နောက်ဆုံး ရေးသားချိန် 11 ဧပြီလ 2012 - 16:53 GMT

ဒီနှစ် သင်္ကြန်စာ ဘယ်လိုရေးကြမလဲ

မီဒီယာ ပလေးယား

သောကြာနေ့ဟာ မြန်မာနှစ်သစ် အတာသင်္ကြန် ကျခဲ့ပါပြီ။ ဒီလို သင်္ကြန်နှစ်သစ်ကူး ကာလမျိုးမှာ လာမယ့်နှစ်အတွက် တွက်ချက် ဟောကိန်းထုတ် ကြတဲ့ သင်္ကြန်စာတွေလည်း ထွက်လာလေ့ ရှိပါတယ်။ ပကတိအခြေအနေတွေနဲ့ သောတရှင်တွေ သင်္ကြန်စာ ရေးကြရမယ်ဆိုရင် ဘယ်လိုရေး ကြမလဲဆိုတဲ့ အခုအစီအစဉ်မှာ သောတရှင်တွေနဲ့အတူ မြန်မာနိုင်ငံတွင်းက မြန်မာနိုင်ငံနဒီနက္ခတ်သင်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန်နဲ့ လန်ဒန်မြို့က အနုပညာရှင် ကိုထိန်လင်းတို့ ပါဝင် ဆွေးနွေးထား တာကို နားဆင်နိုင်ပါတယ်။


မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်အတွက် ဘီဘီစီလွတ်လပ်အတွေး ဆွေးနွေးဖလှယ် မဟာသင်္ကြန်စာ
ဇေယျတုသဗ္ဗမင်္ဂလံ။ ။ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၇ ရက် ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်ဧပြီလ ၁၃ ရက် သောကြာနေ့၊ ညနေ ၅ နာရီမပြည့်ခင် မိနစ် ၅၀ တိတိအလိုတွင်၊ လေးကျွန်းဒီပါ စင်္ကြာအဝှန်း လျှပ်စစ်မီးပျက်ချိန်နှင့်ချိန်ကိုက်ပြီး၊ ဘာနုရာဇာခေါ် တနင်္ဂနွေဂြိုလ်မင်းသည် ဦးခေါင်းတွင် ခရု သင်းအရောင်ရှိသော ခေါင်းပေါင်းစကို ညာချလျက်၊ ခါးတွင် ချိတ်ထမီ အဆင်းနှင့် တူသော မိန်းမလုံချည်ကို ဝတ် ဆင်ကာ၊ က-ည-နကို နွားလှည်း အပ်နှံလိုက်သဖြင့် အစားထိုး တင်သွင်းခွင့်ရရှိလာသော အော့တိန်းဓါတ်ဆီ သုံး တရုတ်ပြည်လုပ် ဟာရီယာအမျိုးအစား ထော်လာဂျီ အသစ်စက်စက် ၃ ဃ နံပါတ်ယာဉ်ကို စီးနင်းလျက်၊ လက်တစ်ဖက်တွင် ၅ ထောင်တန် တယ်လီဖုန်းကို ကိုင်ဆောင်ပြီး၊ ကျန်လက်တစ်ဖက်တွင် ဖယောင်းတိုင် မီးကို ဆုပ်ကိုင်ကာ၊ “ဟဲလို၊ မကြားရဘူး” ဟု အော်ဟစ်လျက် အရှေ့တောင်ဒေါင့် အရပ်မှသည် အနောက်ဖက် အရပ်သို့ ဆင်းသက်လေ၏။

နိုဘယ်ဆုရှင် နတ်သမီးလည်း ဗြဟ္မာမင်း၏ဦးခေါင်းကို ရင်ခွင်ဝယ်ပိုက်ကာ ၄၃ ယောက်သော လွှတ်တော်အမတ်များခြံရံလျက် နေပြည်တော် လေးသီရိအရပ်၌ သီရိပြန်ချီ သမ္မတကြီးထံ ကမ်းလင့် လိုက်ရာ ၂၅ ရာခိုင်နှုန်းသော စစ်သား အမတ်များက အိပ်ငိုက်လျက် ကြိုဆိုကြကုန်၏။ ဇမ္ဗူ၊ ပုဗ္ဗ၊ ဒက္ခိဏနှင့် ဥတ္တရ မည်သော နေပြည်တော် တခွင် ဝန်ထမ်း ပြည်သူအပေါင်းက ဟစ်ဟော့ အဆိုတော် ဇေယျာသော်နှင့် တွဲဖက်လျက် အမေဆုပြန်လာပြီ သီချင်းကို ဘဝဂ်ညံအောင် သံပြိုင်သီဆိုရင်း အတာစားကြလေသည်။ ဤကား မဟာသင်္ကြန် အလိုတည်း။

သင်္ကြန်တွင်း ရှောင်ရန်အမှုများကား ရေပက်မဏ္ဍပ် စီစီတီဗီကင်မရာရှေ့မှ လမ်းဖြတ် မလျှောက်မိစေရန်နှင့် ကြိုး တစ်ချောင်း ဘရာစီယာ၊ ချက်ပေါ်မလုံ့တလုံ ဝတ်စားထားသည် ရှိသော် ယူကျူ့ အပေါ်၌ အတင်မခံရစေရန် ရှောင်ရှားစေရာသည်။ လူငယ်အများ ကာလသားရောဂါ ကူးစက်မလာရအောင် ကွန်ဒုံးဆောင်၍ ရေကစားစေ ရာသည်။

အတာစားရခြင်း အကျိုးကား ဆိုက္ကားသမား၊ လယ်သမားနှင့် လက်လုပ်လက်စား ပြည်သူ အများ ဈေးသက် သက်သာသာဖြင့် တယ်လီဖုံး ဝယ်ယူအသုံးပြုနိုင်ကြရပေအံ့။ ၅ ထောင်တန်ဖုံး မချပေးပါက ဆက်သွယ်ရေးဝန် ကြီး၏ ပါးကို တရားရုံး၏ခွင့့်ပြုချက်ဖြင့် တစ်ချက်ရိုက်လျင် ဒဏ်ငွေကျပ် တစ်ထောင်နှုန်းဖြင့် ပြည်သူအများက ငါးချက် တိတိစီ ရိုက်နှက်ဆုံးမကြလတ္တံ့။

သိကြားမင်းသည် ဖယောင်းတိုင်မီးကို ကိုင်လျက်ဆင်းလာသော ကြောင့် မီးလောင်မှု ထူပြောအံ့။ ရေရှားအံ့။ လျှပ်စစ်မီးဖြတ်တောက်မှု အကြိမ်ငါးထောင်ဖြစ်ပေါ်အံ့။ က-ည-နသို့ နွားလှည်း အပ်နှံလိုက်ရသဖြင့် ခိုင်းနွား တိရိစ္တာန်များ ရှားပါးအံ့။ နွားမှာ ဝက်သက်ပေါက်အံ့။ နွားတုပ်ကွေး ရောဂါ လူသို့ ကူးစက် ပျံ့ပွားအံ့။ အသက် ၃၅ နှစ်အထက် လွှတ်တော်အမတ်တိုင်းကို အစုလိုက် ဝက်သက် ကာကွယ်ဆေး ထိုးနှံပေးရအံ့။ ဤကား အတာစားခြင်းအကျိုးတည်း။

အတာတန်ခူး နှစ်ဟောင်းကူး၍ နှစ်သစ် အမည်ကား ဆန်ရှင်ရုတ်သိမ်းနှစ်ဖြစ်သတည်း။ နှစ်ကို အမေရိကန် စောင့်၏။ လကို လခစားဝန်ထမ်းစောင့်၏။ မြစ်ဆုံကို တရုတ်စောင့်၏။ ရေကို ဘင်္ဂလားဒေ့ရှ် အပိုင်စား၏။ ရှမ်းပြည်ကို ဝ စောင့်၏။ သတင်းစာကို ပြန်ကြားရေး ဝန်ကြီးစောင့်၏။ ဒီပဲယင်းကို ခင်ညွန့်စောင့်ရှောက်၏။ မြန်မာပြည်သူ တို့၏အဓိပတိကား အမေစု။ လွှတ်တော်၏အဓိပဓိကား သူရရွှေမန်း။ တရုတ်၏အဓိပတိကား ဝမ်ကြားပေါင်။ ကြံဖွတ် အမတ် ၄၄ ယောက် ပျောက်၏။ တစ်ယောက်ငုတ်၏။ ကြံ့ဖွတ် သြဇာအာဏာ လျော့နည်းလာ၍ နေပြည်တော် အပူရှိန် မြင့်တက်လာအံ့။ ဗိုလ်ချုပ်မှုးကြီး တစ်ဦးပေါ်ထွန်းအံ့။ မိုးဦးတွင် မိုးကြီးအံ့။ မိုးသီးများ ကြွေအံ့။ မိုးသီးများနှင့်အတူ မိုးသီးဇွန် ပြည်တော်ပြန်အံ့။ ဘီဘီစီ ဘမော်လည်း လိုက်ပါလာအံ့။ ပွင့်လင်း လူ့ အဖွဲ့အစည်းများ ထင်ရှားလာအံ့။ ဘီဘီစီ အပါအဝင် အသံလွှင့်ဌာနများ အားလုံး လေလုံး ကြီး ထွားအံ့။ ။ ရွှေညဝါ ဆရာတော် တန်ခိုး ကြီးထွားအံ့။ သံချပ်မထိုး လိုက်ရသော ဗေလုဝ၊ မေတ္တာ၊ အရိုင်း၊ ဇာဂ နာနဲ့ သီချင်းမဆိုလိုက်ရ သော သံသာဝင်း ၊မီးမီးခဲတို့ ပေါင်းစု ငိုယိုကြအံ့။

မီဒီယာသည် လူတကာတို့၏မှီခိုရာ ဖြစ် စေရာသတည်း။ နှစ်သစ်အခါသမယတွင် မြန်မာပြည်သူ အပေါင်း ခယောင်းသာယာရှိစေရာသတည်း။ ဤကား ဘီဘီစီမှ လွှင့်ထုတ်သော မဟာသင်္ကြန်စာ အလိုတော်တည်း။


ဘီဘီစီသောတရှင် ဒေါက်တာမြင့်ဦး တွက်ချက် ရေးသားသည်။


Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။