ပေါလ်စကာလီနဲ့ ဘီဘီစီ မေးမြန်းခန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာပြည်ကို ဝင်ခွင့် မရလို့ စိတ်ပျက်ရကြောင်း ယူကေ ပါလီမန် အဖွဲ့ပြော

  • 28 ဖေဖော်ဝါရီ 2018

ယူကေ နိုင်ငံရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး ကော်မတီ အနေနဲ့ မြန်မာပြည်ကို သွားရောက်ဖို့ ဗီဇာ လျှောက်ထား ခဲ့ပေမယ့်လည်း နေပြည်တော်ကနေ ခွင့်ပြုချက် ကျမလာ သေးလို့ ဆိုတဲ့ အကြောင်း ပြချက်နဲ့ ခရီးစဉ် ပျက်ခဲ့ရတယ်လို့ အဲဒီ ကော်မတီက ဘီဘီစီကို အတည် ပြု ပြောဆိုပါတယ်။

သူတို့ အဖွဲ့ အနေနဲ့ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ထွက်ခွာနိုင်ဖို့ရာ သီတင်းပတ် တချို့ ကြိုတင် စီစဉ်ပြီး ပြည်ဝင်ခွင့် လျှောက်ထားခဲ့ပေမယ့် ခရီးစဉ် တကယ်တမ်း ဖြစ်မြောက် မလာခဲ့ရဘူးလို့ ကော်မတီဝင် လွှတ်တော် အမတ် ပေါလ် စကာလီက ပြောပါတယ်။

စစ်တပ်ခေါင်းဆောင်ပိုင်းကို ပိတ်ဆို့ဖို့ အီးယူပြင်ဆင်

ရိုဟင်ဂျာ ၆၇၀၀ အသတ်ခံရတယ်လို့ MSF ကဆို

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ ထဲမှာ ယူကေရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာန DFID ကနေ လုပ်ဆောင်နေတဲ့ အကူအညီ ပေးရေး လုပ်ငန်းတွေကို ဆန်းစစ်နိုင်ဖို့ရာ အခုလို မြန်မာနိုင်ငံ ခရီးစဉ်ကို စီစဉ် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Image caption ရိုဟင်ဂျာ အစီရင်ခံစာကြောင့် ဗီဇာမပေးတာလို့ ယူကေဘက်က ပြော။

ကော်မတီဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ထုတ်ပြန်ထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေး အစီခံစာရဲ့ နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ အခုလို ပြည်ဝင်ခွင့် မရတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချမိကြောင်း ကော်မတီ ဥက္ကဌ စတီဖင် တွစ်ဂ်က ဆိုပါတယ်။

သူတို့ရဲ့ ခရီးစဉ်အတွင်း နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဘက် ဆိုင်ရာ ခေါင်းဆောင်တွေ အပါအဝင် ထိပ်တန်း မြန်မာ အာဏာပိုင်တွေနဲ့ တွေ့ဆုံမယ် ဆိုပြီး စီစဉ် ထားတာတွေ ပျက်သွား ခဲ့ရပြီလို့လည်း ဆိုပါတယ်။

DFID ဌာနဟာ ၂ဝ၁၈ - ၁၉ ဘဏ္ဍာ နှစ် အတွင်း မြန်မာနိုင်ငံထဲ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ ပေါင် သန်း ၁ဝဝ ဖိုး အကူအညီ ပေးဖို့ လျာထား ထားတယ်လို့ ဆိုပါတယ်။

Image caption ရိုဟင်ဂျာတွေရဲ့ ထွက်ဆိုချက်တွေ ကိုယ်တိုင်ကြားသိ ခဲ့ရတယ်လို့ မစ္စတာ စကာလီပြော

အခု ခရီးစဉ် ပျက်သွားတာနဲ့ ပတ်သက်ပြီး ကော်မတီဘက်က ဘာတွေ ပြောဆိုလဲ၊ မြန်မာနဲ့ကြား ဖြစ်လာမယ့် ဆက်ဆံရေး အခြေအနေ ဘယ်လို ရှိလဲ ဆိုတာ သိရဖို့ ကော်မတီ အဖွဲ့ဝင် လွှတ်တော် အမတ် ပေါလ် စကာလီကို ဘီဘီစီမြန်မာပိုင်းက ဆက်သွယ် မေးမြန်း ထားပါတယ်။

စကာလီ။ အခုလို ခရီးစဉ် ပျက်သွားရတာ အင်မတန် စိတ်ပျက်ဖို့ ကောင်းပါတယ်။ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး၊ ဘာတွေ ဖြစ်နေလဲ ဆိုတာကို ကျနော်တို့ ကြားသိ နေရတာ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကနဲ့၊ ရိုဟင်ဂျာ အသိုင်းအဝိုင်းက စကားသံတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ ကော်မတီရဲ့ စီမံမှု အောက်မှာ ယူကေ နိုင်ငံ အနေနဲ့ မြန်မာပြည်ကို ပေးနေတဲ့ အထောက်အပံ့ အကူအညီ တွေ ရှိနေပါတယ်။ ဒါ့ကြောင့် မြန်မာ နိုင်ငံထဲ ဘာတွေ ဖြစ်နေလဲ ဆိုတာကို မြန်မာဘက်က ပြောတာကိုလည်း ကျနော်တို့ ကြားသိဖို့ လိုတဲ့ အတွက် ဒီလို ခရီးစဉ်မျိုး စီစဉ်ရတာ ဖြစ်ပါတယ်။ မြန်မာပြည်ထဲ သွားခွင့် မရရင်လည်း ဘင်္ဂလားဒေ့ရှ် အပါအဝင် ဘေးပတ်ဝန်ကျင် နိုင်ငံတွေက တဆင့် နောက်ဆုံး ဖြစ်နေတဲ့ အခြေအနေတွေကို ကျနော်တို့ ဆက်လက် စောင့်ကြည့် သွားမှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ခင်ဗျားတို့ ကော်မတီရဲ့ ဥက္ကဌ စတီဖင် တွစ်ဂ် ကတော့၊ ခုလို ပြည်ဝင်ခွင့် မရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ကော်မတီက ပြီးခဲ့တဲ့လက ထုတ်ပြန်ထားတဲ့ ရိုဟင်ဂျာ အရေး အစီရင်ခံစာရဲ့ တိုက်ရိုက် အကျိုးဆက် ဖြစ်နိုင်တယ်လို့ ပြောထားတယ်။ မစ္စတာ စကာလီ အနေနဲ့ရော အဲဒီလိုပဲ ယူဆလား။

စကာလီ။ ကျနော်လည်း အဲဒီလိုပဲ ကောက်ချက် ချရမှာပဲ။ ရိုဟင်ဂျာ အကြပ်အတည်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုး လုပ်ဖို့ သိပ်လိုအပ် ပါတယ်။ ကျနော်တို့ ထုတ်ခဲ့တဲ့ အစီရင်ခံစာထဲ ရခိုင်ပြည်နယ်ထဲ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်း ပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်း ထားတာပါ။ ဒါမှလည်း ရိုဟင်ဂျာ ဒုက္ခသည် တွေ အနေနဲ့ မြန်မာပြည်ထဲ ဘေးကင်းရန်ကင်း ပြန်လာနိုင်မယ်။ ပြန်လာတဲ့ သူတွေကိုလည်း နိုင်ငံသားဖြစ်ခွင့် ရရေး လုပ်ဆောင်ပေးဖို့လည်း အကြံ ပြုထားပါတယ်။ ဒုက္ခသည် ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ အာဏာပိုင်တွေဟာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ သဘောတူမှု စာချုပ်တွေ လက်မှတ်ထိုးထားတယ် ဆိုပေမယ့်၊ တကယ်တမ်း အကောင်အထည် ပေါ်မလားသေးပဲ ဖြစ်နေပါတယ်။

ဘီဘီစီ။ တကယ်လို့ ခင်ဗျားတို့ ဝင်ခွင့်ရခဲ့မယ် ဆိုရင် ဘာတွေ လုပ်ဆောင်ထားဖို့ စီစဉ် ထားလဲ။

စကာလီ။ ကျနော်တို့ စစ်တွေကို သွားဖို့ တောင်းဆို ထားတာ ရှိပါတယ်။ ဒါ့အပြင် ကျနော်တို့ စိတ်ဝင်စားတဲ့ တခြားကိစ္စတချို့လည်း ရှိပါတယ်။ ကျနော်ဟာ မြန်မာနဲ့ကြား ကုန်သွယ်ရေး ကိစ္စကို ကြီးကြပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်က တာဝန်ပေးထားသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နှစ်လယ်လောက် အထိ မြန်မာအရေး ဆောင်ရွက် နေတာတွေ သိပ်ပြီး အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။ စီးပွားရေး၊ ပညာရေးတို့လို့ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေ တိုးတက်ခဲ့တယ်။ မြန်မာဘက်က စီးပွားရေး ကိုယ်စားလှယ်တွေတောင် လန်ဒန်ကို ရောက်လာတာမျိုး ရှိခဲ့တယ်။

Image caption ဖေဖေါ်ဝါရီ ဒုတိယပတ်ထဲ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ တွေ့ဆုံခဲ့

ဘီဘီစီ။ မြန်မာ အစိုးရ အနေနဲ့ကတော့ နိုင်ငံတကာ အနေနဲ့ မြန်မာ အစိုးရရဲ့ အသံကို အလေးမထားပဲ၊ တစ်ဘက်သတ် ပြောဆို ဖိအား ပေးနေတယ်လို့ အမြဲပဲ တုံ့ပြန် နေပါတယ်။ ဒီတော့ မြန်မာ အစိုးရနဲ့ကြား ရှေ့လျှောက် ထိတွေ့ဆက်ဆံသွားမယ့် ယူကေနိုင်ငံဘက်က အခြေအနေကရော ဘယ်လို ရှိပါသလဲ။

စကာလီ။ ကျနော်ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ် ထဲ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းထဲ ပြီးခဲ့တဲ့ နှစ်က ရောက်ခဲ့တယ်။ ကျနော့် မျက်စိနဲ့ ကိုယ်တိုင် လူတချို့မှာ ဒဏ်ရာတွေ ရထားတာမျိုး မြင်ခဲ့ရသလို၊ မုဒိန်းကျင့်ခံရတယ်၊ နှိပ်စက် ခံရတယ်၊ ရွာတွေ မီးရှို့ခံရတယ် ဆိုပြီး ထွက်ဆို ကြသူတွေနဲ့ တွေ့ကြုံခဲ့ရတယ်။ ဒီတော့ ကျနော်တို့ အပါအဝင် အနောက်နိုင်ငံတွေ အနေနဲ့ ဒီကစ္စတွေကို လျစ်လျူရှု မျက်ကွယ်ပြုထားလို့ မဖြစ်နိုင်ဘူး။ မြန်မာ အစိုးရကလည်း နိုင်ငံတကာ အဖွဲ့တွေကို ဝင်ခွင့် မပြုတာမျိုး ဆက်လုပ် နေဦးမယ် ဆိုရင် နိုင်ငံတကာရဲ့ ယုံကြည်မှု ရနိုင်မှာ မဟုတ်ဘူး။

ကိုယ်တိုင်လည်း မြန်မာ သွေးပါပြီး၊ လက်ရှိ မြန်မာနဲ့ကြား ယူကေဘက်က ကုန်သွယ်ရေး တာဝန်ခံ ပါလီမန် အမတ် ပေါလ် စကာလီကို ဘီဘီစီ မေးမြန်း ထားတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ