ကမ္ဘာပေါ်က အပူဆုံး ဒေသမှာ နေထိုင် သူတွေ

  • 4 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Vivien Cumming

ခြစ်ခြစ်တောက် ပူတဲ့ နေကြောင့် ပက်ကြားအက်တွေ ဖြစ်ပေါ် နေပြီး၊ တံလျှပ် အခိုးငွေ့ က မျက်စိကို ဝေဝါးစေပါတယ်။

ပူးပြင်တဲ့ လေ ကြောင့် မျက်စိ နဲ့ ပါးစပ်မှာ ခြောက်ခြောက်သွေ့သွေ့ အရသာ ကြီးက ဖြစ်ပေါ် နေပါတယ်။

အီသီယိုးပီးယား ဒန်နာကေး ဒေသက ကမ္ဘာပေါ်က အပူဆုံး၊ အခြောက်သွေ့ဆုံး ဒေသ တစ်ခုပါ။

ဒါပေမယ့် အဲဒီ အလွန်ပူပြင်းတဲ့ ဒေသမှာ လူတွေ နေထိုင်တယ် ဆိုရင် သင့် အနေနဲ့ ယုံကြည်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Vivien Cumming

အီးသီးယိုးပီးယား နိုင်ငံ မြောက်ပိုင်း အီရီထရီးယား နဲ့ နယ်စပ် က ဒန်နာကေး မှာ အာဖာ လူမျိုးတွေ နေထိုင် ကြပါတယ်။

အာဖာ လူမျိုးတွေ နေထိုင်ရာ ဒေသ ရဲ့ရာသီ ဥတု အကြောင်း ကို ပြောရမယ် ဆိုရင် တော့ ရက်ရက်စက်စက် ပြင်းထန်တယ် ဆိုတဲ့ စကားလုံး နဲ့ ဖော်ပြမှ လုံလောက် မယ် ထင်ပါတယ်။

အဲဒီ ကမ္ဘာပေါ်က အပူပြင်းဆုံး ဒေသ ကိုပဲ အာဖာ မျိုးနွယ်စု တွေက သူတို့ ရဲ့ အိမ်လို့ ခေါ်ပါတယ်။

ဓာတ်ပုံ မူပိုင် Vivien Cumming

ဒန်နာကေး ဒေသ ဟာ တစ်နှစ် ပတ်လုံး ခြောက်သွေ့တဲ့ ရာသီ ဥတု ပဲ ဖြစ်ပေါ် နေတာ ပါ။ နှစ်စဉ် အပူအချိန်က အလွန် မြင့်မားလွန်းတာ ကြောင့် မြေပြင်ဟာ ပက်ကြား အက်ကွဲ နေပါတယ်။

အပူပြင်းဆုံး ဒေသ တစ်ခုတင် မဟုတ်ပဲ ပင်လယ် ရေမျက်နှာပြင် နဲ့ တိုင်းတာရင် ပေ ၄၁၀ ပဲ အမြင့် ရှိတာကြောင့် ကမ္ဘာ့ အနိမ့်ဆုံး ဒေသ တစ်ခု လည်း ဖြစ်ပါတယ်။

ရာသီ ဥတု ဆိုးရွား ပြင်းထန် လွန်း တာကြောင့် လူတွေက လကမ္ဘာပေါ် ရောက်နေတာ နဲ့တောင် တူတယ်လို့ ပြောကြပြီး နေထိုင်ဖို့ မသင့်တော်တဲ့ ဒေသ တစ်ခုပါ။

ဓာတ်ပုံ မူပိုင် Vivien Cumming

ရာသီဥတု အခြေအနေတင် ဆိုးရွားတာ မဟုတ်ပါဘူး။ မြေပြင် အခြေအနေ ကလည်း ကမ္ဘာမြေပြင်ပေါ်မှာ ရှိတဲ့ ဒေသ တစ်ခု မှ ဟုတ်ပါလေစ လို့ ထင်ယောင် မှားစရာပါ။

အကယ်၍ သင်က အဲဒီ နေရာမှာ လမ်းလျှောက် နေတယ်ဆိုပါစို့၊ သင့် အနေနဲ့ တခြား ဂြိုဟ် ကို ရောက်နေသလား လို့ ထင်မှတ်မှား စေမှာပါ။

အဲဒီမှာ ရှိတဲ့ မီးတောင် က ချော်ရည် တွေနဲ့ ပွက်ပွက်ဆူနေပါတယ်။ ပြီးတော့ ရောင်စုံ ဖြစ်ပေါ် နေတဲ့ ဟိုက်ဒရိုသာမယ် တွေက အလွန်စူးရှ တောက်ပ နေပါတယ်။

ဒန်နာကေး ချိုင့်ဝှမ်း ဒေသ က အီရီထရီးယား၊ အီသီးယိုးပီးယား နဲ့ ဂျီဘော့တီ နယ်နမိတ် ထိစပ်ရာ ဒေသက မြေမျက်နှာပြင် ဖြစ်ပါတယ်။

နောက် နှစ်ပေါင်း ထောင်သောင်း နဲ့ ချီတဲ့ ကြာတဲ့ အချိန်မှာ အဆိုပါ ဒေသ က ပင်လယ်ပြင် ဖြစ်ပေါ်လာမယ်လို့ သိပ္ပံ ပညာရှင်တွေက ခန့်မှန်း ထားပါတယ်။

ဒန်နာကေး ဒေသမှာ သက်ရှိတွေ ဘယ်လို ပြောင်းလဲ ဖြစ်ပေါ် လာသလဲ ဆိုတာကိုလည်း သိပ္ပံ ပညာရှင်တွေက စူးစမ်း လေ့လာမှုတွေလည်း လုပ်လေ့ ရှိကြပါတယ်။

ဓာတ်ပုံ မူပိုင် Vivien Cumming

ဒီလောက် ရာသီဥတု ဆိုးရွား ပြင်းထန် တဲ့ နေရာမှာ လူတွေနေကြမယ်လို့ သင့် အနေနဲ့ တွေးမိမှာ မဟုတ်ပါဘူး။ အာဖာ တွေကတော့ ဒီနေရာကို သူတို့ အိမ်လို့ ခေါ်ပါတယ်။ လာရောက် လေ့လာသူတွေ ရာသီ ဥတု ဒဏ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရချိန်မှာ အာဖာတွေကို ကြည့်ရတာ သက်တောင့် သက်သာ သွားလာ လှုပ်ရှားနေတာကို တွေ့ရပါတယ်။

သူတို့ရဲ့ ခန္ဓာကိုယ်က ပူပြင်းတဲ့ အပူချိန်နဲ့ ခြောက်သွေ့မှုကို အသားကျ နေပြီ လို့ ထင်ရ ပါတယ်။ ဒါကြောင့် သာမန် လူတွေထက် ပိုအဆာ ခံ နိုင်ပြီး ရေဓာတ် လိုအပ်မှုလည်း ပိုနည်း ကြပါတယ်။

အာဖာ ဒေသမှာ ဆား က ငွေကြေးလိုပါပဲ။ အာဖာ လူမျိုးတွေက ဆား တွေကို တူးဖော် ပြီး မီခီလီ ရွာက ဈေးမှာ သွားရောင်းကြပါတယ်။ မီခီလီကို သွားတဲ့ ခရီးက အနည်းဆုံး ရက်သတ္တ တစ်ပတ် လောက် ကြာမြင့်ပါတယ်။

ခရီးလမ်းမှာ စားဖို့ သူတို့ သယ်ဆောင် လာတဲ့ တစ်ပတ်စာ ရိက္ခာက ရေအနည်း ငယ် နဲ့ ပေါင်မုန့် သေးသေး လေး တစ်လုံးသာ ဖြစ်ပါတယ်။ ဒီလောက် ရိက္ခာ နဲ့ သူတို့ တစ်ပတ်လုံး နေထိုင် ကြတယ် ဆိုတာ တကယ့်ကို အံ့ဩစရာပါ။

ဓာတ်ပုံ မူပိုင် Vivien Cumming

အာဖာ လူမျိုးတွေ နေထိုင်ပုံက တကယ့်ကို ရိုးစင်းပါတယ်။ ပြီးတော့ သူတို့က ရေကြည်ရာ မြက်နုရာ လှည့်လည် နေထိုင်သူတွေလည်း ဖြစ်ပါတယ်။ သူတို့မှာ ရွှေ့ရ ပြောင်းရ လွယ်တဲ့ တဲအိမ်တွေ ရှိပြီး အုပ်စုဖွဲ့ နေထိုင် ကြပါတယ်။ သူတို့ က ဆိတ်၊ မြည်း နဲ့ ကုလားအုတ် တွေလည်း မွေးမြူ ကြပါသေးတယ်။

အီသီယိုးပီးယား ကုန်မြေမြင့် ကနေ စီးဆင်း လာတဲ့ မြစ်တစ်စင်း က ဒန်နာကေး ဒေသမှာ လာပြီး အဆုံးသတ်ပါတယ်။ မြင့်မားတဲ့ အပူချိန်ကြောင့် မြစ်ရေ ဟာ အခိုးအငွေ့ အဖြစ် ပြောင်းလဲ ပြီးနောက် ကြီးမားတဲ့ ဆား မြေမျက်နှာပြင်ကြီး ဖြစ်ပေါ် စေခဲ့တာကိုလည်း တွေ့ရပါတယ်။

လ မျက်နှာပြင်နဲ့ တူတဲ့ ဒီ ဒေသ မှာ နေထိုင် ကြသူတွေရဲ့ ဘဝ က အလွန် ကြမ်းတမ်း ပါတယ်။ ဓာတ်ပုံဆရာမ Vivien Cumming က အာဖာ ဒေသ ကို သွားရောက်ပြီး မှတ်တမ်း တင် ဓါတ်ပုံတွေ ရိုက်ကူး ခဲ့တာဖြစ်ပါတယ်။