နောက်ဆုံး ရေးသားချိန် 19 အောက်တိုဘာလ 2011 - 16:30 GMT

အစိုးရကို သောတရှင်တွေ အမှတ်ဘယ်လောက် ပေးကြသလဲ

မီဒီယာ ပလေးယား

မြန်မာအစိုးရသက်တမ်းကာလ ၆လ ကျော်ကျော်အတွင်း မြစ်ဆုံ ရေကာတာစီမံကိန်းကို ရပ်ဆိုင်းခဲ့တာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနေတာတွေကို မြင်ခဲ့ကြရသလို အခုလောလောဆယ် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မလာသေးတာ၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတာကိုလဲ မြင်ကြရပါတယ်။

ဒီတော့ အစိုးရလုပ်ရပ်တွေကို ကြည့်ပြီး သောတရှင်တွေ အမှတ်ပေးရမယ်ဆိုရင် ဘယ်လောက် ပေးကြမလဲ ဆိုတာ အောက်တိုဘာ ၁၉ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး အစီအစဉ်မှာ သောတရှင်တွေနဲ့အတူ လောလောဆယ် အကျဉ်းထောင်က လွတ်လာတဲ့ ၈၈ ကျောင်းသား စမ်းချောင်းကိုကိုကြီး ခေါ် ကေဖိုး နဲ့ ထိုင်းအခြေစိုက် ဗဟုဖွံဖြိုးမှုအဖွဲ့က ကိုအောင်သူငြိမ်းတို့ ပါဝင်ဆွေးနွေးထားကြတာကို နားဆင်နိုင်ပါတယ်။

အီးမေးနဲ့ဆွေးနွေးသူများ

လက်ရှိအစိုးရကို အမှတ်ပေးရမယ်ဆိုရင် ၁၀၀မှာ ၁မှတ်ဘဲ ပေးနိုင်ပါမယ်။

လက်ရှိ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံတကာက ယုံကြည်လာအောင် မြစ်ဆုံရေကာတာ တည်ဆောက်ရေး ကိစ္စရပ်ဆိုင်းထားသည်ဖြစ်စေ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးနေသည်ဖြစ်စေ၊ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေကို လက်နက်နဲ့ တိုက်ခိုက်နေတာကို အမြန်ဆုံး ရပ်တန်းက မရပ်မချင်း စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရလို့ လုံး၀ယုံကြည်စရာ မရှိဘူးလို့ ကျမအနေနဲ့ သုံးသပ်ပါတယ်။

ပြီးတော့ ၂၀၁၄မှာ အာဆီယံဥက္ကဌဖြစ်ရန်ကိုလည်း ခုနက ပြောတဲ့ ပြည်တွင်းစစ် မငြိမ်းမချင်း မဖြစ်သင့်သေးဘူးလို့ သုံးသပ်ပါတယ်။

ဒေါ်ငါငိုင်း (ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး၊ အိန္ဒိယ)


ကျန်တော်အနေနဲ့ ယ္ခုအချိန်ထိတော့ တစ်မှတ်မှကို မပေးချင်သေးပါဘူး။ ကျန်တော်တို့ ပြည်သူလူထုအနေနဲ့ကတော့ ပြုပြင်ပြောင်းလဲမှုတွေ မျှော်လင့်နေပါတယ်။ အမှန်တကယ် လုပ်ဆောင်စေချင်ပါတယ်။ အမှန်တကယ်လုပ်ဆောင်လျှင် ဘယ်အစိုးရပဲတက်တက် အမှတ်ပြည့်ပေးမှာ မုချပါ။

ခုလွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်မှာလဲ နှစ်ပြည့်ခါနည်း လူတွေ အသက်ကြီးသူတွေအများဆုံးပါ။ ခုထိ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကျန်နေတုန်းပါ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အစိုးရ၀န်ထမ်းလာဘ်စားအနိုင်ကျင့်မှုတွေ၊ လူထုကိုမထီမဲ့မြင်လုပ်မှုတွေ အရင်အတိုင်းရှိဆဲပါ။

လူထုအားလုံးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာရှိလာရင်တော့ လူထုကို လိုက်လျောမှာပါ။ (ဥပမာ ဧရာ၀တီ) သူတို့ကိုယ်တိုင် လိုလိုချင်ချင် ပြောင်းလဲချင်စိတ်နဲ့ လုပ်ပေးတာ ခုထိမရှိသေးပါဘူး။

မဖြစ်မနေ လူထုအထိကရုန်းဖြစ်မဲ့ ကိစ္စတွေကို လိုက်လျောတယ်။ နိုင်ငံတကာက အသိအမှတ်ပြုလာနိုင်တဲ့ ကိစ္စတွေကို ဟန်ပြလုပ်ပေးတယ်လို့မြင်ပါတယ်။ အဲဒါကြောင့် ကျန်တော်မြင်တာကတော့ အတွင်းထဲက လှိုက်ပြီး မှားနေဆဲပါ၊ အပြင်ဘန်းကတော့ သနပ်ခါးလိမ်းနေပါတယ်။

ဝေဖြိုး


အစိုးရကို ဒီမိုကရေစီ အောင် မှတ် ပေးမယ် ဆိုရင်..

၁။ တရား ဥပဒေ စိုးမိုးမှု ဘာသာ က........ ၀(သုည) ပါ

၂။ ပညာရေးဆိုင်ရာ လုပ်ဆောင်မှု ဘာသာ က........ ၀ (သုည)ပါ

၃။ ကျန်းမားရေး ဘာသာ ..... (သုည) ၀ ပါ

၄။ သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းရေး ဘာသာ.... ၄၀ ပါ (အောင်မှတ်ပဲ ရတယ်) ဂုဏ်ထူး တော့ မဟုတ်ဘူး... မြစ်ဆုံ ရေကာတာ ကို ပြည်သူ့ဖက်က ပါလို့ပါ

၅။ နိုင်ငံတကာ တောင်းဆို နေတဲ့ အကျဉ်းသား လွတ်ပေးရေး ဘာသာ က..... ၂၅ မှတ် ပါ.. ဘာဖြစ်လို့လည်း ဆိုရင်.. မြန်မာ နိုင်ငံ မှာ ယုံကြည် ချက်ကြောင့် အကျဉ်း ကျ ခံနေရတဲ့လူ ၂၀၀၀ ကျော် ထဲက ၂၀၀ ကျော် လွတ်ပေးလို့ပါ...

၆။ နိုင်ငံ ငြိမ်ချမ်းရေး ဘာသာ ကလည်း .. ၀ ပါ..တိုင်းရင်းသား တွေကို ခုချိန်ထိ တိုက်ခိုက် နေတာဟာ.. ဒီမိုကရေစီ လုပ်ထုံးလုပ်နည်း မဟုတ်ကြောင်း ပါ... ဒီမိုကရေစီ ဆိုရင် ငြိမ်းချမ်းစွာ ဆွေးနွေး ပြီး ဟိုဖက်ဒီဖက် လိုက်လျောပြီး ငြိမ်းချမ်းစွာ နိုင်ငံ ကို တည်ထောင်မှ သာလျှင် ဒီမိုကရေစီ သို့ အမှတ်ပြည့် ၁၀၀ နဲ့ ရောက်မှာပါ...
ဆလိုင်း အဲရစ် ဘွေးလူ (သြစတြေးလျ)


ကျမတို့က သမ္မတဦးသိန်းစိန်ဘက်က လုံးဝနီးပါးပါ၊

ဘာကြောင့်လဲဆိုတော့ ကျမတို့ လိုချင်တာကို သူလုပ်ပေးနိုင်လို့ပါ၊ ကျမတို့နိုင်ငံရဲ့ စီးပွားရေးတိုးတက်လာဖို့ ကျမတို့ မျှော်လင့်စောင့်စားနေပါတယ်၊

ဦးသိန်းစိန်အနေနဲ့ အရည်အသွေးပြည့်ဝတဲ့ သမ္မတအဖြစ် ဆက်ရပ်တည်ဖို့ဆိုရင် သူ့အနေနဲ့ ပြည်သူ့အတွက် သူဘာလုပ်နိုင်တယ်ဆိုတာ ပြဖို့လိုပါတယ်။

သန်းသန်းအေး (ရန်ကုန်)


၁။ မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းခဲ့တာကို တစ်မှတ်၊
၂။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးတာကို တစ်မှတ်၊
၃။ နိုင်ငံရေးအကျဉ်းသား ၂၀၆ ဦး လွှတ်ပေးတာကို တစ်မှတ်၊
၄။ ကားအဟောင်းတွေကို ကားသွင်းခွင့်ပါမစ်ပေးတာကို တစ်မှတ်၊
၅။ ပြည်ပအသံလွှင့် ဌာနများမှ သတင်းထောက်များ ပြည်တွင်းသို့ ၀င်ရောက် သတင်းရယူခွင့်ပေးတာကို တစ်မှတ်၊
ကျနော်မသိလိုက်တဲ့အရာတွေအတွက် ခန့်မှန်းပေးရမယ်ဆိုရင် အမှတ် (၁၀၀)ရာမှာ (၁၅) မှတ်လောက်ပဲ ရှိမယ်လို့ထင်ပါတယ်။

ကိုမြင့်မြတ် BBCBurmese Facebook မှတဆင့်


လူပြောသူပြောများနေတဲ့ နိုင်ငံတကာက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆိုပြီး ပြောနေကြတဲ့ စစ်အရေခွံလဲ ထွက်လာတဲ့ အရပ်သားအစိုးရရဲ့ ဆောင်ရွက်ချက်တွေလို့ ပြောနေကြတဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး သောတရှင်တွေက အမှတ် ဘယ်လောက်ပေးမလဲဆိုတာကို ပြောစရာမရှိရှာကြံပြောရမယ်ဆိုရင် ကျနော်ကတော့ ရှင်းရှင်းပြတ်ပြတ်သားသားပဲ အနှုတ် (မိုင်းနတ်စ် ) ၅၀ ပေးပါတယ် - အဲဒါကျနော် ( - ) ၁၀၀ ကနေပေးတဲ့အမှတ်ပါ -

ဘာကြောင့်လဲ အဆိုးမြင်တာကမ်းကုန်အောင်ဘဲ ပါလားလို့ပြောမလား၊ ၁၉၅၈ က ထိုင်းနိုင်ငံရဲ့ ရှေ့မှာ ၁၀ နှစ် ကြော ခဲ့တဲ့ ကျနော်တို့နိုင်ငံ ကျနော်တို့ဘ၀တွေကို နှစ် ၅၀ ကြာပြီး ၂၀၀၈ ခုနှစ်မှာ ဧရာ၀တီမြစ်၀ကျွန်းပေါ်ကို လာရောက်လေ့လာတဲ့ မဲခေါင်မြစ်၀ကျွန်းပေါ်မှာ နှစ်ပေါင်းများစွာအလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံ ဟားဗတ်စီးပွါးရေး ပညာရှင်တွေက ကျနော်တို့ဟာ ထိုင်းထက် နှစ် ၉၀ နောက်ကျန်ခဲ့ပြီလို့အကဲဖြတ်တယ်၊

ကျနော် ၂၀၀၈ မှာဘန်ကောက်ရောက်တော့ ၃၂ ထပ်ဟိုတယ်ထိပ်ဆုံးမှာ မနက်စာစားရင်း ပတ်၀န်းကျင်ကိုငေးကြည့်နေတော့ မိုးထိုးတိုက် တွေကြားမှာ လူးလွန့်သွားနေတဲ့ မြွေတကောင်လို သွားနေတဲ့ မိုးပျံရထား၊ ခန်းနားကြီးကျယ်သပ်ရပ်လှပြီး လေအေး စက်အပြည့်အ၀မောင်းထားတဲ့ မြေအောက်ရထားဘူတာက မြွေကြွက်တွေလိုတပြုံတမ တက်လာတဲ့ ခရီးသည်တွေ၊ လန်းဆန်းတက်ကြွစွာ သွားလာနေတဲ့ ထိုင်းတွေကို တွေ့မြင်ခဲ့ရသူ ကျနော်က အားနာလို့ မိုင်းနတ်စ် ၅၀ ပေးလိုက်တာ၊

စီးပွါးရေးပညာရှင် ဒေါက်တာ ဇော်ဦးက မကြာသေးခင်ကမှ ပြုပြင်ပြောင်းလဲရေးလုပ် လာတဲ့ ဗီယက်နမ်ဟာ WTO ကုန်သွယ်မှုအဖွဲ့ကြီးကို ၀င်ခွင့်ရသွားပြီ။၂၀၁၅ မှာ အာဆီယံ စီးပွါးရေး တိုးမြင့်လုပ်ဆောင်တော့မဲ့အချိန်မှာ ဗမာကဘာလုပ်ရမှန်းမသိဖြစ်တော့မယ် စီးပွါးရေးပြုပြင်ပြောင်းလဲမှု ပရိုက်ဗိတ်တိုင် ဇေးရှင်းမလုပ်ပဲ ပေါ့ကက်တိုင်ဇေးရှင်းလုပ်၊ နီးစပ်ရာလက်ဝေခံတွေနဲ့ ခွဲဝေယူနေကြတာတွေနဲ့ ကမ္ဘောဒီးယား လာအိုနဲ့ ယှဉ်ရင်တောင် ဗမာကအောက်ဆုံးရောက်နေတဲ့ အဖြစ်မှာ အစိုးရသစ်က နိုင်ငံတကာကို လှည့်စားဘို့ သက်သက်လုပ်နေတာလေးတွေကို ကျနော်တို့ဘယ်လိုအမှတ်ပေးမလဲ၊

ဂျောက်ထဲကျနေခဲ့ရတဲ့ နိုင်ငံကိဂျောက်နှုတ်ခမ်းပေါ် အရင်တင်ပေးပါအုံး၊ မိုင်းနတ်ကနေ ဇီးရိုးရောက်ပြီးမှ ၀မ်းတူးသရီး ကိန်းပြည့်တွေဖြစ်လာမှာပါ - ဒီလိုပြောရင် အများက အဟောင်းတွေ အတိတ်တွေပဲပြန်ပြောနေတယ် ရှေ့တက်ဘို့မတွေးဘူးလို့ပြောကြတယ် - ဟုတ်တယ် ကျနော်ကတော့ စစ်အာဏာရှင်စနစ်ကို အစကနေ အခုထိရောက်အောင်နေလာခဲ့တာလေ ကြားဖြတ်ကတက်ပြီး မနူးမနပ်နဲ့မှမဟုတ်ပဲ ကျနော်တို့ဘ၀တွေစတေးရင်းထားရတာဆိုတော့၊ ဘယ်ကစ၊ ဘာဖြစ်လာပြီး ဘာဖြစ်သွားတယ် ဆိုတာတာ တွေ့ကြုံခံစား နေရတာလေ၊

ကျနော်တို့ ရဲ့အကျ ဒါကိုတာကြီးတွေ၀ယ်သုံးခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်၊ ကျနော်တို့ ကူညီကျွေးမွေပေးခဲရတဲ့ လာအို၊ ကျနော်တို့ရဲ့ ဆန်ကို၀ယ်စားခဲ့တဲ့ အင်ဒိုနီးရှား စတဲ့စတဲ့ နိုင်ငံတွေ ဘယ်အဆင့်ရောက်ကုန်ပြီလဲ၊

ရန်ကုန်မှာပညာ လာသင် သွားခဲ့တဲ့ မလေးရှားစက်မှုတက္ကသိုလ်ပါမောက္ခချုပ်က စက်မှုတက္ကသိုလ်ကြီး ဘာဖြစ်သွား တာလဲဆိုရင် ဘယ်လိုဖြေကြမလဲ - စစ်သားတွေပဲဗျာ တိုင်းပြည်ကောင်းအောင် တိုင်းရင်းသားစည်းလုံညီညွတ်ရေးရ အောင်လုပ် မယ်ဆိုရင် အာဏာရော လက်နက်ရောပါရှိနေတဲ့ လူတွေက သူရဲကောင်းပီပီ ဘာလို့ မလုပ်ရဲနေသလဲ အာဏာလည်းမရှိ လက်နက်လည်းမရှိပဲ တိုင်းပြည်အတွက်ကောင်အောင်လုပ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ မင်းကိုနိုင်ဟာ ထောင်အနှစ် ၂၀ ကျခံဘို့ လုံး၀နောက်မတွန့်တာကို ကျနော်တို့တွေ့ရပြီလေ၊
လှထွန်း ဒဂုံမြို့သစ်



ကျနော်က ၁၀၀ မှာ ၉၀ ပေးချင်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ နိုင်ငံတည်ဆောက်ရေးကို ဆက်ပြီး လုပ်သွားလိမ့်မယ်လို့ မျှော့်လင့်ပါတယ်။

နေအောင် စင်္ကာပူ


၇၀ ရာခိုင်နှုန်း

ဘကြီးမော် (တောင်ကြီး)


၁၀၀ မှာ ၁၅ မှတ်

ရောဘတ်ထွန်း (ရန်ကုန်)


မြန်မာအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရှင်းပစ်ဖို့ လောလောဆယ် အင်အားတည်ဆောက်နေတယ်၊ဒါကြောင့် အမှတ်ပေးစရာမရှိပါဘူး။

N


ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။