သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇူလိုင် ၁၃ တမိနစ် သတင်းဗီဒီယို

  • 13 ဇူလိုင် 2012

ဆီးရီးယားမှာတော့ အဆိုးဆုံးလူသတ်ပွဲကြီး တခုနဲ့ ပတ်သက်ပြီး အစိုးရနဲ့ အတိုက်အခံတွေ တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲနေကြပါတယ်၊ နိုင်ငံအလယ်ပိုင်း ဟာမာပြည်နယ်က ထရမ်ဆာရွာမှာ လူ ၂၀၀ ကျော်ကို အစိုးရနဲ့ ဆက်စပ်နေတဲ့ လက်နက်ကိုင်တွေက သတ်ခဲ့တယ်လို့ အတိုက်အခံတွေက ပြောပြီး ဆီးရီးယား အစိုးရ မီဒီယာကတော့ ဒါ အတိုက်အခံတွေ လက်ချက်လို့ ဆိုနေပါတယ်၊ ဗီဒီယို ပြကွက်တချို့မှာတော့ ရွာသားတွေ လမ်းတွေပေါ်မှာ ထွက်ပြေးနေကြတာကို တွေ့ရပါတယ်။

ဟောင်ကောင်မှာတော့ သူဌေးညီအကို နှစ်ယောက်ကို လာဘ်ပေး လာဘ်ယူမှု စွဲချက်တွေနဲ့ တရားရုံးက စွဲချက်တင်လိုက်ပါတယ်၊ အာရှမှာ အကြီးဆုံး အိမ်မြေ အရောင်းအဝယ် ကုမ္ပဏီကြီးကို ပိုင်ဆိုင်တဲ့ ဘီလျံနာ သူဌေးကြီး သောမတ်စ်နဲ့ ရေမွန်ကော့ တို့ဟာ တခြားလူ သုံးယောက်နဲ့ အတူ မြေအရောင်းအဝယ် ကိစ္စတွေမှာ မသမာမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်မှာ မူးယစ်ဆေး သယ်ဆောင်သူတွေ တူးထားတယ်လို့ ယူဆရတဲ့ မြေအောက် ဥမင်လှိုဏ်ခေါင်း နှစ်ခုကို တွေ့ရှိခဲ့ပါတယ်၊ မီတာ ၂၀၀ လောက်ရှည်တဲ့ လှိုဏ်ခေါင်းတွေဟာ အထဲမှာလျှပ်စစ်မီးတွေ လေဝင်ပေါက်တွေပါပြီး တော်တော် အဆင့်မြင့်မြင့် ဖောက်လုပ်ထားတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း နယ်စပ်ကို ဖြတ်ဖောက်ထားတဲ့ လှိုဏ်ခေါင်းပေါင်း ၁၅၀ ကျော်ကို ရှာဖွေတွေ့ခဲ့ပြီး ဖြစ်ပါတယ်။