ဌ နဲ့ ဋ္ဌ

  • 18 ဇန်နဝါရီ 2018

မြန်မာအက္ခရာတွေထဲမှာဝမ်းဘဲလေးနဲ့တူတယ်ဆိုပြီး ချစ်စနိုးနာမည်ပေး ခေါ်ဝေါ်ထားတဲ့ အက္ခရာတလုံး ရှိပါတယ်။ အဲဒါကတော့ ဌဝမ်းဘဲပါ။ ကျွန်တော်တို့ အခုအသံထွက်နေကြတာကတော့ ဌဝင်ဘဲ ဆိုတဲ့ အသံမျိုးပါ။

အဲဒီဌဝမ်းဘဲ ဒါမှမဟုတ် ဌဝင်ဘဲမှာ လည်ရစ်မပါတဲ့ ဌဝမ်းဘဲနဲ့ လည်ရစ်ပါတဲ့ဋ္ဌ ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါကိုလည်းအားလုံးအသိပါ။ ဒါပေမဲ့ ဘယ်နေရာမှာလည်ရစ်မပါတဲ့ ဌဝမ်းဘဲကိုသုံးပြီး ဘယ်နေရာမှာ လည်ရစ်ပါတဲ့ ဋ္ဌဝမ်းဘဲကို သုံးသလဲ ဆိုတာကိုတော့ သေသေချာချာသိသူနည်းပါတယ်။

တကယ်တော့ ဘယ်နေရာမှာ လည်ရစ်ပါရမယ်၊ ဘယ်နေရာမှာ လည်ရစ် မပါရဘူး ဆိုတာကို ကွဲကွဲပြားပြားနားလည်ဖို့ ဆိုတာ ဘာ့ကြောင့် လည်ရစ်ပါသလဲ ဆိုတာကိုအရင်သိမှ ဖြစ်မှာပါ။

လည်ရစ်ပါတဲ့ ဋ္ဌ ဟာ တကယ်တော့ ဋ နဲ့ ဌ နှစ်လုံး ဆင့်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်လုံးဆင့်ရေးနေရင် နေရာကျယ်မှာစိုးလို့ နှစ်လုံးပေါင်းပြီး အကျဉ်းချုံး ရေးပါတယ်။ အပေါ်က င လိုပုံစံလေးကတော့ နှစ်မျိုးစလုံး အတူတူဖြစ်တဲ့ အတွက် အဲဒီ င သဏ္ဌာန်လေးကို သူ့အတိုင်းယူပါတယ်။ ဋဆီကနေတော့ လည်ရစ်ကိုယူပြီး ဌ ဆီကတော့ ဟထိုးသဏ္ဌာန်လေးကို ယူလိုက်တဲ့အခါ ဋ နဲ့ ဌ နှစ်မျိုးပေါင်းထားတဲ့ ဋ္ဌအက္ခရာ ဖြစ်လာပါတယ်။

လည်ရစ်မပါတဲ့ ဌဝမ်းဘဲကတော့ ရိုးရိုးဌဝမ်းဘဲပါ။

အဲဒီလည်ရစ်ပါတဲ့ ဌဝမ်းဘဲ (ဋ္ဌ) ကိုပဲပါဠိလိုသံယုဂ်ပါတဲ့ ဌဝမ်းဘဲ လို့လည်းခေါ်ပါသေးတယ်။

သံယုဂ်ဆိုတာ ပါဠိလိုခေါ်တာ ဖြစ်ပြီး သံယုဂ ကနေ လာပါတယ်။ အဓိပ္ပာယ်ကတော့ ယှဉ်တွဲထားတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် စာလုံးနှစ်လုံးဆင့်ထား တွဲထားတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

ဒီတော့ သံယုဂ်ပါတယ်ဆိုရင် လည်ရစ်ကလေးပါတယ်လို့ ကျွန်တော်တို့ နားလည် တတ်ကြပါတယ်။ အဓိပ္ပာယ်ကတော့ နှစ်လုံးဆင့်ထားတယ် ဆိုတာနဲ့ သဘောချင်းအတူတူပါပဲ။

နှစ်လုံးဆင့်ထားတယ်ဆိုတာကို ကျနော်တို့ သိလိုက်ရရင်ကိုပဲ ဘယ်နေရာမှာ လည်ရစ်ပါရမယ်၊ ဘယ်နေရာမှာလည်ရစ်မပါရဘူး ဆိုတာကို နည်းနည်းတော့ စဉ်းစားလို့ ရပြီထင်ပါတယ်။

နှစ်လုံးဆင့်တို့ရဲ့ သဘောမှာ အပေါ်အလုံးဟာ အသတ်အဖြစ် ပြောင်းတတ်တာကို အားလုံး သိပြီးသား ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိစ္စဆိုရင် ကလုံးကြီးတင်နဲ့ အပေါ်ကစလုံးနဲ့ သတ်လို့ ကိစ်သံထွက်ပြီးအောက်ကစနဲ့ ပေါင်းတော့ ကိစ္စ ဆိုပြီး ဖြစ်လာပါတယ်။ ပဏ္ဍိတ် ဆိုပါတော့ ၊ ရှေ့ကပစောက်နဲ့ အပေါ်က ဏနဲ့ သတ်တော့ ပဏ်လို့ အသံထွက်ပါတယ်။ အောက်ကဍနဲ့ အပေါ်က လုံးကြီးတင်ရယ် တသတ်ရယ် ပေါင်းတော့ ဒိတ်ထွက် ပါတယ်။ အဲဒီတော့ ပဏ္ဍိတ်ရယ်လို့ ထွက်ပါတယ်။ ဒီတော့ နှစ်လုံးဆင့်မှန်သမျှရဲ့ ရှေ့မှာစာလုံးတလုံး အမြဲရှိရမယ်လို့ မှတ်ယူနိုင်ပါတယ်။

ဒီတော့ ဌဝမ်းဘဲဟာ ဝေါဟာရတလုံးရဲ့ ရှေ့ဆုံးစာလုံး ဖြစ်နေရင်တော့ အဲဒီဌဝမ်းဘဲဟာ လည်ရစ် မပါဘူးဆိုတာ လုံးဝသေချာတယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် ဌာနဆိုတဲ့ စကားလုံးဟာ လည်ရစ်မပါတာ သေချာပါပြီ။ ဌာနကနေ ဆင်းသက်လာတဲ့ ဌာန်ကရိုဏ်းမှာလည်း လည်ရစ် မပါပါဘူး။ ဌာပနာ ဆိုရင်လည်း လည်ရစ်မပါပါဘူး။ ဌာယိဘာဝ ဆိုရင်လည်း လည်ရစ် မပါပါဘူး။ ဥပါဒ်ဌီဘင် တို့မှာ သုံးတဲ့ ဌီဟာလည်း လည်ရစ်မပါပါဘူး။ ရာထူး ဌာနန္တရမှာ သုံးတဲ့ ဌာနန္တရမှာလည်း လည်ရစ်မပါပါဘူး။

ရှေ့ဆုံးစာလုံးမှန်သမျှဟာ လည်ရစ်မပါပါဘူး။ ဒါပေမဲ့ ရှေ့ဆုံးကမဟုတ်တဲ့ စာလုံးတိုင်းကတော့ လည်ရစ် သေချာပေါက်ပါမယ်လို့ မပြောနိုင်ပါဘူး။ ပါတာလည်းရှိသလို မပါတာလည်းရှိနိုင်ပါတယ်။

ဌဝမ်းဘဲလည်ရစ်ပါတဲ့ စာလုံးတချို့ကို ပြောရရင်တော့ ဆဋ္ဌမ၊ အဋ္ဌမ၊ သမ္မာဓိဋ္ဌိ၊ ရှင်မဟာရဋ္ဌသာရ ၊ အဓိဋ္ဌာန်၊ သန္နိဋ္ဌာန်၊ ပြဋ္ဌာန်း၊ ပဋ္ဌာန်း စတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အများကြီး ရှိပါတယ်။

ဒါပေမဲ့ ဒုတိယ ၊ တတိယနေရာမှာရှိတိုင်း လည်ရစ်ပါမယ်လို့ မုချ မဆိုနိုင်ပါဘူး။ ဥပမာ တခုပေးရရင် ပဌမ ဆိုတဲ့စကားလုံးပါ။

ပထမကို အခုစာလုံးပေါင်း သတ်ပုံကျမ်းမှာ သက္ကတမူကိုယူပြီး ထဆင်ထူးနဲ့ပဲ ပေါင်းဖို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ ပါဠိမူနဲ့ ဌဝမ်းဘဲ သုံးပြီးရေးရင်လည်း အဲဒီ ဌဝမ်းဘဲမှာ လည်ရစ်မပါ ရိုးရိုးဌဝမ်းဘဲသာ သုံးရမှာ ဖြစ်ပါတယ်။ အရင်က ပဌမကို ဌဝမ်းဘဲနဲ့ ပေါင်းခဲ့ဖူးပါတယ်။ ကျွန်တော် သတိထားမိ သလောက်ကတော့ ဒုတိယ တတိယနေရာမှာ ရှိပြီး လည်ရစ်မပါတာဟာ ပဌမတလုံးပဲ ရှိတယ်လို့ ထင်ပါတယ်။ တခြားစာလုံးများ သတိမထားမိပါ။ ရှိကောင်းရှိနိုင်ပါတယ်။

လောလောဆယ်တော့ အဲဒီပဌမဆိုတဲ့ စာလုံးတလုံးကလွဲပြီး ဒုတိယ၊ တတိယ၊ စတုတ္ထနေရာတွေမှာရှိတဲ့ ဌဝမ်းဘဲ စာလုံးမှန်သမျှမှာ လည်ရစ်ပါရမယ်လို့ ယေဘုယျ မှတ်ထားလို့ ရမယ် ထင်ပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာ စကားလုံးလေးတလုံးကို ပြောချင်ပါတယ်။ အဲဒီစကားလုံးလေးကို ကြည့်ရင် အပြောင်းအလဲကို ပိုပြီးရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။

အဲဒါကတော့ အဋ္ဌုပ္ပတ္တိကို ပါဠိမူနဲ့ ရေးတဲ့ ရေးထုံးမှာဌဝမ်းဘဲဟာ လည်ရစ်ပါပါတယ်။ ဘုန်းတော်ကြီးများကဆိုရင် အတ်-ထုတ်-ပတ်-တိ လို့ အသံထွက်တတ်ကြပါတယ်။ ဒါပေမဲ့ ရှေ့က အ မပါဘဲဌုပ္ပတ်လို့ ပြောတဲ့ အခါမှာတော့ ဌဝမ်းဘဲဟာ လည်ရစ်မပါတော့ပါဘူး။ ဌုပ္ပတ်သဘော ၊ ဗျုပ္ပတ်ဟောသည် ဆိုတဲ့ ဌုပ္ပတ်မှာလည်ရစ်မပါပါဘူး။ အဓိပ္ပာယ်က အတူတူပါပဲ။ နေရာကွဲသွားတာနဲ့ လည်ရစ်ပြုတ်သွားတာကို ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ စကားလုံးလေးတလုံးကို ပြောရရင်တော့ ပြဋ္ဌာန်းပါ။ ပြဋ္ဌာန်းဟာ သက္ကတသုံး ဖြစ်ပါတယ်။ ပြတ်-ဌာန်းလို့ အသံထွက်ရပါတယ်။ ပါဠိသုံးနဲ့ ပြောရရင် ပြဋ္ဌာန်းဟာ ပဋ္ဌာန်း ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဒီနေ့ သုံးနေကြတဲ့ ပြဋ္ဌာန်းသည် ၊ သတ်မှတ်သည် ဆိုတဲ့ စကားလုံးနဲ့ ပဋ္ဌာန်း တရားတော်ဆိုတဲ့ စကားလုံးဟာ အတူတူဖြစ်ပါတယ်။ ပါဠိမူနဲ့ သက္ကတမူ ကွာခြားတာမျှသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြဋ္ဌာန်းနဲ့ ပဋ္ဌာန်းဟာ စိတ်ဝင်စားစရာ ကောင်းတယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ဌ နဲ့ ဋ္ဌ ဘယ်နေရာမှာ ဘယ်လိုခွဲသုံးရမယ်ဆိုတာ ဥပမာ အနေနဲ့ ပြောစရာ အများအပြားရှိပါသေးတယ်။ ဒါပေမယ့် ဒီလောက်ဆိုရင် ခြုံငုံမိပြီလို့ ထင်ပါတယ်။

ဆက်စပ် အကြောင်းအရာများ