ယဉ်ကျေးမှု တော်လှန်ရေးကို ကြုံခဲ့ရတဲ့ တပ်နီလူငယ်တစ်ယောက် အမှတ်တရ

 cultural revolution
Image caption အတွေ့အကြုံတွေကို ဘီဘီစီကို ပြန်ပြောပြ

၁၉၆၆ မှာ ယဉ်ကျေးမှုတော်လှန်ရေးကြီး စတော့ အိုင်ဟွာဟာ အသက် ၁၆နှစ်ပဲ ရှိပါသေးတယ်။ သူက တပ်နီတော် လူငယ်အစောင့်တပ်ထဲ ဝင်ခဲ့ပြီး မော်စီတုန်းရဲ့ဇာတိမြို့ ကိုလည်း သွားခဲ့ပါတယ်။

အိုင်ဟွာ အခုတော့ လန်ဒန်မှာနေနေပါတယ်။ ယဉ်ကျေးမှု တော်လှန်ရေး အနှစ် (၅၀) ပြည့်မှာ သူကိုယ်တိုင် တပ်နီတော် အစောင့်လူငယ် အဖြစ် ပါဝင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို သူက ဘီဘီစီကို ပြန်ပြောပြခဲ့ပါတယ်။

ကျွန်မ နာမည်က အိုင်ဟွာပါ။ ယဉ်ကျေးမှုတော်လှန်ရေးကြီး စတော့ ကျွန်မက အလယ်တန်း အထက်အဆင့် ပထမနှစ်မှာ တက်နေပါတယ်။ ကျွန်မတို့ စစ်လေ့ကျင့်ခန်း သင်တန်း တက်နေတုန်းမှာပဲ ရုတ်တရက် ကျောင်းကို ပြန်လာကြဖို့ ခေါ်ပါတယ်။ ဘာဖြစ်နေမှန်းတော့ ကျွန်မတို့ မသိခဲ့ကြပါဘူး။

ကျောင်းဝင်းထဲ ရောက်လာတဲ့ မုန်တိုင်း

ကျောင်းပြန်ရောက်တော့ အတန်းတွေ အားလုံး ပိတ်လိုက်ပြီလို့ ပြောပါတယ်။ ကျွန်မတို့ကျောင်းအုပ်ကြီး ကိုလည်း အရင်းရှင်ဉာဉ်ရှိသူ “အနက်ရောင်ဂိုဏ်းသား” လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဥက္ကဋ္ဌကြီး မော်ကို ဆန့်ကျင်တဲ့သူတချို့ ရှိနေလို့ ဥက္ကဋ္ဌကြီးကို ကာကွယ်ဖို့ တပ်နီတော် အစောင့်တပ်ထဲ ဝင်ရမယ်လို့ ကျွန်မတို့ကို ပြောပါတယ်။ မိသားစု နာမည်ကောင်းတဲ့သူ တွေပဲ တပ်နီတော်ထဲ ဝင်ခွင့်ရမယ်၊ မိသားစု နာမည်ပျက် ရှိသူတွေ မဝင်ရဘူးလို့ ဆိုပါတယ်။ ကျွန်မ မိသားစုကတော့ နာမည်ကောင်းရှိလို့ ကျွန်မ ဝင်ခွင့်ရပါတယ်။

တစ်ခါတော့ ကျွန်မတို့ အတန်းဖော် တစ်ယောက်က ကျွန်မနဲ့ နောက်မိန်းကလေး တစ်ယောက်ဟာ စိတ်ဓာတ် ပြင်းထန်မှု မရှိဘူးလို့ ဆိုပြီး နှိပ်စက်ညှင်းပန်းတဲ့ အခန်းတစ်ခုဆီ ကျွန်မတို့ကို ခေါ်သွားပါတယ်။ အဲဒီမှာ တွေ့ရတဲ့ မြင်ကွင်းက ကျွန်မကို သိပ်တုန်လှုပ်သွားစေပါတယ်။ အခန်းထဲမှာ မိန်းမကြီး တစ်ယောက်ကို တွေ့ရပါတယ်။ သူက မြေရှင်တစ်ယောက်ရဲ့ မိန်းမလို့ ပြောပါတယ်။ သူ့ဆံပင်ကို တဝက်ရိတ် ထားပြီး မျက်နှာကလည်း ယောင်ကိုင်းနေပါတယ်။ သူ့ကို ဘေးနားမှာ ချထားတဲ့ ရေပုံးထဲက ရေတွေ အတင်း သောက်ခိုင်းနေတာ တွေ့ရပါတယ်။ အဲဒီရေပုံး ထဲမှာလည်း ကြာပွတ်တွေ ရေစိမ် ထားတာ တွေ့ရပါတယ်။ ကျွန်မ စိတ်ထဲမှာတော့ အဲဒီမြင်ကွင်းဟာ ကွန်မြူ နစ်တွေ နှိပ်စက်ခံရတဲ့ တော်လှန်ရေး ရုပ်ရှင်ကား ထဲက ဇာတ်ဝင်ခန်း တစ်ခုနဲ့ တူတယ်လို့ တွေးမိပါတယ်။ ဒါပေမယ့် ထုတ်တော့ မပြောရဲခဲ့ပါဘူး။ နောက်ရက်ပိုင်းပဲအကြာမှာ အဲဒီမိန်းမကြီး သေသွားပါတယ်။ အစောင့်တွေမရှိတဲ့အချိန်မှာ အခန်းထဲက ခုန်ချပြီး သတ်သေ သွားတာပါ။ သူ့အလောင်း အပေါ်မှာ စာလုံး အကြီးကြီး တွေနဲ့ ရေးထားတဲ့ ပိုစတာတစ်ခုနဲ့ ဖုံးပြီး အလောင်းကို တွန်းလှည်း တစ်ခုပေါ်တင်၊ သုသာန်ကို ယူသွားပြီး မီးရှို့ လိုက်ကြပါတယ်။

ကျွန်မတို့ကို တရုတ်စာ သင်ပေးတဲ့ ဆရာကိုလည်း ကျွန်မအမှတ်ရနေပါသေးတယ်။ သူက အသက် ၆၀ ကျော် လောက်ရှိပြီ၊ သိပ်လည်းတော်တယ်၊ ကဗျာတွေလည်း ရေးတတ်တယ်။ ယဉ်ကျေးမှု တော်လှန်ရေးလည်း စရော၊ ကျောင်းသားတွေက သူဟာ ပြန်လည်ပြင်ဆင်ရေး ဝါဒီတွေ စုဝေးပြီး ကဗျာချစ်သူ အစုအဖွဲ့တစ်ခု ဖွဲ့နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီဆရာဟာ ကျောင်းစာသင်ခန်း တံခါးပေါင်တစ်ခုမှာ သူ့ကိုယ်သူ ကြိုးဆွဲချ အဆုံးစီရင်သွားပါတယ်။ ဆရာ့အကြောင်း ကျွန်မတို့ အခုအထိ ပြောဖြစ်နေမိကြပါသေးတယ်။

ကျွန်မဦးလေးတစ်ယောက်က ပျားမွေးပါတယ်။ သူ့ကိုလည်း ချမ်းသာအောင် လုပ်နေတဲ့လူလို့ စွပ်စွဲပြီး ဝိုင်းနှိပ်စက်ကြတာ ခံခဲ့ရပါတယ်။ သူ့လည်ပင်းမှာ ကျောက်ပြားဆွဲပြီး ရှုတ်ချပွဲတွေဆီ ခေါ်သွားတယ်။ နောက်ဆုံးတော့ သူလည်း မခံနိုင်တော့တာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားပါတယ်။

အဲဒီတုန်းက ကျွန်မက အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။ အကြမ်းဖက်မှုတွေကို ကျွန်မတွေ့ခဲ့ရကြောင်း အဖေ့ကို ပြောပြမိတယ်။ လူတွေကို ရိုက်တာ နှိပ်စက်တာ မမှန်ဘူးလို့ ကျွန်မထင်ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ကျွန်မတို့ဝန်းကျင်က ကမ္ဘာကြီးက အားလုံး ရူးသွပ်သွား ကြပြီ ထင်ပါတယ်။ ကိုယ့်စိတ်ထဲထင်တာကို ပြောခွင့်၊ ကိုယ်ပိုင် အတွေးအခေါ်ရှိခွင့် မရခဲ့ပါဘူး။

Image caption မော်စီတုန်း မွေးရပ်ကို အိုင်ဟွာ သွားလည်

သမ္မတတို့ စစ်ဖက်အရာရှိကြီးတို့ အပါအဝင် ထိပ်တန်းအရာရှိကြီးတွေ၊ လူကြီးတွေ ထုတ်ပယ်ခံရ စွပ်စွဲ ရှုတ်ချခံနေရတာတွေ များများလာတော့ ကျွန်မစိတ်ထဲမှာ သံသယတွေ ရှိလာပါတယ်။ ဘာကြောင့် ပါတီထဲမှာ ကေဒါဆိုးတွေ ဒီလောက် များများ ရှိနေရတာပါလဲလို့ ကျွန်မကိုယ်ကျွန်မ ပြန်မေးမိပါတယ်။ နောက်တော့ ကျွန်မအဖေကိုယ်တိုင် သစ္စာဖောက်လို့ အစွပ်စွဲခံရပြီး စစ်ဆေးခံရပါတယ်။

လယ်ယာထဲမှာ အလုပ်လုပ်ရ

၁၉၆၈ ရောက်လာတော့ မြို့ပေါ်က လူငယ်အများအပြားကို အစိုးရက ကျေးလက်ကို အစုလိုက် ပို့ခဲ့ပါတယ်။ မြို့ပေါ်မှာ ကျောင်းတွေလည်း ပိတ်ထားပြီး အလုပ်လုပ်စရာလည်း မရှိပါဘူး။ ၁၉၆၉ မှာ စစ်တပ်ရဲ့ လယ်ယာစိုက်ခင်း တစ်ခုဆီ ကျွန်မရောက်သွားပါတယ်။ အဲဒီမှာ ဘဝကလည်း ကြမ်းတမ်းပါတယ်။ ရာသီဥတုကလည်း အေးစက်နေပြီး စားစရာလည်း လုံလုံလောက်လောက် မရှိပါဘူး။ ကျွန်မတို့ အဲဒီမှာ လယ်ထဲမှာ အလုပ်လုပ်ရတယ်၊ ကိုယ်လက် လေ့ကျင့်ခန်းတွေ လုပ်ရတယ်၊ သေနတ်ပစ် လေ့ကျင့်ခန်းလည်း လုပ်ရပါတယ်။နောက်တစ်နှစ် အကြာမှာတော့ ကျွန်မ စစ်ထဲဝင်လိုက်ပါတယ်။

လယ်တောဆီမသွားရခင် ကျွန်မ ဦးလေးတော်တစ်ယောက်ဆီ သွားတွေ့ခဲ့တာကိုလည်း အမှတ်ရနေပါတယ်။ အဲဒီမှာ ကျွန်မတို့ နေ့စဉ် ဝတ်မပျက် လုပ်ရတာတွေရှိပါတယ်။ မနက်တိုင်း မနက်စာ မစားခင် ဦးလေးရယ်၊ အဒေါ်ရယ်၊ သူတို့သားရယ် ကျွန်မရယ် အားလုံး ဥက္ကဋ္ဌကြီးမော်ရဲ့ ဓာတ်ပုံရှေ့မှာ ရပ်ပြီး စာအုပ်နီလေးတွေ ဝှေ့ရမ်းလို့ ဥက္ကဋ္ဌကြီး သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းပေးကြရတယ်။ ကျွန်မမောင်က အမှားတစ်ခုခု လုပ်မိရင် အဒေါ်က သူ့အမှားကို ဥက္ကဋ္ဌကြီး ဆီမှာ ဝန်ခံပြီး တောင်းပန်ဖို့ သူ့သားကို ပြောတာတွေ့ရတယ်။ နောက်ပိုင်းမှ ကျွန်မ သဘောပေါက်တာက အဒေါ်က ငွေရှင်ကြေးရှင် မိသားစုက လာတာဆိုတော့ သူက ပိုပိုပြီး သတိထားနေရတယ် ဆိုတာကိုပါပဲ။

ဓာတ်ပုံ မူပိုင် Aihua
Image caption အိုင်ဟွာနဲ့ သူငယ်ချင်းများ ၁၉ ၇၆ခုနှစ်က ဝန်ကြီးချုပ် ချူအင်လိုင်းရဲ့ ဈာပနမှာ အလေးပြုနေစဉ်

ယဉ်ကျေးမှုတော်လှန်ရေးက ဆယ်နှစ်လောက်ကြာခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ ကျွန်မဟာ ကျွန်မအသက်အရွယ်နဲ့ မမြင်မတွေ့သင့်တဲ့ မြင်ကွင်းတွေ အများကြီး တွေ့ခဲ့ ကြုံခဲ့ရပါတယ်။ ကျွန်မ အတန်းဖော် တစ်ယောက် တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာ၊ သူငယ်ချင်း တစ်ယောက်ရဲ့ မိဘတွေ သတ်သေ သွားကြတာမျိုး အပါအဝင် တော်တော် ဆိုးဆိုးဝါးဝါး ကိစ္စမျိုး တွေကို ကျွန်မတို့ ကြုံခဲ့ရပါတယ်။ လူငယ်တွေက ငယ်စိတ်နဲ့ တက်ကြွစိတ်နဲ့ ဘာတွေ လုပ်တတ်သလဲ ဆိုတာ တွေ့လာရတော့ အဲဒီအချိန်ကစလို့ ကျွန်မ လူစုလူဝေးနဲ့ လုပ်ကြတဲ့ အလုပ်တွေကို စိတ်ပျက်လာပြီး စိတ်မဝင်စား တော့ပါဘူး၊ ဘယ်သူ့ကိုမှလည်း ကိုးကွယ်ချင်စိတ် မရှိတော့ပါဘူး။

နောက်တစ်ခုကလည်း ကျွန်မတို့ ကိုယ့်ဟာကိုယ်တွေးခေါ်သင့်တယ်၊ တခြားလူတွေက ကိုယ့်ကို လာပြောတာကိုပဲ ပုံပြီး ယုံကြည်လိုက်ဖို့ မသင့်ဘူးလို့ သိလာပါတယ်။ ကျွန်မတို့ ကိုယ်ပိုင်လွတ်လပ်တဲ့ အတွေးအခေါ်တွေ ရှိရပါမယ်။ ကျွန်မ ဆိုးဆိုးဝါးဝါး အတွေ့အကြုံတွေ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ကျွန်မဟာ အလုပ်ကြိုးစားသူ အကောင်းကိုရှာတွေးတတ်သူ တစ်ယောက်ဖြစ်လာပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။