ဒီဇိုင်းသစ်နဲ့ ဘီဘီစီအင်တာနက် စာမျက်နှာ

  • 15 စက်တင်ဘာ 2014
BBC responsive site
Image caption နည်းပညာအသစ်နဲ့ တင်ဆက်ပေးနေပါတယ်။

အွန်လိုင်းက တဆင့် ဘီဘီစီ သတင်း ဖတ်ရှုသူတွေအတွက် ပြောင်းလဲလာတဲ့ ခေတ်နဲ့ လျော်ညီအောင်၊ နည်းပညာ အသစ်တွေနဲ့ ကိုက်ညီအောင် ဘီဘီစီ မြန်မာပိုင်းရဲ့ အင်တာနက် စာမျက်နှာကို Responsive ဒီဇိုင်းနဲ့ ပြောင်းလဲ လွှင့်တင်လိုက်ပါပြီ။

အရင်က ဘီဘီစီ မြန်မာပိုင်း ဝက်ဘ်ဆိုက်ကို မိုဘိုင်းဖုန်း အသုံးပြုသူတွေသာ Responsive ဒီဇိုင်းနဲ့ တွေ့မြင်ခဲ့ကြရပြီး အခုတော့ စားပွဲတင် ကွန်ပျူတာ အသုံးပြုသူတွေပါ ဒီဇိုင်းအသစ်ကို ရှုမြင် နိုင်ကြပြီ ဖြစ်ပါတယ်။

Responsive ဒီဇိုင်း နည်းပညာကြောင့် ကြည့်ရှုတဲ့ စက်ရဲ့ စွမ်းဆောင်ရည်၊ မျက်နှာပြင် အရွယ်အစား၊ အင်တာနက် လျင်မြန်နှုန်းတွေ ပေါ်မှာ မူတည်ပြီး ဘီဘီစီ မြန်မာပိုင်း အင်တက်နက် စာမျက်နှာက အလိုအလျောက် အလိုက်သင့် ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဘာနဲ့ပဲ ကြည့်ကြည့် အဆင်ပြေအောင်

ဒါကြောင့် မိုဘိုင်းဖုန်းပဲ သုံးသုံး၊ တက်ဘလက်ပဲ သုံးသုံး၊ စားပွဲတင် ကွန်ပျူတာပဲ သုံးသုံး ပြောင်းလဲမှု မရှိဘဲ ဘီဘီစီ မြန်မာပိုင်း ဝက်ဘ်ဆိုက်ကို ပိုမို ကောင်းမွန်တဲ့ အဆင်အပြင် ဒီဇိုင်းနဲ့ တစ်သမတ်တည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

နောက်ဆုံးပေါ် ဝက်ဘ်ဒီဇိုင်း နည်းပညာ ဖြစ်တဲ့ Responsive ဒီဇိုင်းကို အသုံးပြုလိုက်တာကြောင့် အပြင်အဆင် ပိုင်းမှာ တိုးတက် ကောင်းမွန်လာတဲ့အပြင် မိုဘိုင်း ကိရိယာနဲ့ ကြည့်ရှုသူတွေအဖို့ ပိုမို ချောမွေ့ လွယ်ကူလာစေသလို တခြား အသုံးတည့်မယ့် ဝက်ဘ်ဆိုက် အင်္ဂါရပ်တွေကိုလည်း အနာဂတ်မှာ လွယ်လွယ်ကူကူ ထပ်မံ ထည့်သွင်းသွားနိုင်မှာ ဖြစ်ပါတယ်။

ဒီ နည်းပညာအသစ်နဲ့ ဝက်ဘ်ဆိုက်မှာ Windows Media Player လို အရင်က ဆော့ဖ်ဝဲ အဟောင်းတွေကို အသုံးပြုလို့ ရတော့မှာ မဟုတ်ပေမယ့် အသံနဲ့ ဗီဒီယိုတွေကို ဖွင့်ဖို့အတွက် သင် အသုံးပြုတဲ့ စက်က တခြား နည်းလမ်းတွေ သုံးပြီး အလိုအလျောက် ဖွင့်ပေးမှာ ဖြစ်ပါတယ်။

အခုလို ဝက်ဘ်ဆိုက် အဟောင်းကနေ ဒီဇိုင်းအသစ်ကို ပြောင်းလဲတာဟာ အခုမှ အစဖြစ်လို့ ကြည့်ရှုသူတွေ အနေနဲ့ အဆင်မပြေတာ ဒါမှမဟုတ် အကြံပြုချင်တာတွေ ရှိခဲ့ရင်http://www.bbc.co.uk/burmese/institutional/2012/05/000001_contact_us.shtmlကတဆင့် ဘီဘီစီ မြန်မာဌာနကို ပေးပို့ ဆက်သွယ်နိုင်ကြပါတယ်။