သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နည်းပညာ သတင်းလွှာ

  • 30 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိက စျေးကွက်ရောက် ဆမ်ဆောင်းဖုန်းတွေ ခရစ္စမတ် ကာလမှာ ပြန်သိမ်းခံရတော့မလား။

ဆမ်ဆောင်းရဲ့ ရောင်းအကောင်းဆုံး ဂလက်ဇီ စမတ်ဖုန်းတွေဟာ အမေရိက က အရောင်းဆိုင်တွေကနေ လာမယ့် ခရစ္စမတ်မှာ သိမ်းရနိုင်ချေရှိနေပါတယ်။ ဆမ်ဆောင်းဟာ အက်ပဲလ်ရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်ပြီး ဒီဇိုင်းနဲ့ နည်းပညာကို ခိုးယူသုံးစွဲခဲ့လို့ အမေရိကန်ဒေါ်လာ သန်းတထောင်ကျော် ပေးလျော်ဖို့ တရားရုံးက ဆုံးဖြတ်ပြီးနောက်မှာ အခုလို အမေရိကမှာ ဆမ်ဆောင်း ဖုန်းတွေ ပေးရောင်း မရောင်း ဒီဇင်ဘာမှာ ဆုံးဖြတ်ကြမှာပါ။ ဒါပေမဲ့ ဆုံးဖြတ်မယ့်ထဲမှာတော့ တရားစစွဲစဉ်က မပါခဲ့တာမို့ ဆမ်ဆောင်းရဲ့ နောက်ဆုံးထုတ် ဂလက်ဇီ အက်စ် သရီး ဖုန်းတွေတော့ ရုပ်သိမ်းဖို့ ထဲမှာ ပါမှာ မဟုတ်ဘူးလို့ သိရပါတယ်။

နားကြပ်ကနေ တေးသီချင်းတွေ အကျယ်ကြီးနားထောင်တာကြောင့် နားကန်းနိုင်တယ်လို့ သုတေသီတွေက သက်သေပြနိုင်ခဲ့ပါပြီ။ ယူကေနိုင်ငံ၊ လယ်ဆက်တာ တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဒက်ဆီဗယ် ၁၁၀ ကျော်တဲ့ ဆူညံသံတွေဟာ အသံနဲ့ဆိုင်တဲ့ အာရုံကြောကို ပျက်စီးစေလိုက်တာမို့ ဦးနှောက်ဆီ မသွားတော့ဘဲ မကြားနိုင်တော့ဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ တခု သက်သာရာ ရစေတာကတော့ တချိန်မှာတော့ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်နိုင်စွမ်းကြောင့် ပြန်ကြားနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အခုသီချင်းကတော့ ဝီလ် အိုင် အမ်ရဲ့ ကြယ်တွေဆီလို့ အဓိပ္ပာယ်ရတဲ့ Reach For the Stars သီချင်း ဖြစ်ပါတယ်။ ဒီသီချင်းဟာ အင်္ဂါဂြိုဟ်ဆီသွားခဲ့တဲ့ စပ်စုစိန်လို့ ခေါ်ရမယ့် Curiosity ဂြိုဟ်တုကနေ ကမ္ဘာမြေက ကြားရအောင် ဖွင့်ပြခဲ့လို့ ဖြစ်ပါတယ်။ ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်ကြား မိုင်သန်းပေါင်း ၁၆၆ ကီလိုသန်း ကွာဝေးတာကြောင့် ဟိုဘက်က ဖွင့်လိုက်တဲ့ ကမ္ဘာမြေက ကြားရဖို့ ၁၅ မိနစ်လောက်တော့ စောင့်လိုက်ရတယ်လို့ သိရပါတယ်။