ့ ကျောင်းသားတွေအကြား အငြင်းပွားလေ့ရှိတဲ့ ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှု ဆုံချက်ဖြစ်တဲ့ ဝါဆောတက္ကသိုလ်မှာ ကျနော် ဥပဒေပညာ စတင် သင်ယူခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း Katyn မှာ ပိုလန်အရာရှိတွေကို ဆိုဗီယက်တွေက အစုအပြုံလိုက်သတ်ဖြတ်မှု၊ Wujek ကျောက်မီးသွေးမိုင်းမှာ မိုင်းအလုပ်သမားတွေကို ပစ်သတ်မှု စတဲ့ဖြစ်ရပ်တွေဟာ ပိုလန်နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အခုအချိန်အထိ မေ့ဖျောက်လို့ မရကြသေးပါဘူး။

လမ်းတွေပေါ်မှာ သွေးစွန်းခဲ့တဲ့ စတာလင်ဝါဒီတွေရဲ့အမည်နဲ့ လမ်းနာမည်တွေ မှည့်ခေါ်ထားတာကို ဘယ်လိုဖျောက်ဖျက်မယ်၊ နိုင်ငံတော် အမှတ်တံဆိပ်ကို ဘယ်လိုပြောင်းမယ် ဆိုတာတွေကလည်း မေးစရာတွေ ဖြစ်နေပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ မတရားဖိနှိပ်တာတွေ ခံခဲ့ရပြီးမှ ခွင့်လွှတ် မေ့ပျောက်လိုက်ဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။

တက္ကသိုလ်က လက်ဘက်ရည်ဆိုင်တွေ၊ စာသင်ခန်းတွေနဲ့ နာမည်ကြီးခမ်းမဇာတ်ရုံတွေမှာ ပြုလုပ်တဲ့ စကားအခြေအတင် ဆွေးနွေးပွဲတွေကိုလည်း ကျနော် မှတ်မိနေပါတယ်။ ပိုလန်နိုင်ငံရဲ့ အနာဂါတ် ကောင်းမွန်လာအောင် ကာကွယ်စောင့်ရှောက်ကြဖို့ ပြောဆိုကြတာ ဖြစ်ပါတယ်။

မလိုလားသူ ဖယ်ရှားရေး မရှိစေရ

ပိုလန်နိုင်ငံသား သန်း ၄၀ လောက်ရဲ့ဘ၀တွေ အမြန်ဆုံး တိုးတက်ကောင်းမွန်လာမှသာ သူတို့ဖော်ဆောင်နေတဲ့ ဒီမိုကရေစီစနစ် အောင်မြင်တယ်လို့ ခေါ်ဆိုနိုင်မယ်ဆိုတာ ပိုလန်ပြည်သူတွေ ကောင်းကောင်း နားလည်ထားကြပါတယ်။

ဒီလောက် လူဦးရေရှိတဲ့နိုင်ငံမှာ အကူးအပြောင်းတွေ အကောင်အထည်ဖော်တဲ့အခါ တသမတ်တည်း ငြိမ်းငြိမ်းချမ်းချမ်း ရှိသွားစေဖို့အတွက် မလိုလားတဲ့သူတွေကို ဖယ်ရှားပစ်မယ်ဆိုရင် ထောင်ပေါင်းများစွာရှိတဲ့ စစ်တပ်နဲ့ရဲ တပ်ဖွဲ့ဝင်တွေကို ဖမ်းပြီး ထောင်ထဲထည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ယူနီဖောင်းဝတ် ထောင်ပေါင်းများစွာက ပြန်လည် တိုက်ခိုက်ကြမှာဖြစ်သလို သူတို့အရေးနိမ့်ခဲ့ရင်လည်း သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားဖို့ အကျဉ်းထောင်တွေ အလုံအလောက် မရှိကြပါဘူး။

တချိန်တည်းမှာပဲ ကွန်မြူနစ် အစိုးရလက်ထက်မှာ အသတ်ခံရသူတွေ သေဆုံးခဲ့တာကို အသိအမှတ် မပြု အလေးမထားဘူး ဆိုရင် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဟာလည်း မအောင်မြင်နိုင်ပါဘူး။

ကွန်မြူနစ်ဝါဒ ဖျက်သိမ်းရေးဟာ သင်္ကေတ သဘောသာ ဖြစ်ပါတယ်။ အကြွင်းမဲ့ အာဏာရှင်စနစ် ကျင့်သုံးတဲ့ ကွန်မြူနစ်ဝါဒနဲ့ နာဇီဝါဒတွေကို ပိုလန်နိုင်ငံမှာ တားမြစ်ထားလိုက်ပြီး ပိုလန်နိုင်ငံသားတွေ အပေါ်မှာ ကျူးလွန်တယ်ခဲ့တယ် ဆိုတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ အမှုတွေကို တရားရုံးတွေမှာ အရေးယူနိုင်ဖို့အတွက် အချက်အလက် စုဆောင်းရေးဆိုင်ရာ အကျိုးဆောင် အဖွဲ့အစည်းတစ်ခုကို အစိုးရက ဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမယ့် အမှုကြားနာစစ်ဆေးတဲ့အခါ ယခင်ကွန်မြူနစ်တွေ ရှိနေသေးတာကြောင့် ပြစ်မှုတစ်ခုမှာ ပါဝင်ဆက်နွယ်နေသူတိုင်းကို ခေါ်ယူစစ်ဆေးရမယ့်အစား ကျူးလွန်သူ ကာယကံရှင်ကိုသာ စစ်ဆေးပါတယ်။

၁၉၈၁ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ Wujek ကျောက်မီးသွေးမိုင်း ဆန္ဒပြမှုမှာ အလုပ်သမား ၉ ဦး သေဆုံးခဲ့တာကို စုံစမ်းစစ်ဆေးတာဟာ ၂၀၀၇ ခုနှစ်အထိ အချိန်ကြာမြင့်ခဲ့ပါတယ်။ အဲဒီတုန်းက တပ်ရင်းမှူးဖြစ်ခဲ့သူ မစ္စတာ Romuald Cieslak ကို ထောင် ၁၁ နှစ်ချမှတ်ခဲ့ပြီး သူ့အပေါင်းအပါတွေကိုတော့ ထောင်ဒဏ် ၁ နှစ်ခွဲကနေ ၃ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ပိုလန်ကွန်မြူနစ်ပါတီမှ နောက်ဆုံးစစ်အာဏာရှင် ဗိုလ်ချုပ်ကြီး Wojciech Jaruzelski (1923-2014)

ပိုလန်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး Wojciech Jaruzelski ကတော့ ၁၉၈၁ ကနေ ၁၉၈၃ ခုနှစ်အထိ စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ခဲ့တဲ့ အမှုနဲ့ ၂၀၀၈ ခုနှစ်မှာ ရုံးတင်စစ်ဆေးခံရပေမယ့် ထောင်ဒဏ်ချမှတ်ခြင်း မခံရပါဘူး။

ရဲအရာရှိချုပ် Czeslaw Kiszczak ကိုလည်း ၂၀၀၄ ခုနှစ်မှာ အမှုစစ်ဆေးပြီး ၄ နှစ် ထောင်ဒဏ်စီရင် ခဲ့ပေမယ့် နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ထိ ပြစ်ဒဏ် လျှော့ပေါ့လိုက်ပါတယ်။ မစ္စတာ Kiszczak ဟာ အသက် ၉၀ အရွယ်မှာ ဝါဆောမြို့မှာ ဒီနှစ် နိုဝင်ဘာလက ကွယ်လွန်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းတဲ့ ၁၉၉၀ ခုနှစ်မှာ ပထမဆုံးသမ္မတ ဖြစ်လာတဲ့ သွေးစည်းညီညွတ်ရေးလှုပ်ရှားမှု ခေါင်းဆောင် Lech Walesa

သွေးစည်းညီညွတ်ရေးလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့ ကက်သလစ်ဘာသာကို နှစ်နှစ်ကာကာ ယုံကြည်သူ ပိုလန်နိုင်ငံရဲ့ သမ္မတဖြစ်သူ Lech Walesa ကတော့ ဗိုလ်ချုပ်ကြီး Jaruzelski ဟာ မိမိလုပ်တဲ့ အမှားတွေကို ပေးဆပ်ရသူ ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ဘုရားသခင်ကသာ သူ့အပေါ် အဆုံးအဖြတ်ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

စီးပွားရေး အကြောင်းပြချက်

ပိုလန်နိုင်ငံမှာ ၁၉၈၉ ကနေ ၁၉၉၉ ခုနှစ်အထိ နေထိုင်ခဲ့တဲ့အတွက် thick line မျဉ်းထူနဲ့ခြား ပေါ်လစီရဲ့ သဘောထားအမြင်တွေကို ကျနော် ကောင်းကောင်း နားလည်ခဲ့ပါတယ်။ လက်စားချေမှုနဲ့ အထီးကျန်ပြုမှုတွေကြောင့် ပိုလန်မိသားစုတိုင်းမှာ စိတ်ဝန်းကွဲပြားမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ကျနော့် ဇနီးလောင်းဖြစ်သူ Sylwia ရဲ့မိသားစုဟာ ပိုလန်နိုင်ငံအသွင်ကူးပြောင်းမှုကြောင့် ခံစားခဲ့ရသူတွေထဲက ဥပမာကောင်းတစ်ခု ဖြစ်ပါတယ်။

Sylwia နဲ့ ကျနော် တက္ကသိုလ်မှာစတွေ့စဉ်က သူ့အဖေဟာ ဒေဝါလီခံလိုက်ရတဲ့ နိုင်ငံပိုင် စက်ရုံတစ်ခုက ဒါရိုက်တာအဖြစ် အငြိမ်းစားယူပြီးကာစ အချိန်ဖြစ်ပါတယ်။

သူ့ဖခင်ဟာ ကွန်မြူနစ်ပါတီဝင် တစ်ဦးဖြစ်ပြီး သူ့မိခင်ကတော့ သွေးစည်းညီညွတ်ရေးပါတီရဲ့ ကျန်းမာရေးဆိုင်ရာအဖွဲ့မှာ ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။

သူတို့ဟာ တချိန်လုံး နိုင်ငံရေးငြင်းခုန်ဆွေးနွေးကြပေမယ့် မိသားစုတစ်စုလုံးဟာ ဖခင်ဖြစ်သူရဲ့ နိုင်ငံတော်ပင်စင်ငွေကြောင့် အခြေမပျက်နေနိုင်ပြီး မိခင်ဖြစ်သူကတော့ ပုဂ္ဂလိက ဖွင့်လှစ်တဲ့ ဆေးခန်းအသစ် တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ပေါင်း ဝင်ငွေဟာ ကလေးနှစ်ယောက်ကို တက္ကသိုလ်ပို့နိုင်ပြီး သူတို့ရဲ့ ပိုလန်လုပ် Fiat ကားဟောင်းလေးထက် ပိုမို သားနားတဲ့ ဂျာမန်လုပ် Ford ကား ဝယ်ဖို့အတွက်တောင် ငွေစုဆောင်းနိုင်ခဲ့ပါတယ်။

သူတို့လိုပဲ သန်းနဲ့ချီတဲ့ ပိုလန် မိသားစုတွေဟာ ကွဲပြား ခြားနားတဲ့အခြေအနေ ရှိကြပေမယ့် ဘဝသစ် တည်ထောင်နိုင်ဖို့ အခွင့်အရေးတွေ ရရှိတာဟာ အံ့ဩစရာ ဖြစ်ပါတယ်။

ဒါပေမယ့် ကွန်မြူနစ်ပါတီနဲ့ သွေးစည်းညီညွတ်ရေးပါတီတို့က စီးပွားရေးပညာရှင်တွေ ပူးတွဲပါဝင်တဲ့ အဖွဲ့က အရေးပေါ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်ဖို့အတွက် နိုင်ငံရေး ထိပ်သီးခေါင်းဆောင်တွေဟာ ၁၉၈၉ ခုနှစ် အစောပိုင်းမှာ စားပွဲဝိုင်းဆွေးနွေးပွဲတွေ လုပ်ခဲ့ပြီး အစီအစဉ်တစ်ခု ရေးဆွဲခဲ့ပါတယ်။

ဈေးကွက်နဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးအတွက် စီးပွားရေး ရှော့ခ်ရိုက်ကုထုံး အစီအစဉ်ကို ဖော်ဆောင်ခဲ့ပြီး ၁၉၇၀ ခုနှစ်တွေအတွင်း ပိုလန်ကွန်မြူနစ်ပါတီ ခေါင်းဆောင် Edward Gierek လက်ထက်မှာ အစိုးရ အသုံးစားရိတ်အဖြစ် အနောက်နိုင်ငံတွေဆီမှာ တင်ရှိတဲ့အကြွေး အမေရိကန်ဒေါ်လာ ဘီလီယမ် ၄၀ ကိုလည်း လျှော့ချဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Image caption ၂၀၁၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပိုလန်နိုင်ငံ သွားရောက်ခဲ့စဉ်က မစ္စတာ Walesa နဲ့အတူတွေ့ရစဉ်

ဒါကြောင့် မတူကွဲပြားသူတွေ အတူပေါင်းစည်းလုပ်ဆောင်ရာက ရလာတဲ့ အောင်မြင်မှု ရလဒ်ဟာ ချီးကျူးစရာ ဖြစ်ပါတယ်။ ပိုလန်နိုင်ငံရဲ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုးဟာ ၁၉၉၀ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၆၅ ဘီလီယမ် ရှိနေရာကနေ ၂၀၁၃ ခုနှစ်မှာ ၅၄၈.၆ ဘီလီယမ်အထိ တိုးမြင့်ခဲ့ပါတယ်။

ဒီနေ့ ဘာကောက်ချက် ချနိုင်လဲ

လူအများစုကတော့ Thick line မျဉ်းထူခြား ပေါ်လစီ ဆိုတာဟာ ပိုလန်နိုင်ငံမှာ ကွန်မြူနစ်တွေ အုပ်စိုးစဉ်ကာလအတွင်း မရှင်းချင်လို့ ကျန်ခဲ့တဲ့ အကြွင်းအကျန်တွေကို ရှင်းလင်းအောင် မလုပ်နိုင်တဲ့ ပေါ်လစီလို့ အခုထိ ငြင်းခုန်နေကြဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် တကယ့်လက်တွေ့မှာ နိုင်ငံအတွင်း ပရမ်းပတာဖြစ်မှုတွေနဲ့ နှစ်ပေါင်းများစွာ ဘော်လကန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ယခင် ယူဂိုဆလားဗီးယား သမ္မတနိုင်ငံရဲ့ ပြည်တွင်းစစ်လိုမျိုးကို တားဆီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် thick line မျဉ်းထူနဲ့ခြား ပေါ်လစီကို တခြား အမြင်ဘက်ကလည်း ရှုမြင်နိုင်ပါသေးတယ်။

စားပွဲဝိုင်းဆွေးနွေးပွဲ လုပ်အပြီး နှစ်ပေါင်း ၂၀ အကြာ ၂၀၀၉ ခုနှစ်မှာတော့ မစ္စတာ Mazowiecki အစိုးရထဲမှာ ဝန်ကြီးတစ်ဦးဖြစ်တဲ့ Alexander Hall က thick line ဆိုတာဟာ ပိုလန်မှာ စီးပွားရေး ချွတ်ခြုံကျမှု၊ ဆိုဗီယက် အာဏာရှင်အုပ်စု လက်အောက် ကျရောက်မှု စတဲ့ ကွန်မြူနစ်တွေရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကို တာဝန်ယူဖြေရှင်းပေးရမယ့် စနစ်သစ်ကို အကာအကွယ်ပေးဖို့ ဖြစ်တယ်လို့ ပိုလန်မီဒီယာနဲ့ မေးဖြေခန်းတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

ပိုလန်နိုင်ငံရဲ့ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဟာ ဆိုဗီယက် ပြည်ထောင်စု(ရုရှား) ရဲ့ ပြည်ပက ခြိမ်းခြောက်မှုတွေကြောင့် အလုပ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ကွန်မြူနစ်တွေကတော့ အတိတ်က သူတို့လုပ်ရပ်တွေအပေါ် တာဝန်မယူဘဲ ဒုတိယ ကမ္ဘာစစ်အပြီး အင်အားကြီးနိုင်ငံတွေက အစိုးရခေါင်းဆောင်တွေရဲ့ Yalta ဆွေးနွေးပွဲက ချမှတ်လိုက်တဲ့ သဘောတူညီချက်ကြောင့် ပိုလန်ဟာ ဆိုဗီယက်ရဲ့ တစိတ်တပိုင်းဖြစ်ခဲ့ရတယ်လို့ ဆိုကြပါတယ်။

ဒီမိုကရေစီ လိုလားတဲ့ အုပ်စုတွေကတော့ သူတို့ဘက်က ခြေလှမ်းမှားသွားရင် မော်စကို ကို ၁၉၈၁ ခုနှစ်တုန်းကလို ကြားဝင်ဖို့ ဖိတ်ခေါ်လိုက်သလို ဖြစ်လိမ့်မယ်ဆိုတာ သိခဲ့ကြပါတယ်။

၁၉၈၉ ခုနှစ် စက်တင်ဘာလတုန်းက ပိုလန် ဝန်ကြီးချုပ်ဟောင်း Mazowiecki ပါလီမန်မှာ မိန့်ခွန်းပြောခဲ့စဉ်က ပိုလန်မှာ ဆိုဗီယက် တင့်ကားတွေ တပ်စွဲထားတုန်းဖြစ်ပါတယ်။ အနောက်နိုင်ငံတွေကလည်း ဆိုဗီယက်ကို ရန်စတဲ့အပြုအမူမျိုး မဖြစ်အောင် သတိထားနေခဲ့ကြပါတယ်။

ဥရောပနိုင်ငံတွေမှာ ရုတ်တရက် ပြင်းထန်တဲ့ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပိုလန်နိုင်ငံအနေနဲ့ တစုံတရာ အမှားအယွင်းလုပ်ခဲ့မိရင် ဥရောပတိုက်ရှိနိုင်ငံတွေရဲ့ အင်အားချိန်ခွင်ကို ကမောက်ကမ ဖြစ်စေနိုင်ပြီး ကြိုတင်ခန့်မှန်းလို့ မရနိုင်တဲ့ အကျိုးဆက်တွေ ရှိလာမှာ ဖြစ်ပါတယ်။

ပိုလန်မှာ စီးပွားရေး အခြေခံ ပြောင်းလဲမှုတွေ ချမှတ်ခဲ့တာ ကလွဲရင် ယခင် ခံစားခွင့်တွေဖြစ်တဲ့ အငြိမ်းစားလစာနဲ့ အစိုးရ အိမ်ရာ တိုက်ခန်းတွေကို ဆက်လက်ခံစားခွင့် ပေးခဲ့တာကြောင့် ကွန်မြူနစ်ဟောင်းတွေလည်း စနစ်သစ်နဲ့ အံဝင်ဂွင်ဆန့်အောင် ပြောင်းလဲနေထိုင်ခွင့်တွေ ရရှိခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတသက်တန်း နှစ်ကြိမ် ရွေးကောက်ခံရတဲ့ ပိုလန်သမ္မတ Alexander Kwasniewski နဲ့ အမေရိကန်သမ္မတ George W Bush

ကွန်မြူနစ်ပါတီဖြစ်တဲ့ Polish United Workers’ Party စည်းလုံးညီညွတ်သော ပိုလန် အလုပ်သမားပါတီ ကို New Alliance of Social-Democratic Left ဆိုရှယ် ဒီမိုကရက် (လက်ဝဲ) မဟာမိတ်သစ် ဆိုပြီး ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ်။

နောက်ဆုံး ကွန်မြူနစ်အစိုးရထဲမှာ ဝန်ကြီးဖြစ်ခဲ့သူ Alexander Kwasniewski ဟာ အဲဒီပါတီရဲ့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဖြစ်ပြီး သမ္မတ Lech Walesa ရဲ့နေရာကို ဆက်ခံပြီး ၁၉၉၅ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့ပါတယ်။ သူဟာ ဒုတိယ သမ္မတသက်တန်းအတွက် ပြန်အရွေးခံရပြီး ၂၀၀၅ ခုနှစ်အထိ သမ္မတရာထူးကို ရရှိခဲ့ပါတယ်။

အပြောင်းအလဲနဲ့ ပြည်သူ့အကျိုးကို လက်ခံလိုမှုရှိတဲ့ တိုင်းပြည်မှာ အပြောင်းအလဲတွေကို မစ္စတာ Kwasniewski က အကောင်အထည်ဖော်ခဲ့ပါတယ်။

ဒီဖော်ဆောင်မှုတွေ တကယ်ဖြစ်ခဲ့ပါတယ်။ မစ္စတာ Mazowiecki ရဲ့ thick line မျဉ်းထူနဲ့ခြား ပေါ်လစီကို ကျေးဇူးတင်ရမှာပါ။

(လန်ဒန်ရှိ ဘီဘီစီ ဗီယက်နမ်သတင်းဌာနက သတင်းထောက် Giang Nguyen ရဲ့ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန် တင်ပြထားတာ ဖြစ်ပါတယ်။)