သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သြဂုတ် ၂၂ တမိနစ် သတင်းဗီဒီယို

  • 22 ဩဂုတ် 2012

ဂရိနိုင်ငံမှာ တင်းကျပ်တဲ့ အသုံးစားရိတ် ဖြတ်တောက်ရေး အတွက် အချိန်ပိုပေးဖို့ ဂရိဝန်ကြီးချုပ် အန်တိုးနစ် ဆန်မရတ်စ်က ပန်ကြားလိုက်ပါတယ်။ ဂရိကိုပေးမယ့် ကယ်ဆယ်ရေး ကူညီငွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ မတိုင်ခင် ဝန်ကြီးချုပ်က အခုလို ပန်ကြားလိုက်တာ ဖြစ်ပါတယ်။

ဂရိ စီးပွားရေးကို ပြန်ကယ်တင်ဖို့ လုပ်တဲ့ နေရာမှာ အချိန်နည်းနည်း ယူဖို့ လိုအပ်မယ်လို့ မစ္စတာ ဆန်မရတ်စ်က ဂျာမန်သတင်းစာ တစောင်ကို ပြောကြား သွားပါတယ်။

လက်ဘနွန်နိုင်ငံ ထရီပိုလီမြို့မှာ ဆူနီမူဆလင်တွေနဲ့ အလာဝိုက် လူမျိုးစုတွေ အကြား တိုက်ခိုက်မှုတွေ ဒုတိယည အဖြစ် ဆက်လက်ဖြစ်ပွားခဲ့ရာ လူ ၇ ဦးသေဆုံးသွားပြီး၊ လူ ၇၀ ကျော် ဒဏ်ရာရရှိသွားပါတယ်။

ဒီ အုပ်စု နှစ်ခုအကြား တင်းမာမှုတွေဟာ ဆီးရီးယားနိုင်ငံ ပဋိပက္ခတွေကြောင့် ပိုမိုဆိုးဝါးလာခဲ့တာ ဖြစ်ပါတယ်။ အလာဝိုက်တွေက ဆီးရီးယား အစိုးရကို ထောက်ခံပြီး၊ ဆူနီတွေက အတိုက်အခံကို ထောက်ခဲ့နေကြတာ ဖြစ်ပါတယ်။

အီသီယိုပီးယား ဝန်ကြီးချုပ် ရဲ့ ရုပ်အလောင်းကို အီသီယိုပီးယား မြို့တော် အက်ဒစ် အဘာဘာကို လေယာဉ်နဲ့ ပြန်သယ်လာခဲ့ပြီ ဖြစ်ပြီး၊ နိုင်ငံတော် ဝမ်းနည်းခြင်း အချိန်အခါ အဖြစ် ကြေညာထားပါတယ်။

အက်ဒစ် အဘာဘာကို ပြန်ရောက်လာတဲ့ ဝန်ကြီးချုပ်ရဲ့ အလောင်းကို အများပြည်သူ ကြည့်ရှု ဂါဝရပြုလို့ ရအောင် အမျိုးသား နန်းတော်ထဲမှာ ထားရှိပါတယ်။ အသုဘ အခမ်းအနား ပြုလုပ်မယ့် နေ့ရက်ကိုတော့ မကျေညာသေးပါ။