မြောက်ကိုရီးယားမှာ အဖမ်းခံရတဲ့ သတင်းထောက်

Image caption မြောက်ကိုရီးယားရောက် ဘီဘီစီ သတင်းထောက် အဖွဲ့

အရင်တပတ်က မြောက်ကိုရီးယား မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ရူးပတ် ဝင်းဖီး ဟေးစ် သူ့သတင်း တင်ဆက်ပုံကြောင့် တောင်းပန်ဖို့ ဖိအားပေး ခံခဲ့ရပြီးနောက် နိုင်ငံ အတွင်း ကနေ နှင်ထုတ် ခံခဲ့ရပါတယ်။

သူ့ကို တယောက်တည်း ၁ဝ နာရီလောက် ဖမ်းဆီးပြီး စစ်မေးတာကို ကြုံခဲ့ရပါတယ်။ သူ့ရဲ့ ကိုယ်တွေ့တွေကို ဖတ်နိုင်ကြပါပြီ။

ကျွန်တော် မြောက်ကိုရီးယား ရောက်တာ တပတ်ကျော်တော့ အိမ်ကို ပြန်ချင်နေပါပြီ။ ပြုံယမ်းကို လာတဲ့ နိုဘယ်ဆုရှင် ၃ ယောက် ခရီးကို သတင်းလိုက်ရတာက ပင်ပန်းပြီး စိတ်ကုန် စရာ ကောင်းပါတယ်။

ပြုံယမ်းမှာ ကျွန်တော့ နောက်ကို လိုက်နေတဲ့ ထောက်လှမ်းရေး ၅ ယောက် မပါဘဲ ဘယ်မှ ထွက်လို့ မရပါဘူး။ ညဆိုရင် ဘီဘီစီ တဖွဲ့လုံးကို ပူအိုက် လှတဲ့ အိမ်တလုံးထဲမှာ လှောင်ပိတ်ထားတာပါ။

ကျွန်တော်တို့ နောက်ကလိုက်နေတဲ့ ထောက်လှမ်းရေး တွေကလည်း တော်တော်လေး ရိုင်းပါတယ်။ ဒါကြောင့် တရုတ်ပြည် ပြန်ရောက်ရင်း ဘီယာ အေးအေးလေး မြုံ့ပြီး ကောင်းကောင်းလေး အိပ်ချင်ပါတယ်။

ဒါပေမဲ့ လေဆိပ် ရောက်တော့ လူဝင်မှု ကြီးကြပ်ရေးက အမျိုးသမီးက ကျွန်တော့ နိုင်ငံကူး လက်မှတ် စာအုပ်ကို အကြာကြီး ယူကြည့် ပါတယ်။

နောက်ဆုံး သူတံဆိပ်တုံး ထုပြီးချိန်မှာ ခရီးသည် အားလုံး လုံခြုံရေး ကို ဖြတ်ပြီး လေယာဉ်ထွက်တဲ့ ဂိတ်ပေါက် ရောက်နေကြပါပြီ။

အဲဒီချိန်ထိ ကျွန်တော် သတိမထားမိသေးပါဘူး။

ဒီနောက်မှာတော့ မြောက်ကိုရီးယားလုံခြုံရေး အစောင့် တယောက် ကျွန်တော့ ဒစ်ဂျစ်တယ် အသံဖမ်းစက်ကို ကိုင်ပြီး ရောက်လာပါတယ်။

"ဒီပစ္စည်းကို စစ်စရာ ရှိတယ်" လို့ ပြောရင်း လူသွား စင်္ကြန်ဘက်ကို လက်ညှိုး ညွှန်ပြ ပါတယ်။

နောက်က အခန်းမှာတော့ တခြား အစောင့် တယောက်က ကျွန်တော့ အသံဖမ်းစက် ထဲက ဖိုင်တွေကို ကွန်ပျူတာ လက်ပတော့ တလုံးထဲမှာ ဖွင့်ကြည့်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

"ဘာဖြစ်လို့လဲ၊ အဲဒီကတ်ထဲမှာ ဘာမှ မရှိဘူး "

"ခဏ စောင့်နေပါ " အဲဒီလူက ပြန်ပြောတယ်။

"ကျွန်တော် မစောင့်နိုင်ဘူး၊ ဘေဂျင်း သွားဖို့ လေယာဉ်မီမှ ဖြစ်မယ် "

"လေယာဉ် ထွက်သွားပြီ၊ ခင်ဗျား ဘေဂျင်း သွားလို့ မရဘူး " အဲဒီ အစောင့်က ကျွန်တော့ မျက်နှာ တည့်တည့် ကြည့်ပြီး ပြောတယ်ဗျာ။

အခု ကျွန်တော် ရင်ခုန်သံတွေ မြန်လာပါပြီ။

"ဒုက္ခပဲ၊ ဒါ တကယ် ဖြစ်တာပဲ၊ အခု လေယာဉ်ထွက်သွားပြီ၊ ငါတော့ မြောက်ကိုရီးယားမှာ ကျန်ခဲ့ပြီ "

Image caption မြောက်ကိုရီးယား စစ်ဆေးရေး စခန်းက ရူးပတ် ဝင်းဖီး ဟေးစ်

တကယ်က အဲဒီအချိန်မှာ ကျွန်တော့ လုပ်ဖော်ကိုင်ဖက် Maria Byrne နဲ့ Matthew Goddard တို့လည်း လေယာဉ်ပေါ် တက်ဖို့ ငြင်းဆန်ပြီး သူတို့ကို အတင်း တွန်းတင်ဖို့ လုပ်နေတဲ့ အစောင့်တွေကို ပြန်အော်ဟစ်နေတာပါ။

ဒါတွေ ကျွန်တော် ဘာမှ မသိဘဲ တယောက်တည်း ကျန်ခဲ့ပြီလို့ အောက်မေ့ စိုးရိမ် နေပါတယ်။

ကျွန်တော်တို့ နောက်က တောက်လျှောက် လိုက်နေတဲ့ ထောက်လှမ်းရေး ၂ ယောက်လည်း အခု ပေါ်လာပါပြီ။

"ခင်ဗျားကို ကျွန်တော်တို့ ဆိုင်ရာနဲ့ တွေ့ဖို့ ခေါ်သွားမယ် ၊ အဲဒီကျရင် အားလုံး ရှင်းသွားမှာ" ဒီလူတွေက ပြောတယ်။

ဒီနောက်တော့ သူတို့ တဘက်တချက်စီ ရံပြီး ကျွန်တော့ကို ကားတစင်းပေါ်မှာ နောက်ခန်းကနေ ခေါ်သွားကြပါတယ်။

လမ်းမှာတော့ လူသူ တယောက်မှ မရှိတဲ့ ပြုံယမ်းရဲ့ လမ်းတွေကို ဖြတ်လာရပါတယ်။ တိုက်ခန်းတွဲ ဟောင်းကြီးတွေကို ငေးကြည့်ရင်း ကျွန်တော့ အဖြစ်ကို ပြန်စဉ်းစားမိတယ်။ ဒီလို နိုင်ငံမျိုးမှာ အထက်က အမိန့်မပါဘဲ နိုင်ငံခြား သတင်းထောက် တယောက်ကို ဖမ်းလို့ မရဘူး။ ပြုံယမ်း ဟိုတယ် တခုမှာ အစိုးရ ဝါဒဖြန့် ပိုစတာကို သွားခိုးလို့ ၁၅ နှစ် ထောင်ကျ သွားတဲ့ အမေရိကန် ကောလိပ်ကျောင်းသားလေး အကြောင်း သွားသတိရမိတယ်။ ငါလည်း သူ့လိုပဲ အစိုးရ ရုပ်သံကနေ ထွက် စကားပြောရတော့မလား မသိဘူး။

နောက်ဆုံး ကားက ဟိုတယ် အဟောင်း တခုရှေ့ ရောက်လာတယ်။ ကျွန်တော့ကို အစည်းအဝေး ခန်း တခုထဲ ခေါ်သွားပြီး ထိုင်ခိုင်းတယ်။ အခန်း နံရံမှာတော့ ကင်အီဆွန်းနဲ့ ကင်ဂျုံ အီးတို့ ပုံကြီးတွေ ချိတ်ထားပါတယ်။

မှိုင်းရင့်ရင့် မော်စီတုန်း အဝတ်အစားနဲ့ အရာရှိ တွေ ဝင်လာပြီး ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်ကြပါတယ်။

အသက်ကြီးဆုံး လူက စပြောပါတယ်။

"မစ္စတာ ရူးပတ်၊ ဒီ တွေ့ဆုံပွဲက မြန်မြန်လေး ပြီးသွားမသွား ဆိုတာ ခင်ဗျား အပေါ်မှာ မူတည်ပါတယ်"

ကျွန်တော် ရေးတဲ့ သတင်းတပုဒ်က မြောက် ကိုရီးယား ပြည်သူတွေကို စော်ကားရာ ကျလို့ ကျွန်တော့ အမှားကို ဝန်ခံရမယ်လို့လည်း ပြောပါတယ်။

နိုဘယ်ဆုရှင်တွေ မြောက် ကိုရီးယား လာတဲ့ ခရီး အကြောင်း ဘီဘီစီ မှာ ကျွန်တော် ရေးခဲ့တဲ့ သတင်း ၃ ပုဒ်က နမူနာတွေကိုလည်း သူတို့က ထုတ်ပြပါတယ်။

Image caption စစ်မေးတဲ့ မြောက်ကိုရီးယား အရာရှိ ၂ ယောက်

"ကိုရီးယားတွေ အရုပ်ဆိုးတယ်လို့ ခင်ဗျား ထင်သလား" လူကြီးက စမေးတယ်။

"မထင်ပါဘူး "

"ကိုရီးယားတွေ ခွေးလို အသံနဲ့ စကားပြောတယ်လို့ ခင်ဗျား အောက်မေ့သလား "

"မပြောပါဘူး"

"ဒါဖြင့် ဘာလို့ ဒီလို ထည့်ရေးတာလဲ" အဲဒီလူကြီးက အော်ပါတော့တယ်။

ကျွန်တော် တော်တော် ခေါင်းပူသွားတယ်။ ဘာများ ရေးလိုက်မိပါလိမ့်။ အဲဒီ ဆောင်းပါးတွေထဲက တပုဒ်က စာပိုဒ် တပိုဒ်ကို ကျွန်တော့ကို မင်နဲ့ ဝိုင်းပြီး ပြတယ်။

"မျက်နှာထား တင်းတင်းနဲ့ အကောက်ခွန် အရာရှိတွေဟာ ဆိုဗီယက် ခေတ်က ပုံစံမျိုး စစ်ဦးထုပ်တွေ ဆောင်းထားပါတယ်။ အဲဒိ ဦးထုပ်တွေက သူတို့ခေါင်းထက် အဆမတန် ကြီးနေတော့ ပိန်ပါးပါး ကိုရီးယား တွေ ခမျာ ယူနီဖောင်း ပွပွ၊ ဦးထုပ် ကြီးကြီးနဲ့ ရယ်စရာ ဖြစ်နေပါတယ်။ "ဖွင့်ပြပါ" အဲဒိ အရာရှိက ကျွန်တော့ မိုဘိုင်းဖုန်းကို လက်ညှိုးထိုးပြ ပါတယ်။ ကျွန်တော်လည်း တာဝန်ကျေစွာနဲ့ပဲ ဖုန်းကို ပတ်စ်ဝဒ်နှိပ်ပြီး ဖွင့်ပြ ပါတယ်။ ဒီလူက ဖုန်းကို ဆွဲယူပြီး ဓာတ်ပုံတွေကို ဖွင့်ကြည့်ပါတယ်။ ကျွန်တော့ ကလေးတွေ နှင်းထဲ လျှောစီးနေတဲ့ပုံ၊ ဂျပန်မှာ ချယ်ရီပန်းတွေ ပွင့်နေပုံ၊ ဟောင်ကောင်က မိုးမျှော်တိုက်ကြီးတွေ ၊ ဒီပုံတွေ အကုန် ကြည့်ပါတယ်။နောက် စိတ်ချမ်းသာ သွားတဲ့ပုံနဲ့ ကျွန်တော့ အဝတ်အစားအိတ် ဘက် လှည့်လာပါတယ်။ " စာအုပ်တွေ ပါလား" ဒီလူက အော်ပြောပါတယ်။ မပါပါဘူး။ " ရုပ်ရှင် စီဒီတွေလား" ရုပ်ရှင်လည်း မပါပါဘူး။ အဲဒိနောက် စားပွဲမှာတော့ အသံဆိုးဆိုးနဲ့ မိန်းမတယောက်က ကျွန်တော့ လပ်တော့ပ်ကို လျှောက်ကြည့် နေပါပြီ။"

"ဒါ ရေးတာ ဘာဖြစ်လို့လဲ " ကျွန်တော် စဉ်းစား မိပေမယ့် သူတို့က"grim-faced မျက်နှာ တင်းတယ်" ဆိုတဲ့ အင်္ဂလိပ် စကားကို "အရုပ်ဆိုးတယ်"လို့ ထင်နေပြီး "barks အော်ပြောတယ် " ဆိုတာကို ခွေးလို ဟောင်တဲ့ အဓိပ္ပာယ်နဲ့ သွားစဉ်းစားပါတယ်။

"ဒါတွေကို ခင်ဗျား ထင်တဲ့ သဘောနဲ့ ရေးတာ မဟုတ်ပါဘူး" ကျွန်တော် စောဒက တက်တော့

လူကြီး လုပ်တဲ့သူက မျက်မှောင်ကြုတ်လိုက်ပြီး

"ကျုပ် အင်္ဂလိပ် စာပေ သင်လာတာပါ။ ဒီစကားတွေ ဘာအဓိပ္ပာယ် ပေါက်တယ် ဆိုတာ ကျုပ် မသိဘူး ထင်လို့လား"

နောက် ၂ နာရီလောက် ကြာအောင် ကျွန်တော့ အမှားကို ဝန်ခံဖို့ သူတို့ တတွင်တွင် ပြောနေပါတယ်။ နောက်ဆုံးတော့ အဲဒီ လူကြီး ထထွက်သွားပါတယ်။

"ခင်ဗျား ကြောင့် ဒီကိစ္စက မပြီးနိုင်တာ။ ဒါဆိုရင်တော့ စုံစမ်းစစ်ဆေးရေး အပြည့် ဝင်ရတော့မှာပဲ၊ ဒါပဲ ကျန်တော့တယ်"

အခု လူငယ် တယောက်က ဝင်ပြီး စစ်ပါတယ်။

"ခင်ဗျား ကျုပ်ကို ဘယ်သူမှန်း သိလား " အဲဒီလူသစ်က မေးတယ်။

"မသိဘူး"

"ကျုပ်က တရားရေး ဌာနက လာတာ။ ကက်နက်ဘေး အမှုကို ကျုပ်စစ်လာတာ။ ခုတော့ ခင်ဗျား အမှု စစ်ရမှာပေါ့"

ကျွန်တော် ခြေဖျားလက်ဖျားတွေ အေးလာပါတယ်။ ကိုရီးယား လူမျိုး အမေရိကန် နိုင်ငံသား ကက်နက်ဘေး ကို ၂ဝ၁၃ တုန်းက မြောက်ကိုရီးယားမှာ အလုပ်ကြမ်းနဲ့ ထောင်ချ ခဲ့တာပါ။

သူတို့ ကျွန်တော့ ဆောင်းပါးကို အစအဆုံး တလုံးမကျန် ဖတ်ပြီး အပြစ်ရှာပြန်ပါတယ်။ ပါးစပ် သေနတ်တွေနဲ့ ပစ်ခတ်ပြီး ကျွန်တော့ အမှားကို ဝန်ခံခိုင်းပြန်ပါတယ်။

"ကျွန်တော်တို့ ဒီမှာ တညလုံး ထိုင်နိုင်တယ်၊ ကျွန်တော် ကတော့ ဘာမှ လက်မှတ်ထိုးမှာ မဟုတ်ဘူး " လို့ ကျွန်တော် ပြောတော့

လူငယ် အရာရှိက

"ကျုပ်တို့လည်း အချိန် အများကြီး ရှိတယ်၊ အမှုစစ်တာက တညလုံးလည်း ဖြစ်နိုင်တယ်၊ တနေ့၊ တပတ်ကနေ တလထိလည်း ကြာနိုင်တယ်၊ ခင်ဗျားပေါ်ပဲ မူတည်တယ် " လို့ ပြန်ပြောတယ်။

နာရီနဲ့ချီပြီး ဒီစကားတွေနဲ့ အထပ်ထပ် အခါခါ တရစပ် စွပ်စွဲပါတယ်။ နောက်ထပ် ၂ နာရီ ကြာတော့ သူတို့ ခဏ နားပြီး နောက်တဖွဲ့ ပြောင်းစစ်ပါတယ်။ အဲဒီမှာ သူတို့က "ကြီးလေးတဲ့ ပြစ်မှု" ဆိုတဲ့ စကား စသုံးလာပါတယ်။

"ဘာ အပြစ်တုံး " ကျွန်တော် မေးတော့

"ကိုရီးယား နိုင်ငံနဲ့ လူမျိုးကို နာမည်ဖျက် စော်ကားမှုပေါ့ " လို့ စစ်ဆေးရေး အရာရှိက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ခုချိန်ထိ စစ်ကြောရေးက ၅ နာရီ ကျော်လောက် ရှိနေပါပြီ။ တချိန်တည်း ပြုံယမ်းက တခြား ဟိုတယ် တခုမှာလည်း ပွက်လောရိုက်နေတာကို ကျွန်တော် မသိဘူး။ အာရှ ဗျူရိုရုံး အယ်ဒီတာ Jo Floto ခေါင်းဆောင်တဲ့ ဘီဘီစီ အဖွဲ့ တဖွဲ့ မြောက်ကိုရီးယား အလုပ်သမား ပါတီ ကွန်ဂရက် အစည်းအဝေး အကြောင်း သတင်းယူဖို့ အဲဒီ ဟိုတယ်မှာ ရောက်နေတာပါ။ ဘေဂျင်းက ကျွန်တော်တို့ အဖွဲ့သားတွေက သူတို့ဆီ ဖုန်းဆက်ပြီး တရုတ်ပြည်ကို ကျွန်တော်တို့ အဖွဲ့ ပြန်မရောက်သေးဘူးလို့ ဖုန်းဆက်ပါတယ်။ အဲဒီတော့ ဂျိုးလည်း ကျွန်တော်တို့ကို စရှာရပြီပေါ့။ သူ့ဘေးက ထောက်လှမ်းရေးကို ခေါ်ပြီး မြောက်ကိုရီးယား နိုင်ငံခြားရေး ရုံးကို ဆက်ခိုင်းပေမယ့် ကျွန်တော်တို့ ဘယ်မှာရှိမှန်း သူတို့ မသိကြဘူး။ ကျွန်တော် ဘယ်ရောက်နေတယ်ဆိုတာ နောက်ထပ် ၂ နာရီလောက် ကြာမှ သူတို့ ရှာလို့ရတယ်။

စစ်ကြောရေး ခန်းထဲမှာတော့ တောင်ကိုရီးယား မီဒီယာ တွေက ရေးသမျှ ဆောင်းပါး တွေကို စာရွက်နဲ့ ထုတ်ပြီး ပြနေပါတယ်။

"ခင်ဗျား ပို့တဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား မီဒီယာတွေ ဘက်က ဘာတွေ ရေးလဲ မြင်ပြီးပြီလား " လို့ လူငယ် စစ်ဆေးရေး အရာရှိက မေးပါတယ်။

"မသိဘူး"

"မြောက်ကိုရီးယား အစိုးရ ပြောသမျှ အလိမ်အညာ တွေပဲလို့ သူတို့က ပြနေတယ်ဗျ "

ဒီ အရာရှိက ကျွန်တော့ကို စိမ်းစိမ်းကြီး စိုက်ကြည့်ပြီး မေးပြန်တယ်။

"ဒီမလာခင် တောင်ကိုရီးယား သတင်းသမား တွေနဲ့ တွေ့ခဲ့သေးလား၊ မြောက်ကိုရီးယား ဆန့်ကျင်ရေး လုပ်ဖို့ တိုင်ပင်ခဲ့ကြသေးလား "

"သြော် အမှုကို ဒီလို ဆင်ပြီး စွဲချက်တင်ရတာကိုး"လို့ ကျွန်တော် သဘောပေါက်လိုက်ပါတယ်။

မနက် တနာရီ ခွဲလောက်ကျတော့ ကျွန်တော် အိမ်သာ တက်ဖို့ ခွင့်တောင်းတယ်။ အိမ်သာ သွားတိုင်း ထောက်လှမ်းရေး ၂ ယောက်က ကျွန်တော်နဲ့ အမြဲ လိုက်တယ်။ တယောက်က ဘေးက ဆီးသွားခွက်နားမှာ ရပ်ပြီး နောက်တယောက်က ကျွန်တော့ နောက်က တည့်တည့် လာရပ်တယ်။

ဒီတခါ ကျွန်တော် ထွက်လာတော့ ကျွန်တော့ အရင် ထောက်လှမ်းရေး ဟောင်းထဲက မစ္စတာ အိုး တခြား အခန်းထဲက ထွက်လာတယ် ။

"ခင်ဗျား အထက် အရာရှိ ဒီလာနေပြီ ထင်တယ် " လို့ သူက ပြောတယ်။

ကျွန်တော် ဒီလူကို ယုံရမလား မသိပေမယ့် ဂျိုး ကတော့ လာနေပါပြီ။ သူ ကျွန်တော် ရှိတဲ့ ဟိုတယ်ကို ရောက်တဲ့အချိန်မှာ သူနဲ့ပါလာတဲ့ နိုင်ငံခြားရေး ရုံးက ထောက်လှမ်းရေးက သူ့ကို ဟောလို လှည့်ပြီး ပြောသတဲ့

"မစ္စတာ ဖလိုတို ၊ အခု ကျွန်တော်တို့ တွေ့ရမယ့် လူတွေအပေါ် ကျွန်တော်တို့ ဘာမှ ပြောလို့ ဆိုလို့ မရဘူး ဆိုတာ သတိထားပါ"၊ ဒါတွေ နောက်မှ ကျွန်တော့ကို သူပြန်ပြောမှ သိရတာပါ။

တနာရီ လောက်နေတော့ ကျွန်တော့ကို ဖမ်းထားတဲ့ အခန်းထဲကို ဂျိုးကို ခေါ်လာပါတယ်။ သူ့မြင်လိုက်ရလို့ ကျွန်တော် တော်တော်လေး စိတ်ချမ်းသာ သွားပေမယ့် သူကတော့ တော်တော် စိုးရိမ်နေပုံပါပဲ။ မာရီယာနဲ့ မက်သယူးတို့ကို ဘယ်ခေါ်သွားမှန်းလည်း သူမသိပါဘူး။ သူတို့ဆီကလည်း ဘာမှ မကြားရဘဲကိုး ။ ဒါနဲ့ သူက စစ်ကြောရေး အရာရှိငယ်ကို လက်ညှိုး လှမ်းထိုးပါတယ်။

"ဒိလူက ခင်ဗျားကို ဖမ်းထားရလို့ သူတို့ နိုင်ငံ ဂုဏ်ပျက်မှာကို သိတဲ့ပုံ မပေါ်ဘူးနော်၊ ခင်ဗျားကို အမှုဆင်ဖို့ သူ အသေအချာ ပြင်နေတာ သိလား " ဂျိုးက ကျွန်တော့ကို သတိပေး စကားပြောပါတယ်။

ကျွန်တော်တို့လည်း ဒီကိစ္စ မြန်မြန် ဖြတ်ဖို့ လိုပြီလို့ သိလိုက်ပြီ။ ဒီအတွက် ကျွန်တော် တောင်းပန်လိုက်မှ ပြီးမှာပါ။

စာတိုလေး တစောင် ရေးပြီး "ကျွန်တော့ ဆောင်းပါးတွေကြောင့် လွန်ကျူးခဲ့သမျှ အပြစ်တွေ အတွက် တောင်းပန် ရမယ်" လို့ ကျွန်တော်တို့ သဘောတူ ကြပါတယ်။ ဒီစာကို ထုတ်ဝေဖို့ အတွက် မဟုတ်ဘူးလို့လည်း သဘောတူကြပါတယ်။

Image caption ရူးပတ် ဝင်းဖီး ဟေးစ် နဲ့ Jo Floto တို့ တောင်းပန်စာ ရေးကြရ

ဒါပေမဲ့ စစ်မေးတဲ့သူက စာရေးပြီး မိနစ်ပိုင်းတွင်းမှာတင် ပြောလာတာက

"ခင်ဗျားရဲ့ ရိုးသားမှုကို ပြတဲ့ အနေနဲ့ ထပြီး စာကို ကျယ်ကျယ်လေး ဖတ်ပြပါ " ဒီလူက ပြောရင်းနဲ့ စာရွက်ကို ကျွန်တော့ လက်ထဲ ထည့်တယ်။

အခန်း ထောင့်တထောင့်မှာတော့ လူတယောက်က ဗီဒီယို ကင်မရာနဲ့ မှတ်တမ်းတင်နေတာပါ။

ကျွန်တော် ငြင်းလိုက်ပါတယ်။

နောက်ဆုံး မနက် ၃ နာရီ ခွဲမှာ ကျွန်တော့ကို ပြန်လွှတ်လိုက်ပြီး မာရီယာ၊ မက်သယူး တို့နဲ့ တွေ့ဖို့ ခေါ်သွားပါတယ်။ သူတို့ကို ပြုံယမ်း မြို့ပြင် တောင်ပေါ်က ဧည့်ရိပ်သာ တခုမှာ ထားပါတယ်။ ကျွန်တော် လေဆိပ်ကနေ ပျောက်သွားတာ ၁ဝ နာရီကျော်ပြီ ဆိုတော့ သူတို့လည်း ပူပန် သောကတွေနဲ့ပါ။

နောက်နေ့မှာ ကျွန်တော်တို့ကို Taedong မြစ်ထဲက ကျွန်းပေါ်မှာ ရှိတဲ့ Yanggakdo ဟိုတယ် မှာ ပြောင်းနေခွင့် ပြုပါတယ်။ အဲဒီမှာ နိုင်ငံခြား သတင်းထောက်တွေ စုနေကြတော့ စိတ်ချရတာပေါ့။ နောက်ထပ် ၂ ရက်လောက် ကျွန်တော်တို့ကို မြောက်ကိုရီးယားက ထွက်ခွင့် မပေးဘဲ ထားပါတယ်။

အဲဒီနောက် မေလ ၈ ရက်မှာ ရုတ်တရက် ကျွန်တော် တို့ကို လေဆိပ်ဘက် ပို့ပြီး နှင်ထုတ်လိုက်ပြီလို့ ပြောပါတယ်။

ဘာကြောင့်များ ကျွန်တော့ကို သူတို့ ရွေးဖမ်းပြီး ပြန်လွှတ်လိုက်တာပါလိမ့်။ ကျွန်တော့ အထင်တော့ နိုဘယ်ဆုရှင်တွေ ခရီးက သူတို့ရတဲ့ နာမည်ကောင်းကို ကျွန်တော် ရေးတဲ့ သတင်းကြောင့် ထိခိုက်နေတယ်လို့ ထိပ်ဆုံးက တယောက်ယောက်က ထင်လို့ ဖမ်းတာလို့ပဲ အောက်မေ့ပါတယ်။ မြောက်ကိုရီးယား အစိုးရက အသိအမှတ်ပြုတာ ခံချင်တယ်လေ။ ဒီခရီးစဉ်က သူတို့အတွက် သိပ်အရေးကြီးပါတယ်။ နိုဘယ်ဆုရှင် ၃ ယောက် ကို သူတို့နိုင်ငံက အကောင်းဆုံး အတော်ဆုံး ကျောင်းသားတွေနဲ့ ပေးတွေ့လိုက်တာကိုး ။ ကျွန်တော်တို့ ရေးသားပုံ က သူတို့ အကြံအစည်ကို လာထိခိုက်နေလို့ နမူနာ အနေနဲ့ ဆုံးမ ပြလိုက်တာ နေမှာပဲ။

ဒီလို လုပ်လိုက်လို့ပဲ သူတို့ နိုင်ငံမှာ ဆိုးဆိုးရွားရွား ဘာတွေ ဖြစ်နေတယ်ဆိုတာ ကျွန်တော် တွေ့ခွင့် သိခွင့် ရလိုက်တယ်။ ဒါကြောင့် ကျွန်တော် ၁ဝ နာရီလောက် အစစ်ခံလိုက်ရပြီး မြောက်ကိုရီးယားလို နိုင်ငံမှာ လူတယောက် ပျောက်သွားဖို့ ဘယ်လောက် လွယ်တယ်ဆိုတာ ကျွန်တော် သိလိုက်ရတာပါပဲ။ တယောက်တည်း ခွဲထုတ် ထားခံရပြီး ကိုယ်မကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ အစွပ်စွဲ ခံရတဲ့ အန္တရာယ်၊ မခိုင်လုံတဲ့ အထောက်အထားတွေနဲ့ စွဲဆိုခံရမယ့် ဘေးတွေ ကိုလည်း ကျွန်တော် သိလိုက်ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ