သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇွန်လ ၁၁ ရက် တမိနစ် သတင်းဗီဒီယို

  • 11 ဇွန် 2012

ဆီးရီးယား အစိုးရတပ်တွေက ဟုမ်းစ်မြို့ကို ထပ်ပြီး တိုက်စစ်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ စနေတနင်္ဂနွေက ရိုက်ကူးခဲ့တယ်ဆိုတဲ့ ဗီဒီယိုပြကွက်တွေမှာ ဟုမ်းစ်နဲ့ အိဒ်လစ်ဘ် မြို့တွေ အတိုက်ခိုက်ခံနေရတာကို တွေ့ရပါတယ်။ ဘီဘီစီ သတင်းထောက် တယောက်ကတော့ မြို့ဟောင်းနေရာတဝိုက်မှာ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံက ရွေးကောက်ပွဲတွေရဲ့ ပထမအကြော့အပြီးမှာ ဆိုရှယ်လစ် သမ္မတ ဖရန်ဆွာ အိုလန်းရဲ့ ပါတီက ပါလီမန်ထဲမှာ အများစု နေရာရနေပါတယ်။ အပြတ်အသတ်ကြီး လုံးဝနိုင်သွားတာ မဟုတ်ပေမဲ့ အစိုးရဝန်ကြီးတွေ အားလုံးလိုလို ပြန်အရွေးခံရပြီး အရွေးမခံရရင်လဲ ဒုတိယအကြော့မှာ ပြန်နိုင်စရာ အခြေအနေရှိနေပါတယ်။

ဗြိတိန်မှာတော့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ သူ့ဇနီး တို့ဟာ ရှစ်နှစ်အရွယ် သမီးငယ် နန်စီကို စားပွဲရုံတခုမှာ ထားမိခဲ့တာ မသိပဲ အိမ်ပြန်မိခဲ့ကြတယ်လို့ ဝန်ခံလိုက်ပါတယ်။ လုံခြုံရေးတွေနဲ့ ကားတစီးစီ ပြန်ခဲ့ကြတဲ့ချိန်မှာ နှစ်ယောက်စလုံးက သမီးဟာ တခြားကားမှာ ပါလာတယ်လို့ ထင်ခဲ့ကြတာပါ၊ ခဏအကြာမှာပဲ သမီးကို ပြန်ခေါ်နိုင်ခဲ့ပါတယ်။