ကုလရဲ့တွေ့ရှိချက် မြန်မာစုံစမ်းမယ်

  • 4 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘင်္ဂလားဒေ့ရှ်ဘက်ကို လူ ၆၆၀၀၀ လောက် ရောက်လာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေကနေ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ထုတ်ပြန်ချက်ကို မြန်မာအစိုးရဘက်က အလေးအနက်ထားပြီး အမြန်ဆုံးစုံစမ်းစစ်ဆေးသွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ပြောပါတယ်။

အောက်တိုဘာ ၉ ရက် အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ပိုင်း လုံခြုံရေးတွေရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာသူ ၆၆၀၀၀ လောက်ထဲက လူ ၂၀၄ ဦးကို မေးမြန်းပြီး တွေ့ရှိချက်တွေကို ကုလသမဂ္ဂက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မြန်မာလုံခြုံရေးတွေရဲ့ သတ်ဖြတ်မှု၊ ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ နှိပ်စက်ညှဉ်းပမ်းမှု၊ အိမ်တွေမီးရှို့မှုတွေက လက်မခံနိုင်စရာ ဖြစ်တယ်လို့ ကုလသမဂ္ဂဘက်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း စုံစမ်းစစ်ဆေးမယ်လို့ ဖုန်းပေါ်ကနေ ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဇိတ် ရဒ် အယ်လ် ဟူစိန်က ပြန်ပြောပြပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲချက်တွေနဲ့ပတ်သက်လာရင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေ လေ့လာစုံစမ်းဖို့ တာဝန်ရှိပြီး အခု စွပ်စွဲမှုကိုလည်း စုံစမ်းသွားမယ်လို့ ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးဘက်ကတော့ အခု ကိစ္စမှာ နိုင်ငံတကာကော်မရှင်တစ်ခုဖွဲ့ပြီး စုံစမ်းဖို့ လိုနိုင်တယ်လို့ ပြောပါတယ်။

ဒီစွပ်စွဲချက်တွေမှာ မှန်ကန်ခိုင်မာတဲ့ အချက်အလက် အထောက်အထားတွေ တွေ့ရင် ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ