စက်မှုဇုန် အလုပ်သမားတွေရဲ့ လူမှုစီးပွားဘဝ

  • 23 စက်တင်ဘာ 2016
Garment Factory
Image caption အထည်ချုပ်အလုပ်သမားတွေရဲ့ ပျမ်းမျှ အလုပ်ချိန်ဟာ ၁၂ နာရီ ပတ်ဝန်းကျင် ဖြစ်ပါတယ်

စက်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို ဘီဘီစီ သတင်းထောက်ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး နေရောင်မထိ လောင်းရိပ်မိသူများ ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြပေးနေပါတယ်။ အလုပ်သမားတွေရဲ့ လူမှုစီးပွားဘဝ၊ လုပ်ငန်းခွင်အခြေအနေ၊ အလုပ်ရှင် အလုပ်သမားပြဿနာ၊ အလုပ်သမားသမဂ္ဂဆိုပြီး အပိုင်းခွဲခြားပြီး ရေဒီယို၊ လူမှုကွန်ရက်၊ အင်တာနက် စာမျက်နှာတွေမှာ တင်ပြပေးနေပါတယ်။

မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံ ၄၀၀ နည်းပါးရှိပြီး အထည်ချုပ် အလုပ်သမား ဦးရေ ၃ သိန်းခွဲလောက်ရှိတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၁၆ ခုနှစ်ဆန်းပိုင်း စာရင်း အရသိရပါတယ်။ အထည်ချုပ် မဟုတ်တဲ့ တခြား စက်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူ အရေ အတွက်ကပိုများပါတယ်။ ရန်ကုန်တမြို့လုံးမှာတော့ စုစုပေါင်း အလုပ်လုပ်သူဦးရေဟာ အနည်းဆုံး တသန်းကျော်ရှိမယ်လို့ အလုပ်သမား အရေး လှုပ်ရှားသူတွေက ခန့်မှန်းကြပါတယ်။

အလုပ်သမား အများစုဟာ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့က ဖြစ်ကြပါတယ်။ အဆင်းရဲဆုံး ပြည်နယ်က လူတွေ များများ လာရောက် အလုပ်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ဧရာဝတီ တိုင်းက အလုပ် သမား တွေကတော့ နာဂစ်မုန်တိုင်းအပြီးမှာ အများအပြား ရောက်လာကြတာ ဖြစ်ပါတယ်။

Image caption နာဂစ်မုန်တိုင်း နောက်ပိုင်းမှာ အထည်ချုပ် စက်ရုံကို ရောက်လာသူ

နယ်က လာတဲ့ အလုပ်သမား အများစုက အဆောင်မှာ နေကြပါတယ်။ အဆောင်လခက သုံးသောင်းကျပ် ၃၀၀၀၀ ကနေ ငါးသောင်းကျပ် ၅၀၀၀၀ ပတ်ဝန်းကျင်ပေးရပါတယ်။ ထမင်းစားရိတ်ကလည်း သုံးသောင်း ဝန်းကျင် ၃၀၀၀၀ ရှိပါတယ်။

နာဂစ် မုန်တိုင်း တိုက်ခိုက်ပြီး နောက်ပိုင်းမှာ လပွတ္တာမြို့ ကနေ ရွှေ့ပြောင်း ရောက်ရှိလာပြီး မြူးနှင့်ဇူး အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မမေဇင်ခိုင်က သူ့အနေနဲ့ လခက ပျမ်းမျှ ကျပ်နှစ်သိန်း ၂၀၀ ၀၀၀ ဝန်းကျင် ရပြီး တလမှ ကျပ်လေးသောင်း ငါးသောင်းလောက် စုပြီး မိသားစု အတွက် ထောက်ပံ့ နိုင်အောင် တော်တော် ကြိုးစား ရတယ်လို့ ဆိုပါတယ်။ လစာ ကျပ်နှစ်သိန်းဟာ အချိန်ပိုနဲ့ အခြားထောက်ပံ့ကြေးတွေနဲ့မှ စုပေါင်းရရှိတဲ့ ပမာဏ ဖြစ်ပါတယ်။ အခြေခံလစာကတော့ တသိန်းနဲ့ ရှစ်ထောင် ဖြစ်ပါတယ်။ အချိန်ပို အလုပ်ချိန်အပါအဝင် တနေ့ကို အလုပ်ချိန် ၁၀ နာရီကနေ ၁၂ နာရီ ပတ်ဝန်းကျင် အလုပ်လုပ်ပြီး တပတ်မှာလည်း ၆ ရက်လောက် အလုပ်လုပ်မှသာ လစာ နှစ်သိန်း ပတ်ဝန်းကျင် ရကြတာ ဖြစ်ပါတယ်။

အီလန်စက်ရုံမှာ အလုပ်လုပ်တဲ့ မမီမီလွင်ကတော့ အိမ်ထောင်သည် အမျိုးသားနဲ့အတူ အဆောင်မှာပဲ နေပါတယ်။ သူ့လစာက အခြေခံလစာ တသိန်းတသောင်းတထောင် ၁၁၁၀၀၀ ဖြစ်ပါတယ်။ တလကို စုစုပေါင်း ရရှိငွေက တသိန်းခွဲ ၁၅၀ ၀၀၀ ပတ်ဝန်းကျင်ဖြစ်ပါတယ်။ သူ့အမျိုးသားကလည်း အလုပ်သမားတယောက်ဖြစ်ပြီး လစာ နှစ်သိန်းခွဲ ၂၅၀ ၀၀၀ လောက်ရပါတယ်။ သူတို့ဟာ အဆောင်မှာပဲ အလျား ၁၅ ပေ အနံ ၈ ပေလောက်ရှိတဲ့ အခန်းကို ငှားပြီး နေထိုင်ကြပါတယ်။

Image caption မမီမီလွင်တို့ အလုပ်သမား ဇနီးမောင်နှံရဲ့ အခန်း

အလုပ်သမားတချို့က ကျူးကျော်တဲတွေမှာ နေထိုင်ကြပါတယ်။ လှိုင်သာယာဟာ ဆင်းရဲချမ်းသာ ဒွန်တွဲနေတဲ့ အရပ် ဖြစ်ပါတယ်။ ခန့်ညား သန့်ပြန့်တဲ့ စက်ရုံ အကြီးကြီးတွေနဲ့ အတူ အလွန်သေးငယ်ပြီး ဖြစ်ကတတ်ဆန်း ဆောက်လုပ်ထားတဲ့ ကျူးကျော်တဲလေးတွေကလည်း စက်ရုံလမ်းကြားတွေ စက်ရုံနောက်ကျောတွေ ရေမြောင်းဘေးတွမှာ အနှံ့အပြား တွေ့ရပါတယ်။

ကျူးကျော်အိမ်တွေမှာ ရေပေးဝေရေး စနစ်မရှိပါဘူး။ ရေကို တွန်းလှည်းနဲ့လိုက်ရောင်းတဲ့သူတွေဆီကနေ ဝယ်သုံးကြရတာများပါတယ်။ ချိုးရေ တပုံးကို ၁၀၀ ကျပ်ပေးရပါတယ်။ ၁၀ လီတာလောက်ဝင်တဲ့ ပလပ်စတစ်ပုံး လေးထောင့် ဂါလံပုံးတပုံးရဲ့ စျေးနှုန်းဖြစ်ပါတယ်။ ပလပ်စတစ်ပုံးတွေက အကြိမ်ကြိမ်အသုံးပြုထားတဲ့အတွက် ညစ်ပတ်ပေရေနေကြပါတယ်။ မိလ္လာစနစ်လည်း မရှိပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖန်တီးထားတဲ့ပုံစံတွေကို တွေ့ရပါတယ်။

Image caption အလုပ်သမားများ နေထိုင်ရာ ကျူးကျော်အိမ်များ

အိမ်တွေက တအိမ်နဲ့ တအိမ် ထိထပ် ကပ်ညပ်နေပါတယ်။ တချို့အိမ်တွေမှာ ဒီဘက်အိမ်ရဲ့ ထရံနဲ့ ဟိုဘက်အိမ်ရဲ့ထရံဟာ နံရံချင်းထိနေပါတယ်။ ဟိုဘက်အိမ်က စကားပြောသံကို ဒီဘက်အိမ်က ကြားနေရပါတယ်။ အနံအသက်မကောင်းတဲ့ ရေဆိုးမြောင်းတွေကတော့ ခြင်ယင်တွေအတွက် ပျော်ပါးစရာ နေရာတွေဖြစ်ပါတယ်။ အဲသလိုရေမြောင်းတွေဟာ ချောင်းသဖွယ်ဖြစ်နေပြီး ကျူးကျော်တဲတွေဟာ ချောင်းဘေးကတဲကလေးတွေလို ဖြစ်နေပါတယ်။

Image caption ရေတပုံးကို ကျပ်တရာ ပေးသုံးစွဲကြရ

အိမ်ရှေ့မှာတော့ အကောင်းစားကွန်ကရစ်လမ်းတွေ ရှိနေတတ်ပြီး ကလေးတွေက ပျော်ပါးရာ ကစားကွင်းဖြစ်နေသလို ဆိုင်ကယ်တွေ စက်ဘီးတွေ ဥဒဟို ဖြတ်သန်းနေတဲ့ စည်ကားတဲ့ လမ်းတလမ်းလည်း ဖြစ်နေတတ်ပါတယ်။

စက်ရုံ အလုပ်သမား တချို့ဟာ တနေကုန် ၁၂ နာရီလောက် အလုပ်လုပ်ပြီးတဲ့နောက် ညဘက်အိမ်ပြန်ရောက်တဲ့ အချိန်မှာ ကိုယ်တိုင် ချက်ပြုတ်စားသောက်ဖို့ အချိန်မရတဲ့ အတွက် ထမင်းဟင်း ဝယ်စားကြရပါတယ်။ သူတို့စားတဲ့ ထမင်းဆိုင်ကလေးတွေဟာ အရွယ်သေးသေး ထမင်းဆိုင်ကလေးတွေ ဖြစ်ကြပါတယ်။ ထမင်းတပွဲ တရာကျပ် ၁၀၀၊ ဟင်းတပွဲ နှစ်ရာကျပ် ၂၀၀ လောက်သာ ပေးရတဲ့ ထမင်းဟင်းတွေဖြစ်ကြပါတယ်။ အသားဟင်းဆိုရင် ကျပ် သုံးရာ၊ လေးရာ ပေးရပါတယ်။

Image caption အလုပ်သမားများ မှီခိုအားထားရာ ထမင်းဆိုင်

အလုပ်သမားတွေဟာ မူလတန်းအဆင့် ပညာကိုသာ တတ်မြောက်ကြသူတွေ အများအပြားရှိကြသလို ဘွဲ့ရပြီးမှ စက်ရုံမှာ ဝင်ရောက် အလုပ်လုပ်ကိုင် နေကြသူတွေလည်း ရှိပါတယ်။ BA,Bed ဘွဲ့ရပြီး ကျောင်းဆရာလုပ်သက် ၅ နှစ်ရှိပြီးမှ ကျင့်ကျန် အထည်ချုပ်စက်ရုံမှာ ကုန်အဝင် အထွက် စာရေးလုပ်နေသူ အလုပ်သမားတဦးကိုလည်း တွေ့ခဲ့ရပါတယ်။

စက်ရုံအလုပ်သမားတွေကြားထဲမှာ အစိုးရသစ် တက်လာပြီးနောက် အနိမ့်ဆုံးလုပ်ခ တရက် ၅၆၀၀ ကျပ် တိုးတက်သတ်မှတ်မယ်ဆိုတဲ့ သတင်းတွေ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်သူမှ တရားဝင် ထုတ်ဖော်ကြေညာထားတာမျိုး မတွေ့ရတဲ့ ကောလာဟလတွေသာ ဖြစ်ပါတယ်။

Image caption လှိုင်သာယာ ရေဥက္ကံစျေးအနီး အလုပ်သမား ရပ်ကွက်မှ ကလေးငယ်များ

ဒါ့အပြင် စက်ရုံ အလုပ်ရုံတွေမှာ လုပ်နေတဲ့ အလုပ်သမားတွေကို မှတ်ပုံတင် စာရင်း ပြုစုပြီး သူတို့အတွက် နေထိုင်စရာ တန်ဖိုးနည်း အိုးအိမ်တွေ ဆောက်လုပ်ပေးဖို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက အကြံပြု တောင်းဆိုကြပါတယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည် ပေါ်လာဖို့ ကတော့ အိပ်မက်သဖွယ်သာ ဖြစ်နေပါသေးတယ်။