လန်ဒန်မြို့က ရွှေတွေ အကြောင်း

  • 27 မေ 2016
gold ဓာတ်ပုံ မူပိုင် Getty
Image caption အင်္ဂလန်ဘဏ် ပြတိုက်မှာ ပြထားတဲ့ ရွှေချောင်းတွေ

ကမ္ဘာမှာ အကြီးဆုံး ဘဏ်ကြီး တခုဖြစ်တဲ့ ICBC တရုတ် စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ်က လန်ဒန် မြေအောက်ခန်း တခန်းက ရွှေနဲ့ အဖိုးတန် သတ္တုတွေကို ဝယ်ဖို့ သဘောတူ လိုက်ပါပြီ။

ဒီလို ရွှေတွေ သိမ်းထားတဲ့ မြေတိုက်ခန်းတွေ လန်ဒန်မှာ ဘယ်လောက်ရှိပြီး ရွှေဘယ်လောက်များများကို သိမ်းဆည်းထားသလဲ သိပါသလား ။

လန်ဒန် ရွှေတိုက်များ

လန်ဒန်မြို့ရဲ့ လမ်းတိုင်းကို ရွှေနဲ့ ခင်းမထားနိုင် ပေမယ့်လည်း လန်ဒန် မြေအောက်ခန်း တွေထဲမှာ ရွှေတွေ သိမ်းထားတာတော့ တော်တော်များပါတယ်။ လန်ဒန် မြို့မှာ ၇ နေရာ ခွဲပြီး ရွှေတန်ချိန် ၆၅ဝဝ သိမ်းထားတာပါ။

ဒီထဲက အများဆုံးကတော့ အင်္ဂလန်ဘဏ်မှာ ရှိပါတယ်။ အဲဒီမှာ လန်ဒန်က ရွှေပိုင်ဆိုင်မှုရဲ့ ၇၅ ရာခိုင်နှုန်း ဖြစ်တဲ့ တန် ၅ဝဝဝ ကျော် ရှိပါတယ်။ ဒီရွှေတွေကို ပေါင် ၃ဝ လောက်စီ လေးတဲ့ ရွှေချောင်းတွေ လုပ်ပြီး သိမ်းထားတာ ရွှေချောင်း ၅ သိန်းလောက် ရှိပါတယ်။ အဲဒီ ရွှေချောင်း တချောင်းကို ဒေါ်လာ ၅ သိန်းကျော် လောက် တန်ပါတယ်။

ဒါပေမဲ့ ဒီထဲမှာ ဗြိတိသျှ ဘဏ္ဍာရေး ဌာနက ပိုင်တဲ့ ရွှေက ဆယ်ပုံ တပုံတောင် မရှိပါဘူး။

"အင်္ဂလန်ဘဏ်မှာ ရှိတဲ့ ရွှေတန်ချိန် ၃ဝဝ လောက်ပဲ ဗြိတိသျှ ဘဏ္ဍာရေး ဌာနက ပိုင်တာပါ။ ကျန်တာတွေက စီးပွားရေး သမားတွေ ပိုင်တာပါ " လို့ BullionVault.com က အေဒရီယန် အက်ရှ် က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ဗြိတိန် ဘုရင်မကြီး အင်္ဂလန်ဘဏ် ရွှေတိုက်ကို စစ်ဆေး

လန်ဒန်မြို့လယ် က သရက်နီဒယ်လမ်းရဲ့ အောက်မှာ မြေအောက်၂ ထပ်လုပ်ပြီး ရွှေချောင်းတွေကို အခန်း ၈ ခန်း ခွဲ သိမ်းထားပါတယ်။ ဒီလို ခွဲသိမ်းရတာက အလေးချိန် ညီညီမျှမျှ ရှိဖို့နဲ့ ရွှေချောင်းတွေ အလေးချိန်ကြောင့် ဘဏ်အောက်ခြေက အခန်းတွေ မြေကျွံတာ မဖြစ်ဖို့ ခွဲသိမ်းရတာ ဖြစ်ပါတယ်။

M25 အဝေးပြေး လမ်းမကြီး အတွင်း ဘက်မှာ ဂျေပီ မော်ဂန်နဲ့ HSBC တို့လို ဘဏ်တွေက ပိုင်တဲ့ ရွှေတိုက်ခန်း အသေးစား ၆ ခန်း ရှိပါတယ်။ ဟီးသရိုး လေဆိပ်နားမှာ ၃ ခု ရှိပါတယ်။

ဘာကလေဘဏ်ကနေ ICBC ဝယ်လိုက်တဲ့ ရွှေတိုက်က M25 လမ်း အတွင်းဘက်ခြမ်းမှာပဲ ရှိပါတယ်။ ဒါပေမဲ့ နေရာ အတိအကျကို လျှို့ဝှက် ထားတာပါ။ အဲဒီမှာ ရွှေတန်ချိန် ၂ဝဝဝ တောင်ရှိတော့ ဥရောပမှာ ရွှေအများဆုံးထားတဲ့ ရွှေတိုက်တခု ဖြစ်ပါတယ်။ ဒီရွှေတိုက်ကို ဆောက်ဖို့ တနှစ်ကြာတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption သရက်နီဒယ်လမ်းက အင်္ဂလန်ဘဏ်
လန်ဒန်မှာ ရွှေသိမ်းသူများ

ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လန်ဒန် ရွှေတိုက်တွေမှာ ရွှေသိမ်းထားကြတယ်လို့လည်း အေဒရီယန် အက်ရှ် ကဆိုပါတယ်။ "ရင်းနှီးမြှုပ်နှံသူတွေ၊ စတော့စျေးကစားသူတွေ၊ သူဌေး မိသားစုတွေ နဲ့ တခြား လုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှု တွေကို ရွှေနဲ့ သိမ်းထားကြတာပါ " လို့ ပြောပါတယ်။

အင်္ဂလန်ဘဏ်ရဲ့ ရွှေတိုက်ခန်းက ကမ္ဘာပေါ်မှာ ဒုတိယ အကြီးဆုံး ဖြစ်ပါတယ်။ သူ့ထက် ရွှေချောင်းတွေ ပိုများတာက ရွှေတန်ချိန် ၆၃ဝဝ ရှိတဲ့ နယူးယော့ မြို့က ဖက်ဒရယ် ရီဆာ့ဘဏ်ပါပဲ။

"လန်ဒန်က ရွှေထွက်တဲ့ နေရာလည်းမဟုတ်သလို ရွှေကို ဝတ်ဆင် သုံးစွဲကြတဲ့ စျေးကွက်လည်း မရှိပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ ရွှေစျေးကွက်ကြီး တခုလုံးရဲ့ ဗဟို ဌာန ဖြစ်ပါတယ်။ ရွှေကို စတုတ္ထ အများဆုံး တင်သွင်းပြီး ဒုတိယ အများဆုံး တင်ပို့နေတဲ့ စျေးကွက်ဌာနကြီး ဖြစ်ပါတယ်။ ခင်ဗျား ရွှေ စျေးကို စနည်းနာမယ် ဆိုရင် 'လန်ဒန်ပေါက်စျေး'ဆိုတာ စကြားရမှာ။ လန်ဒန်မှာ ရွှေအဝင်အထွက် လုပ်တဲ့ ပေါက်စျေး၊ ဒီစျေးကို အခြေခံ ထားပြီး ရွှေကစားကြတာပါ " လို့ အက်ရှ် က ပြောပါတယ်။

"အင်္ဂလန် စံတော်ချိန်က အမေရိကန်နဲ့ အာရှကြား မှာ ရှိပါတယ်။ ဒီနိုင်ငံမှာ တခါက ဘဏ်ကရိုက်တဲ့ ငွေစက္ကူနဲ့ ရွှေ တန်ဖိုး အတူထားတဲ့ ရွှေစံချိန် စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ နောက်ပြီး ပိုင်ဆိုင်မှု အခွင့်အရေး အာမခံမှု၊ နိုင်ငံရေး တည်ငြိမ်မှု၊ လွတ်လပ်စွာ ကုန်သွယ်ခွင့် စတာတွေမှာ အင်္ဂလန်က အစဉ်အလာ ရှိပါတယ်။ မြေအောက်ခန်း ထိန်းသိမ်းမှု စနစ်မှာလည်း အင်္ဂလန်က ကောင်းပါတယ်။"

ICBC ဝယ်လိုက်တဲ့ ဘာကလေ ရွှေတိုက်ကို အခွံချည်းတော့ မပေးလိုက်ဘူးလို့ ယူဆကြပါတယ်။

"ရွှေတွေ မပါတဲ့ ရွှေတိုက်ကိုတော့ ဝယ်မယ် မထင်ပါဘူး၊ နဂိုအတိုင်း ဆက်ထားမှာပါ။ " လို့ အက်ရှ်က ပြောပါတယ်။

ခုတော့ ရင်းနှီး မြှုပ်နှံသူတွေ၊ ရတနာ ဆိုင်ရှင်တွေ၊ သတ္တုတွင်း ကုမ္ပဏီတွေနဲ့ တခြား ရွှေသိမ်းချင်တဲ့သူတွေ အားလုံး သူတို့ ရွှေသိမ်းခကို ဘာကလေ ဘဏ်အစား ICBC တရုတ်ဘဏ်ကြီးကို ပေးရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ