ထရမ့်ကျန်းမာရေး ဥပဒေကြမ်း လွှတ်တော်မတင်နိုင်

  • 24 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ရီပတ်ဘလီကန်အောက်လွှတ်တော် ဥက္ကဌက ဒီနေ့ဟာ သူတို့အတွက် နေ့ဆိုးပါလို့ ပြော။

သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအတွက် ပထမဆုံး ကြီးကြီးမားမား အရှိုက်ထိုးခံလိုက်ရတဲ့ ဖြစ်ရပ် မတ်လ ၂၄ ရက် သောကြာနေ့က ကွန်ဂရက်လွှတ်တော်မှာ ဖြစ်သွားခဲ့ပါတယ်။

မစ္စတာထရမ့် မဲဆွယ်ပွဲကာလတုန်းက တောက်လျှောက် ကတိပေးထားခဲ့တဲ့ သူ သမ္မတ ဖြစ်လာရင် ပထမဆုံး လုပ်မယ်ဆိုတဲ့ အလုပ် မလုပ်နိုင်ပဲ အရှုံးနဲ့ရင်ဆိုင်လိုက်ရတာပါ။

အဲဒါကတော့ ပြီးခဲ့တဲ့ ၇ နှစ်လုံး အမေရိကန်ပြည်သူတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးထားတဲ့ Obamacare အိုဘားမားကဲယားလို့ အလွယ်အတို သိကြတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို မစ္စတာထရမ့်က ဥပဒေသစ်နဲ့ အစားထိုးဖို့ ကြိုးစားချက်ပါ။

အဲဒီ ဥပဒေသစ်ကို အောက်လွှတ်တော်မှာ မဲမခွဲခင်လေးမှာပဲ သမ္မတနဲ့ ရီပတ်ဘလီကန် လွှတ်တော်ဥက္ကဌတို့ တိုင်ပင်ပြီး မဲမခွဲ တော့ပဲ ဥပဒေကို ပြန်ရုပ်သိမ်းလိုက်တာပါ။

အောက်လွှတ်တော်ဥက္ကဌ ပေါလ်ရိုင်ယန်က သူတို့ လိုအပ်တဲ့ ထောက်ခံ မဲ ၂၁၅ မဲ အရေအတွက် မရနိုင်ခဲ့လို့ ခုလိုလုပ်လိုက်တာပါလို့ ပြောပါတယ်။ ကွန်ဂရက် လွှတ်တော်ထဲမှာ ရီပတ်ဘလီကန် အမတ်က အများစု ဆိုပေမယ့် ပါတီတွင်းက အမတ်တချို့ကပါ မထောက်ခံလို့ ဥပဒေကြမ်းကို မတင်နိုင်ခဲ့တာ ထင်ရှားသွားပါတယ်။ ဘီလျံနာ စီးပွားရေးသမားကြီး၊ လုပ်ငန်း အောင်မြင်အောင် ညှိနှိုင်းဆွေးနွေး တတ်သူကြီးလို့ သူ့ကိုယ်သူ ကြွေးကြော်ထားပြီး 'လုပ်ငန်းရဖို့ ညှိနှိုင်းနိုင်ခြင်းအတတ်ပညာ' ဆိုတဲ့ ရောင်းအကောင်းဆုံး စာအုပ်ရေးသားခဲ့တဲ့ သမ္မတ ထရမ့်ဟာ ဒီနေရာမှာတော့ မအောင်မမြင် ဖြစ်သွားခဲ့ပါတယ်လို့ ဝါရှင်တန်က ဘီဘီစီ သတင်းထောက် လော်ရာ ဘက်ကာက ပြောပါတယ်။

ဒီမိုကရက်တစ် သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေက အာမခံ မထားနိုင်တဲ့ လူအများကြီးကို အာမခံထားခွင့်ရအောင် ကူညီပေးခဲ့ပေမယ့် အစိုးရဖက်က ကျခံသုံးစွဲရတဲ့ ငွေတွေသိပ်များတယ်။ အာမခံကုမ္ပဏီတွေက နှစ်စဉ် အာမခံကြေးတွေတိုးတောင်းလို့ လူတွေ ပိုပေးနေရတယ်လို့ ရီပတ်ဘလီကန်တွေဖက်က ဝေဖန်ပါတယ်။

အိုဘားမား ဥပေဒက ကျန်းမာရေးအာမခံကို လူတိုင်းမရှိမနေရ ဝယ်ထားရမယ့် အစီအစဉ်ဖြစ်ပြီး မတတ်နိုင်သူတွေအတွက် အလုပ်ရှင် တွေက စိုက်ထုတ်ဝယ်ပေးရမယ့် အစိုးရက စိုက်ထုတ်လျော့စျေးပေးရမယ့် အစီအစဉ်မျိုးပါ။ ဒေါ်နယ်ထရမ့်ရဲ့ ဥပဒေကြမ်းကတော့ လူတွေကို အခွန်သက်သာခွင့်ပေးပြီး အာမခံတွေ ဝယ်နိုင်အောင်လုပ်ပေးဖို့ပါ။ အာမခံမရှိတဲ့လူတွေကို ပြစ်ဒဏ်ပေးတဲ့ အိုဘားမား ဥပဒေပါအချက်ကိုလည်း သူက ဖျက်ပစ်ချင်ပါတယ်။

ဒါပေမယ့် ရီပတ်ဘလီကန်အမတ်တွေကြားမှာကို သဘောကွဲနေကြပါသေးတယ်။ တချို့က ထရမ့်ဥပဒေဟာ လူအများကြီး အာမခံ မရှိတော့ပဲ ဖြစ်သွားမယ်လို့ဆိုပြီး စိုးရိမ်သလို တချို့ကတော့လည်း အိုဘားမား ဥပဒေထဲက ဖျက်သိမ်းစရာ အားလုံးကို ခုထက်ပို ဖျက်သင့်တယ်လို့ ယူဆကြပါတယ်။

အခု ဒီဥပဒေ မတင်နိုင်တော့တာမို့ အိုဘားမားကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနဲ့ပဲ ဆက်သွားနေရဦးမှာပါ။ သမ္မတထရမ့်ကတော့ သူ့ ကတိတွေ အထဲက တခြားပြုပြင်ပြောင်းလဲရေးတွေ အရင်ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူလုပ်ချင်တဲ့ အခွန်စနစ်ပြုပြင်ရေးကလည်း ပထမဆုံး ကြိုးစားတဲ့ ကျန်းမာရေးဥပဒေပြုပြင်ပြောင်းလဲရေးက ထွက်လာမယ့် ငွေတွေကို သုံးဖို့ အစီအစဉ်မို့ အခုတော့ ကျန်တဲ့ အပြောင်းအလဲတွေ ဘယ်လို ဆက်ဖြစ်လာမယ်ဆိုတာ ပြောလို့ မရဘူးလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ