ကိုရီးယား ဖယ်ရီသင်္ဘာကို ပြန်ဆယ်တင်နိုင်ပြီ

  • 23 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption သင်္ဘောကို ဆွဲဖောင်တွေနဲ့ တွဲပြီး ဆိပ်ကမ်းကို သယ်သွားကြမှာဖြစ်

တောင်ကိုရီးယားပင်လယ်ပြင်မှာပြီးခဲ့တဲ့ သုံးနှစ်က ခရီးသည် ၃၀၀ ကျော်နဲ့အတူ နစ်မြုပ်သွားခဲ့တဲ့သင်္ဘောကို တရုတ်ဆယ်တင်ရေး အဖွဲ့တွေက ရေ မျက်နှာပြင်ပေါ် ဆွဲတင်နိုင်ခဲ့ပါပြီ။

သေဆုံးသွားသူအများစုဟာ ကျောင်းကစီစဉ်တဲ့ခရီးမှာ လိုက်ပါလာကြတဲ့ ကျောင်းသားလေးတွေ ဖြစ်ကြပါတယ်။

ဆီဝေါလ်အမည်ရှိတဲ့သင်္ဘောရဲ့ အဖြူနဲ့အပြာရောင်ပဲ့ပိုင်း ရေပေါ်ပေါ်လာချိန်မှာ သေဆုံးသွားသူတွေရဲ့ မိသားစုတွေက ငိုကြွေးခဲ့ကြပါတယ်။ သင်္ဘောနံရံမှာ ရွှံ့တွေ ပေကျံနေပေမယ့် အောက်ခံဆေးသား အရောင်ကိုတော့ မြင်နိုင်ပါတယ်။

သင်္ဘောကို ရေပေါ်တဝက်ပေါ်နေတဲ့ ဆွဲဖောင်တစ်ခုနဲ့ ဆိပ်ကမ်းကို သယ်သွားမှာ ဖြစ်ပြီး အရင်ကရှာမရခဲ့တဲ့ အလောင်းကိုးလောင်း အထဲမှာ ရှိနေသလား ဆိုတာ ရှာကြမှာဖြစ်ပါတယ်။ စစ်ဆေးရှာဖွေတဲ့ အဆင့်ရောက်ဖို့တော့ ရက်ပေါင်းတော်တော်ကြာကြာ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

သင်္ဘောဟာ ရာသီဥတု ဆိုးဝါးလို့ နစ်မြုပ်သွားခဲ့တာလို့ ယူဆရပေမယ့် ခရီးသည်တွေကို အရေအတွက် အများကြီး ပိုတင်လာတဲ့ တာဝန်လည်း မကင်းဘူးဆိုပြီး သင်္ဘောကပ္ပတိန် ကတော့ လူသေစေမှုနဲ့ ထောင်တစ်သက် ကျခံနေရပါတယ်။

မိသားစုတွေက သင်္ဘောကို မဖြစ်မနေ ဆယ်တင်ပေးဖို့ အစိုးရကို တောက်လျှောက် ဖိအားပေး ခဲ့ကြပါတယ်။ သမီးပျောက်နေဆဲ မိခင်တစ်ယောက်ကတော့ သူ့သမီးကို အေးစက်မှောင်မဲတဲ့ သင်္ဘောဝမ်းပိုက်ထဲက ဆယ်ထုတ်နိုင်ဖို့ မျှော်လင့်ပါတယ်လို့ ပြောခဲ့ပါတယ်။