သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇူလိုင် ၁၂ တမိနစ် သတင်းဗီဒီယို

၂၀၁၂ လန်ဒန် အိုလံပစ် အားကစားပွဲ ကျင်းပဖို့ ၂ ပတ် အလိုသာ ကျန်တော့တဲ့ အချိန်မှာ ဗြိတိန် အစိုးရဟာ အားကစားကွင်း လုံခြုံရေး အတွက် လစ်ဟာမှု မရှိစေရအောင် စစ်တပ် အင်အား ၃၅၀၀ ကို ခေါ်ယူ လိုက်ပါတယ်။ လုံခြုံရေး အတွက် contract ပေးထားတဲ့ G4S လုံခြုံရေး ကုမ္ပဏီမှာ သင်တန်းပေးထားတဲ့ ဝန်ထမ်း လုံလောက်ပါ့ မလားဆိုတဲ့ စိုးရိမ်မှုတွေ တိုးများ လာနေတာကြောင့် အခုလို စစ်တပ်ကို ခေါ်ယူရတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ အနောက်တောင် ဘက်မှာ မိုးကြီးတွေ အကြီးအကျယ် ရွာချခဲ့တာကြောင့် ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရာ၊ အာဏာပိုင်တွေက ကူညီ ကယ်ဆယ်ရေး အတွက် စစ်သားတွေကို ချထား လိုက်ပါတယ်။ အနည်းဆုံး လူ ၃ ဦး သေဆုံးသွားကာ ရွှံ့နွံတွေ ပြိုကျခဲ့ပြီး အိမ်တွေကို ဖုံးလွှမ်း ကုန်တာကြောင့် လူတွေဟာ အသက်ရှင်လျက် မြေမြှုပ် လိုက်သလို ဖြစ်ခဲ့မှာကို အာဏာပိုင်တွေက စိုးရိမ် နေကြပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်း လီယိုဂျိုးမြို့က မြစ်ထဲမှာ လူ ၂ ဦး အသားစားငါး ကိုက်တာကို ခံရပြီးနောက်၊ အဲဒီငါးတွေကို ဖမ်းဆီး ပေးနိုင်သူကို ဆုငွေ ပေးမယ်လို့ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ အဲဒီ အသားစား ငါးတွေကို ဖမ်းဆီးမှုတွေ အတွက် ကန့်သတ်မှုတွေ လုပ်ထားတာကို လည်း အာဏာပိုင်တွေက လျှော့ပေါ့ ပေးလိုက်ပါတယ်။