သောတရှင်တွေရဲ့ ပေးစာများ

  • 17 ဇွန် 2015
ဓာတ်ပုံ မူပိုင် a

ဘီဘီစီ မြန်မာဌာနကို ပေးပို့လာတဲ့ ပေးစာတွေထဲက နောက်ဆုံး ရောက်ရှိလာတဲ့ စာတွေကို စုစည်း ဖော်ပြ ထားပါတယ်။ အချို့ စာတွေကိုတော့ အလျဉ်းသင့်သလို တည်းဖြတ်ပြီး ကောက်နုတ် ဖော်ပြထားပါတယ်။

--------------------------------

BBC Burmese မိသားစု ရွှင်လန်းချမ်းမြေ့ပါစေ။ ကျွန်တော့် နာမည်က မောင်ခင်မောင်မြင့်ပါ။ အသက် ၂၂ ပါဗျ။ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ညောင်ပင်သာရွာကပါ။ ဘီဘီစီ မြန်မာပိုင်း ကနေ ထုတ်လွှင့်တဲ့ ''ဆန်းသစ်တီထွင် လယ်မြေတခွင်'' အစီအစဉ်က ဗီဒီယိုဖိုင်များကို Download လုပ်ပြီး ကျွန်တော့်ရွာနဲ့ ရွာအနီးက မသိသေးတဲ့သူတွေကို နည်းပညာများ မျှဝေပေးချင်ပါတယ်။

ကျွန်တော်ကြည့်ရှု့မိတဲ့ ဗီဒီယိုဖိုင် တွေက မှိုစိုက်နည်း၊ ဘူးပင် ဖရုံပင် ခဝဲပင် ကိုင်းကူးစိုက်နည်း၊ သံပရာပင် ကိုင်းကူးစိုက်နည်း၊ ရေလယ်ခေါင် စပါးစိုက်နည်း တွေကိုတော့ ကြည့်ရှုပြီး Download လည်း လုပ်ပြီးပါပြီ။ ကျန်ရှိနေသေးတဲ့ VIDEO File များကို ကြည့်လို့ရမယ့် အင်တာနက် လင့်ခ်လိပ်စာလေး လမ်းညွှန်းပေးစေချင်ပါတယ်ဗျာ။

---ပြန်ကြားလွှာ---

ဘီဘီစီ မြန်မာပိုင်းရဲ့ ‘ဆန်းသစ်တီထွင် လယ်မြေတခွင်’ အစီအစဉ် အသစ်တွေ ထပ်မံ ထုတ်လွှင့်တဲ့အခါ Youtube ပေါ် တင်သွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Youtube ပေါ် တင်ခွင့်ရထားတဲ့ ဘီဘီစီ မြန်မာပိုင်းရဲ့ ရုပ်သံ အစီအစဉ်နဲ့ ဗီဒီယိုတွေကို https://www.youtube.com/user/TheBBCBurmese/videos မှာ သွားရောက် ရှုစားနိုင်ပါတယ်။

-----------------------------------

ကျွန်တော်က ဘီဘီစီ ပရိတ်သတ် တစ်ဦးပါ။ အရင်ကလည်း စာရေးဖူးပါတယ်။ ကျွန်တော်အခု စာရေးဖြစ်တာကတော့ ဘီဘီစီက ထုတ်လွှင့်တဲ့ တီဗီသတင်းတွေကို ဖေ့ဘွတ်မှာ ကြည့်ချင်ပါတယ်။ ကျွန်တော်က စကိုင်းနက်ကို ယူမထားတော့ တီဗီမှာ မကြည့်နိုင်ပါဘူး။ ဒါကြောင့် ဖေ့ဘွတ်မှာ ကြည့်ချင်ပါတယ်။ မြန်မာအချိန် ညနက်ပိုင်းဆိုရင် ကော်နက်ရှင် ကောင်းလို့ ကျွန်တော် ဖေ့ဘွတ်က ဗီဒီယိုတွေ ကြည့်ပါတယ်။ ကျွန်တော့ဆီမှာ အင်စတာဂန်လည်း ရှိပါတယ်။ အင်စတာဂန်ကနေလည်း ကြည့်လို့ရပါတယ်။ အထူးသဖြင့် နိုင်ငံတကာ တီဗီသတင်းတွေနဲ့ ထူးထူးခြားခြား ဟာသလေးတွေကို များများကြည့်ချင်ပါတယ်။ များများ တင်ပေးစေချင်ပါတယ် ခင်ဗျား။

နှစ်သစ်မှာ ရွင်လန်းချမ်းမြေ့ကြပါစေ။

ကျော်မင်း

---ပြန်ကြားလွှာ---

မူပိုင်ခွင့် ကန့်သတ်ချက်တွေ ရှိတဲ့အတွက် ဘီဘီစီ မြန်မာပိုင်း တီဗီ အစီအစဉ်ကို ဖေ့ဘွတ်ပေါ်မှာ တင်ခွင့် မရသေးပါဘူး။ အဲဒီလို ဖေ့ဘွတ်ပေါ်မှာ တင်ခွင့် ရဖို့အတွက် မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ဘီဘီစီက ဥပဒေ ဌာနနဲ့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဘီဘီစီ အင်တာနက် စာမျက်နှာက တဆင့် နေ့စဉ် တီဗီ အစီအစဉ်ကို ကြည့်ရှုနိုင်ပါတယ်။

-----------------------------------

သို့ BBC

မြန်မာ နှစ်သစ်မှာ BBC အဖွဲ့သားတွေရဲ့ မိသားစုတွေ အားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ ရန်သူမျိုး ငါးပါးတို့လည်း ကင်းဝေးပါစေ၊ ကပ်ကြီး သုံးပါးတို့ကိုလည်း ကျော်လွှားနိုင်ကြပါစေ၊ အနာအမျိုး ၉၆ ပါး ရောဂါ ဝေဒနာဆိုးကြီးတို့သည်လည်း ပိန်းကြာရွက်ပေါ် ရေမတင် သကဲ့သို့ ချက်ချင်း အမြန် လွင့်စင် ပျောက်ကင်းကြပါစေလို့ BBC ပရိတ်သတ် တစ်ဦးမှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်။ BBC မိသားစုတွေမှ ပို့သသော ဆုတောင်း မေတ္တာပို့သမှုတွေကိုလည်း တစ်လုံး တစ်ဝကြီး ပြည့်ဝရပါ၏လို့ BBC ပရိတ်သတ်တွေမှလည်း ပြန်လည် ခံယူပါ၏။

BBC ရဲ့ ပရိတ်သတ်တစ်ဦး

-----------------------------------

ကျွန်တော်ဟာ BBC ကို နှစ်ပေါင်းများစွာ ကတည်းက နားသောတဆင် အားပေးနေတဲ့ ပင်တိုင် သောတရှင် တစ်ဦးပါ။ BBC က ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေ အားလုံးကိုလည်း ကြိုက်နှစ်သက်ပါတယ်။ သွားလေရာကို အိတ်ဆောင် ရေဒီယိုလေး တစ်လုံး အမြဲ ယူဆောင်သွားပြီး ဘယ်လောက် ဆိုးရွားတဲ့ နေရာဒေသမျိုးမှာ ဖြစ်ဖြစ် ရအောင် နားဆင် အားပေးနေတဲ့ ပရိသတ် တစ်ဦးပါ။ ဒါကြောင့် မိတ်ဆွေ အပေါင်းအသင်းတွေ ကလည်း အမည်ရင်းကို မခေါ်ကြတော့ဘဲ BBC လို့ပဲ ခေါ်ကြပါတယ်။ ဒီအတွက်လည်း ကျေနပ်မိပါတယ်။

အထူးသဖြင့် BBC ရဲ့ ကျေးဇူးကြောင့် စာဖတ်တဲ့ အလေ့အကျင့်တွေ၊ စာရေးချင်တဲ့ အလေ့အကျင့်တွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ တပိုင်တနိုင် ပါဝင်နိုင်တဲ့ လမ်းစတွေကို သိမြင် ခဲ့ရပါတယ်။

ဒါပေမယ့် နှစ်ပေါင်းများစွာက ထုတ်လွှင့်ခဲ့တဲ့ ကျေးတမာနဲ့ ပေဖူးလွှာ ကဏ္ဍလေး ရုတ်တရက် ရပ်နားလိုက်တဲ့ သတင်း ကြားလိုက်ရတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေ အပေါ် ကျွန်တော့်ရဲ့ အတွေးအမြင်တွေ လွတ်လွတ်လပ်လပ် ဖွင့်ထုတ်နိုင်မယ့် စင်ကလေးတစ်ခု ကျိုးပျက်သွားသလို ခံစားလိုက်ရပြီး၊ ကျွန်တော်တို့ လက်တွေလည်း တုပ်နှောင် ခံရသလို ဖြစ်သွားရတဲ့အတွက် ကျေးတမာနဲ့ ပေဖူးလွှာ ကဏ္ဍလေးမျိုး တစ်ခုခုလောက် ပြန်လည် ထည့်သွင်း ပေးစေလိုပါကြောင်း ရိုးသားစွာ အကြံပြုအပ်ပါတယ် ခင်ဗျား။

မောင်ဒဿန

အမေရိကန်နိုင်ငံ (ခေတ္တ)

-----------------------------------

BBC ရဲ့ စီးပွားရေး သုံးသပ်ချက်ဟာ up to date သိပ်ဖြစ်လို့ congratulations!!ပါဗျာ။ အမြဲ နားဆင် အားပေးပါတယ်။ ဝိုင်းတော်သား အားလုံး ကျန်းမာ ချမ်းသာကြပါစေဟု......

အရှင် ပညာသီဟ ဇီးကုန်းမြို့

-----------------------------------

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် အစီအစဉ်ကို အားပေးနေတဲ့ ပရိတ်သတ်ပါ။

လွမ်းငွေ့ဝေဝေနဲ့ ပတ်သက်ပြီး အန်တီပြောသွားတာမှာ ၂ ပုဒ်လုံးရဲ့ အမည်တွေက လွမ်းငွေ့ဝေဝေ လို့ချည်းကြားပါတယ်။ လွမ်းငွေ့ တဝေဝေလို့ မကြားမိပါ။ ဘီဘီစီရဲ့ စာမျက်နှာမှာတော့ လွမ်းငွေ့တဝေဝေ ဆိုပြီး ရေးထားတာကို ဖတ်ရပါတယ်။ ရေးတော့အသံ ဖတ်တော့အမှန် ဆိုတာတွေကြောင့် မတူတာလား။ ဒါမှမဟုတ် တစ်ခုခုများ လွဲနေတာလား သိပါရစေ။

လွမ်းငွေ့တဝေဝေ ဆိုတဲ့ သီချင်းလေးကိုလည်း ကြားဖူးလို့ မေးတာပါ။

အဲဒီသီချင်းလေးက ရုပ်ရှင်သီချင်းလေးပါ။ ဇာတ်လမ်းထဲမှာ ကောင်မလေးက သီချင်းဆိုချင်တယ်။ မိခင်က ခွင့်မပြုဘူး။ နောက်ဆုံးတော့ ပေါက်ပေါက်မြောက်မြောက် ဖြစ်နိုင်တယ်ဆိုပြီး ခွင့်ပြုလိုက်တယ်။ သူဆိုတဲ့ သီချင်းကို မြန်မာ့ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပေးတယ်။ မင်းသမီးကတော့ စိုးမြတ်သူဇာလား ထက်ထက်မိုးဦးလား မမှတ်မိတော့ပါ။ နောက်ခံ အဆိုတော်ကိုလည်း အန်တီ ဒေါ်မာမာအေး ကိုယ်တိုင် ဖြစ်တယ်လို့ မှတ်ထားပါတယ်။ ဇာတ်ကားနာမည် ကလည်း လွမ်းငွေ့တဝေဝေလို့ မှတ်ထားပါတယ်။

စာသားလေးလည်း အနည်းငယ် မှတ်မိနေပါသေးတယ်။

"လွမ်းမိုး စွေစွေ လွမ်းမိုး စွေစွေ လွမ်းငွေ့တဝေဝေ"

ကျွန်တော် မှတ်ထားတာတွေများ လွဲနေလား၊ နာမည်တူ ၃ ပုဒ်များ ရှိနေတာလား။ သီးခြားတစ်ပုဒ်လား။ အကြောင်းညီညွတ်ရင် သိပါရစေ ခင်ဗျား။ ကျေးဇူးအများကြီးတင်ပါတယ်။

အန်တီရဲ့ အစီအစဉ်ကို အားပေးလျက်ပါ။

- ကိုရွက်ဝါ(ဘလော့ဂါ)

-----------------------------------

ဒီနေ့ မသီတာနွယ် ဦးရဲထွဋ်နဲ့ ဗျူးတာ ကောင်းတယ်။ ကျန်းမာရေး ဂရုစိုက်ပါနော်။ ဘီဘီစီရဲ့ အမေ့ခံ ပုံရိပ်နဲ့ llks က သိပ်ကောင်းတယ်။

ဝိုင်းတော်သား အားလုံး ထာဝရ အောင်မြင်မှု သရဖူ ဆောင်းကြရပါစေဟု...

- အရှင် ပညာသီဟ ဇီးကုန်းမြို့

-----------------------------------

မင်္ဂလာပါ။ ဘီဘီစီ ဝိုင်းတော်သား အားလုံး ကျန်းမာ ချမ်းသာကြပါစေ။ ကျွန်တော့်မှာ ဖရုံ၊ ပဲတီပင်ပေါက် စိုက်ပျိုးနည်း facebook က ဒေါင်းထားပြီးပါပြီ။ နောက်ထပ် ကျန်ရှိနေသေးသော စိုက်ပျိုးနည်းများကို လိုချင်ပါသည်။ ဒေါင်းလို့ရမည့် နေရာလေး ပြောပြပေးပါရန်။

- အောင်မြင့်သန်း

-----------------------------------

သောတရှင်တို့အနေနဲ့ ဘီဘီစီမြန်မာဌာနကို ဆက်သွယ်ချင်ရင် သို့မဟုတ် ဘီဘီစီမြန်မာပိုင်းအစီအစဉ် နဲ့ပတ်သက်လို့ ဝေဖန် အကြံပြု စာပေးပို့ချင်ရင် burmese@bbc.co.uk ကို email ကိုဖြစ်စေ bbcburmese@gmail.com ကို ဖြစ်စေ ပေးပို့ နိုင်ပါတယ်။

အသိပေးချက်။ ။ ဘီဘီစီမြန်မာဌာနက သင့်ရေးသားချက်တွေကို တည်းဖြတ်နိုင်ပါတယ်။ပေးပို့ချက်အားလုံးကို ထုတ်ပြန်ပေးမယ်လို့ အာမမခံနိုင်ပါဘူး။

Your contact details
Disclaimer