BBC navigation

၂၀၁၂ ခုနှစ်အတွက် အာရှသတင်း ဓာတ်ပုံများ

နောက်ဆုံး ရေးသားချိန် 3 ဇန်နဝါရီလ 2013 - 19:03 GMT

အာရှ နှစ်ချုပ် သတင်းဓာတ်ပုံများ

  • Year in Pictures: 2012
    ၂၀၁၂ ထဲမှာ တိဘက်လူငယ်တွေ တရုတ်က သူတို့ ဒေသကို အုပ်ချုပ်မှုကို ကန့်ကွက် ဆန္ဒပြကြရင်း ကိုယ့်ကိုယ်ကို မီးရှို့ခဲ့ကြပါတယ်။ အများစုလည်း အသက်သေဆုံးခဲ့ကြရပါတယ်။ တရုတ်အစိုးရကတော့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ လှုံ့ဆော်မှုကြောင့်ပဲ ဆိုပြီး အပြစ်တင်ပါတယ်။
  • Year in Pictures: 2012
    ဖေဖေါ်ဝါရီလထဲမှာ တရုတ် ချုံချင်းပြည်နယ်ရဲချုပ်ဟောင်းက အမေရိကန် ကောင်စစ်ဝန်ရုံးထဲမှာ ခိုလှုံခွင့်တောင်းခဲ့ရာက အရှုတ်တော်ပုံတွေ ပေါ်လာပြီး တရုတ်မှာ အနာဂါတ်ခေါင်းဆောင် ဖြစ်လာမယ်လို့ မှတ်ယူထားခံရတဲ့ ပါတီခေါင်းဆောင် ဘိုရှီလိုင်းလဲ ရာထူးက ပြုတ်ကျပြီး အမှုရင်ဆိုင်ရတဲ့ အဖြစ်အထိ ရောက်သွားခဲ့ပါတယ်။
  • Year in Pictures: 2012
    ပါကစ္စတန်နဲ့ အမေရိကန် ဆက်ဆံရေးတွေ တင်းမာခဲ့ရာက ပါကစ္စတန်က နေတိုး ယာဉ်တွေကို သူ့နိုင်ငံဖက်က ဖြတ်သန်းပြီး အာဖဂန်နစ္စတန် နိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်လိုက်တဲ့ အတွက် နယ်စပ်တလျှောက် ယာဉ်အသွားအလာတွေ ရပ်ဆိုင်းကုန်ပါတယ်။
  • Year in Pictures: 2012
    ဧပြီလမှာတော့ တရုတ်က မျက်မမြင် လူ့အခွင့်အရေး လှုပ်ရှားသူ ချန်ဂွန်ချန်း အမေရိကန် သံရုံးထဲ ဝင်ပြီး ခိုူလှုံခဲ့လို့ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးတွေ တင်းမာခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်က မစ္စတာချန်ကို နိုင်ငံထဲက ထွက်ခွာပြီး နယူးယောက်မှာ ဥပဒေ ပညာသင်ယူခွင့် ခွင့်ပြုခဲ့ပါတယ်။
  • Year in Pictures: 2012
    မြန်မာနိုင်ငံမှာ မေလအကုန်ပိုင်းက ရခိုင်အမျိုးသမီးကလေးတယောက် အဓမ္မကျင့်ပြီး အသတ်ခံခဲ့ရတာကို အကြောင်းပြုလို့ ရခိုင်ပြည်နယ်ထဲမှာ ဒေသခံရခိုင်တွေနဲ့ မူဆလင်တွေ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။
  • Year in Pictures: 2012
    ဇူလိုင်လမှာ အိန္ဒိယ အရှေ့မြောက်ပိုင်းက ဒေသခံ ဘိုဒို တိုင်းရင်းသားတွေနဲ့ အဲဒီဒေသမှာ လာအခြေချကြတဲ့ မူဆလင်တွေ တိုက်ခိုက်ကြလို့ လူပေါင်း တသိန်း ခုနှစ်သောင်းကျော် နေအိမ်တွေက ထွက်ပြေးခဲ့ကြရပါတယ်။
  • Year in Pictures: 2012
    ၂၀၁၂ ခုနှစ်ထဲမှာပဲ အရှေ့တရုတ် ပင်လယ်ထဲက တရုတ်နဲ့ ဂျပန် အငြင်းပွားနေတဲ့ ကျွန်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဂျပန် ကမ်းခြေစောင့် တပ်တွေနဲ့ တရုတ် သင်္ဘောတွေ မကြာမကြာ ထိတွေ့တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံအတွင်းမှာ ဂျပန် ပစ္စည်း သပိတ်မှောက်မှုတွေလဲ ဖြစ်ခဲ့ပါတယ်။
  • Year in Pictures: 2012
    အောက်တိုဘာလမှာတော့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ နိုင်ငံခြားသားတွေ ဗုံးခွဲ အတိုက်ခိုက်ခံရတဲ့ ၁၀ နှစ် ပြည့်အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနား လုပ်ခဲ့ပါတယ်။ သေဆုံးခဲ့သူ ၂၀၀ ကျော်မှာ အများဆုံး သေဆုံးခဲ့ရတဲ့ သြစတြေလျနိုင်ငံသား ၁၀၀၀ လောက်လဲ ၁၀ နှစ်ပြည့်အခမ်းအနားကို လာတက်ခဲ့ကြပါတယ်။
  • Year in Pictures: 2012
    အာဖဂန်နစ္စတန်မှာတော့ တာလီဘန်တွေကို အာခံပြီး အမျိုးသမီးတွေ ပညာသင်ခွင့်ရရေး စည်းရုံးလှုံ့ဆော်ခဲ့တဲ့ ကျောင်းသူလေး မာလာလာကို တာလီဘန် သေနတ်သမားတွေက ခေါင်းကို သေနတ်နဲ့ ပစ်ခဲ့ပါတယ်။ ကံကောင်းထောက်မလို့ အသက်မသေခဲ့တဲ့ မာလာလာ အခုတော့ ယူကေမှာ ဆေးကုသမှု ခံယူနေပါတယ်။
  • Year in Pictures: 2012
    အောက်တိုဘာလမှာပဲ ကမ္ဘောဒီးယားက ဘုရင်ဟောင်း သီဟာနုမင်းသားကြီး ကွယ်လွန်သွားတဲ့ အတွက် ပြည်သူပြည်သားတွေ ဝမ်းနည်းပူဆွေး ခဲ့ကြပါတယ်။ ဘုရင်ကြီးဟာ တရုတ်နိုင်ငံမှာ ဆေးကုသခံယူနေရင်း အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
  • Year in Pictures: 2012
    အာဖဂန်နစ္စတန်မှာ နေတိုးတပ်ဖွဲ့တွေက အာဖဂန်တပ်တွေကို တာဝန်တွေ ပိုလွှဲပေးလာနေချိန်မှာပဲ တာလီဘန်တွေရဲ့ အကြမ်းဖက်မှုတွေလဲ ပိုတိုးလာနေပါတယ်။ နိုဝင်ဘာလမှာ အကြမ်းဖက်သမားတွေ ပစ်လွှတ်တဲ့ ဒုံးကျည်ကြောင့် တပ်ဖွဲ့ဝင်တွေ သေကြေ ဒဏ်ရာရခဲ့ပါတယ်။
  • Year in Pictures: 2012
    အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ဝင်တိုက်ခဲ့တဲ့ ပါကစ္စန် သေနတ်သမားတွေအထဲက ဖမ်းမိထားသူ အာမီယာ ကာဆပ်ကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ အိန္ဒိယမှာ ကြိုးပေး ကွပ်မျက်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့က မွမ်ဘိုင်းတိုက်ခိုက်မှုမှာ လူပေါင်း ၁၆၆ ယောက် အသက်ဆုံးခဲ့ပါတယ်။
  • Year in Pictures: 2012
    နိုဝင်ဘာလထဲမှာပဲ တရုတ်နိုင်ငံမှာ ခေါင်းဆောင်သစ်တွေကို တရားဝင်ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ မျှော်လင့်ထားတဲ့ အတိုင်း ရှီဂျင်ပင့်က ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်လာပြီး သူဟာ မကြာခင် သမ္မတရာထူးကိုလည်း ဆက်ခံရယူမှာ ဖြစ်ပါတယ်။
  • Year in Pictures: 2012
    သီရိလင်္ကာမြောက်ပိုင်း ဂျက်ဖနာမြို့မှာ ရဲတွေနဲ့ တမီးလ်လူငယ်တွေ တိုက်ခိုက်မှု ဖြစ်ခဲ့ကြရာမှာ ရဲတွေက အကြမ်းဖက် အလွန်အကျွံအင်အား သုံးခဲ့တယ်လို့ စွပ်စွဲချက်တွေ ထွက်ခဲ့ပါတယ် ပြီးခဲ့တဲ့ တနှစ်ကျော်က တမီးလ်ကျား သူပုန်တွေ ပြိုကွဲ သွားခဲ့ပြီးတဲ့နောက် အကြီးမားဆုံး ထိပ်တိုက်တွေ့မှု တခု ဖြစ်ပါတယ်။
  • Year in Pictures: 2012
    ဒီဇင်ဘာ ၁၂ ရက်နေ့မှာ မြောက်ကိုရီးယားက တာဝေးပစ် ဒုံးပျံတစင်းကို အောင်အောင်မြင်မြင် ပစ်လွှတ်လိုက်ပါတယ်၊ အရင်အကြိမ်တွေ ပစ်လွှတ်တုန်းက မအောင်မြင်ခဲ့ဘူးပါဘူး၊ ကမ္ဘာ့နိုင်ငံအသီးသီးကတော့ ဒါဟာ မြောက်ကိုရီးယားက နျူကလီးယား လက်နက် စမ်းသပ်တာဆိုပြီး ဝိုင်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။