အန်နဝါ အီဘရာဟင်မ်နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကိုယ့်ကို ထောင်ချခဲ့သူနဲ့ ဘာ့ကြောင့် လက်တွဲနိုင်ခဲ့လဲ

  • 16 မေ 2018

မလေးရှား နိုင်ငံက အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဗရာဟင် ဟာ ထိန်းသိမ်း ခံထား ခဲ့ရာကနေ လွတ်မြောက် လာခဲ့ပါပြီ။

နောင် ၁ နှစ် ၂ နှစ် ကြာရင် အန်နဝါကို မလေးရှား ရဲ့ ဝန်ကြီးချုပ် ဖြစ်စေ ရမယ်ဆိုပြီးတော့ တကျော့ပြန် ဝန်ကြီးချုပ် အဖြစ် ရွေးကောက် ခံခဲ့ရတဲ့ မဟာသီယာ မိုဟာမက်က ကတိပေး ထားခဲ့တာပါ။

သူ့ကိုယ် ထောင်ချ ခဲ့သူ မဟာသီယာနဲ့ လက်တွဲဖို့ အန်နဝါ့ အနေနဲ့ ဘာ့ကြောင့် ဆုံးဖြတ် ခဲ့ရလဲ ဆိုတာကို ဘီဘီစီရဲ့ အရှေ့တောင် အာရှရေးရာ သတင်းထောက် ဂျွန်နသန် ဟက်ဒ်က သီးသန့် တွေ့ဆုံ မေးမြန်း ထားပါတယ်။

ဘီဘီစီ။ ။ မဟာသီယာနဲ့ လက်တွဲဖို့ ဆုံးဖြတ်ရတာ အတော်လေး ခက်ခဲလား။

အန်နဝါ။ ။ မဟာသီယာ နဲ့ ပူးပေါင်း လုပ်ဆောင် ဖို့ ဆုံးဖြတ်ခဲ့တဲ့ လုပ်ရပ် က ခက်ခဲပါတယ်။ မဟာသီယာ ကိုတော့ ချီးကျူး ရမှာပါ။ သူက ကျနော့် ဆီကို လာခဲ့တာ။ ကျနော် ပြောလိုက်တယ်။ ဒီမှာ မဟာသီယာ မလေးရှား အနေနဲ့ ကြီးမား တဲ့ စိန်ခေါ်မှု ကို ရင်ဆိုင်နေရပြီ။ ကျနော်တို့ နှစ်ယောက် ပေါင်းပြီး နားလည်မှု တစုံတရာ ယူပြီး အလုပ် အတူတကွ ပူးပေါင်း လုပ်ဆောင် သင့်ပြီလို့ ပြောလိုက်ပါတယ်။

Image caption မလေးရှားကို ကယ်တင်ဖို့ လက်တွဲခဲ့တာ

ဘီဘီစီ။ ။ ဒါဆို မဟာသီယာက လာတွေ့ ခဲ့တာပေါ့။ အဲဒီလိုလား။

အန်နဝါ။ ။ ဟုတ်ပါတယ်။ သူက တရားရုံး မှာ လာတွေ့ ခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မဟာသီယာ ကို ထောင် ထဲ ကို လာတွေ့ ခွင့် မပေး သလို ကျွန်တော် ရှိနေတဲ့ ဆေးရုံ ကိုလည်း လာခွင့် မပေးပါဘူး။ ဆိုတော့ သူက ကျနော့် အမှု စစ်ဆေး နေတဲ့ တရားရုံး ကို လာတွေ့ ပါတယ်။

အစ ပထမတော့ ခက်ခက် ခဲခဲ ဆွေးနွေး ရပါတယ်။ တော်တော် လေး ကို ခက်ခက် ခဲခဲ ဆွေးနွေး ခဲ့ရတာ။ လူတွေ ကတော့ ရင်ကြားစေ့ ပေါင်းစည်း ရေး ဆိုပြီးတော့ ပြောကြ တယ်။ ကျွန်တော့် အမျိုးသမီး နဲ့ မိသား စု ကို ခက်ခက် ခဲခဲ ရှင်းပြ ခဲ့ရပါတယ်။ သူတို့ ကလည်း ဘာဖြစ်လို့ မဟာသီယာ နဲ့ အလုပ် တွဲ လုပ်ဖို့ ဆုံးဖြတ် လိုက်ရတာ လဲ လို့ မေးကြတယ်။ ကျနော့် မိသားစု ကို ရှင်းပြတဲ့ အချိန်မှာ မျက်ရည်တောင် ကျပါတယ်။

နောက်တော့ ဒီဖြစ်စဉ်ကြီး တစ်ခုလုံး က အတူတကွ ပူးပေါင်း လုပ်ဆောင်ပြီး မလေးရှား ကို ကယ်တင်ဖို့ ဖြစ်တယ် ဆိုတဲ့ စိတ်အား ထက်သန် မှု နဲ့ ဆုံးဖြတ်ချက် ချခဲ့ရတာပါ။ ကျွန်တော့် အနေနဲ့ တိုင်းပြည် ပြောင်းလဲရေး ဖြစ်စဉ် ကို ဘယ်တော့ မှာ အလျော့ ပေးမှာ မဟုတ်ဘူး၊ တိကျ သေချာတဲ့ ကတိပေးမှု မျိုး မရဘဲ နဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ကောင်းမွန် ခိုင်မာ တဲ့ ဆက်ဆံရေး မျိုး မရှိခဲ့ပေမယ့် ကျနော့် အနေနဲ့ အလေးအနက် ထားပြီးတော့ ဆုံးဖြတ်ခဲ့တာပါ။

မဟာသီယာ က သူ့ အနေနဲ့ သမ္မတ ဖြစ်ဖို့ ကြိုးစားမှာ မဟုတ်ဘူး။ သူ့ အနေနဲ့ ပြည်သူနဲ့ အတူတူ ရပ်တည်နေပြီ၊ သူက နာဂျစ် အစိုးရ ရဲ့ အတိုက်အခံ အဖြစ် ရပ်တည်နေပြီ၊ ပြောင်းလဲမှု ဖြစ်စဉ် ကို အလုံးစုံ လုပ်မယ် ဆိုပြီးတော့ တိတိကျကျ ကတိပေး ပြောဆို ခဲ့ပါတယ်။ လူတွေက ရန်ဘက် နိုင်ငံရေး သမား နှစ်ယောက် ပူးပေါင်း လုပ်ဆောင် ကြမယ့် အပေါ်မှာ သံသယ ရှိနေမယ် ဆိုတာ လည်း သိထားပါတယ်။

Image caption နိုင်ငံရေး၊ စီးပွားရေး ကျဆင်းနေတာတွေ ပြောင်းလဲ နိုင်မယ်ဆိုရင် ဘာကြောင့် ခွင့်မလွှတ် နိုင်ရမှာလဲ

ဘီဘီစီ။ ။ ဒီလိုဆိုတော့ မဟာသီယာကို အခု ယုံကြည်သွားပြီလား။

အန်နဝါ။ ။ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ အစ ပထမ ကျွန်တော် အနေနဲ့ သံသယ အတော် ဖြစ်ခဲ့ ပါတယ်။ လပေါင်း အတန်ကြာ ဆွေးနွေးမှုတွေ လုပ်ပြီး တဲ့ အခါမှာတော့ မဟာသီယာ က ပြောင်းလဲမှု ဖြစ်စဉ် အပေါ်မှာ အတော် အလေးထား တယ်လို့ သိလာရပါတယ်။ တချို့ကတော့ အတိတ် က ဖြစ်ရပ် တွေ နဲ့ ပတ်သက်လို့ အဆိုးမြင်ချင် မြင်ပါ လိမ့်မယ်။ နောက်တော့ ကွဲပြား ခြားနား တဲ့ မဟာသီယာ နဲ့ အလုပ်အတူ လုပ် နေရတယ် ဆိုတာ သိလာရပါတယ်။

ဘီဘီစီ။ ။ မဟာသီယာ က လုံးဝ ကွဲပြားသွားပြီလား။ သူ ခင်ဗျား အပေါ်မှာ လုပ်ခဲ့တဲ့ လုပ်ရပ် တွေကိုရော နောင်တ ရတယ်လို့ ပြောလား။

အန်နဝါ။ ။ မဟာသီယာ က ထုတ်ပြောခဲ့တာတွေ ရှိပါတယ်။ အရင် က လူတွေရဲ့ စကား ကို နားမထောင်သင့်ခဲ့ဘူး။ အရင်တုန်း က တွေးခဲ့သလို မကောင်းမြင်တဲ့ အတွေး တွေ မရှိခဲ့သင့်ဘူးလို့ သူက ပြောပါတယ်။ ဒီလို ပြောဆို မှုတွေ က ကျွန်တော့် ကို ထောက်ခံမှု ပေးနေကြတဲ့ လူတွေကြားမှာ ကောင်းကောင်း အလုပ် ဖြစ်ခဲ့ပါတယ်။

သူက ဒါတွေကို ထုတ်မပြောခဲ့ရင်တောင်မှ ကျွန်တော့် အနေနဲ့ လက်ခံရမှာပါပဲ။ တိုင်းပြည် အတွက်၊ မလေးရှား ကို ကယ်တင်ဖို့ အတွက် ကျွန်တော်တို့ ပြောင်းလဲ ရမှာပါ။

Image caption အစိုးရ အပြောင်းအလဲကို ကြိုဆိုကြသူတွေ

ဘီဘီစီ။ ။ ခင်ဗျား ပထမ ဦးဆုံး ထောင်ကျ ခဲ့ပြီး ခက်ခက်ခဲခဲ ရင်ဆိုင် ကျော် ဖြတ်ခဲ့ရတဲ့ အချိန်ကာလ တွေ အတွက် သူ့မှာ တာဝန် အပြည့် ရှိတယ်လေ။ ဒီကိစ္စတွေ လုပ်ခဲ့တဲ့ သူ့ကို ခွင့်လွှတ် လိုက်ပြီလား။

အန်နဝါ။ ။ ခွင့်လွှတ်ပါတယ်။ ကျနော့်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေက ဥပမာ အယ်လ်ဂိုး (သမ္မတ ကလင်တန် လက်ထက် အမေရိကန် ဒုသမ္မတ ဖြစ်ခဲ့သူ) က ဆိုရင် သေချာ ရဲ့လား အန်နဝါတဲ့။ ကျွန်တော်က သေချာပါတယ်၊ ခွင့်လွှတ်ပါတယ်လို့ပဲ ပြောခဲ့တယ်။ ဘာ့ကြောင့်လဲ လို့ မေးတဲ့ အခါကျတော့ နိုင်ငံမှာ အခက်အခဲတွေ ကြုံတွေ့ နေရပြီ။ နိုင်ငံရေး၊ စီးပွားရေး မှာ ကျဆင်း နေတာ တွေကို ပြောင်းလဲ နိုင်မယ်ဆိုရင် ကျွန်တော် ဘာကြောင့် သူ့ ကိုယ် ခွင့်မလွှတ် နိုင်ရမှာလဲ လို့ ပြောခဲ့ပါတယ်။

တိုင်းပြည် နဲ့ နှိုင်းယှဉ် လိုက် မယ်ဆိုရင် ကျွန်တော် ခံခဲ့ရတာ က အသေးအဖွဲ ပါလို့ ပြန်ဖြေခဲ့ပါတယ်။ အခု ကိစ္စမှာတော့ မဟာသီယာ က ကျွန်တော်နဲ့ အတူ ပူးပေါင်း ခဲ့ပါတယ်။ သူက အများသိအောင် ကတိတွေ ပေးပြီး ဦးဆောင်မှု လုပ်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ