BBC navigation

အလိုအပ်ဆုံး နိုင်ငံခြား ကျွမ်းကျင်လုပ်သား အမျိုး ၂၀

နောက်ဆုံး ရေးသားချိန် 2 ဧပြီလ 2013 - 11:22 GMT

အလိုအရှိဆုံး နိုင်ငံခြား ကျွမ်းကျင်လုပ်သား အမျိုး ၂၀

ကမ္ဘာတလွှား လိုအပ်မှု များတဲ့ ကျွမ်းကျင်လုပ်သား အမျိုးအစား အများအပြားရှိပါတယ်။ ဘယ်လို လုပ်ငန်း ကျွမ်းကျင် သူတွေကို အလိုရှိ ဆုံးလဲ။ ဘယ်နေရာ တွေမှာ လိုအပ်တာလဲ။ အောက်ပါ ညွှန်ပြချက်မှာ ကြည့်နိုင်ပါတယ်။ အလုပ်အကိုင် တခုကို ရွေးပြီး နိုင်ငံအလိုက် စိတ်ဝင်စားမှု ရှိတဲ့ လုပ်ငန်းတွေကို ကြည့်နိုင်ပါတယ်။ ကိုယ့်မိတ်ဆွေတွေကိုလည်း မျှဝေလို့ရပါတယ်။

နိုင်ငံတခုခုက အလုပ်အကိုင်အခြေအနေကို သိနိုင်ဖို့ ညာဖက်က နိုင်ငံများကို နှိပ်ပါ။

အလုပ်အကိုင်များ

နိုင်ငံများ

ပျမ်းမျှ လစာ

Share

သူနာပြု

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း နိုင်ငံအများမှာ သူနာပြုတွေ လိုအပ်နေခဲ့။

သြစတြေးလျမှာ လိုနေတဲ့ သူနာပြုတွေအထဲမှာ စိတ်ကျန်းမာရေး စောင့်ရှောက်သူတွေနဲ့ ခွဲစိတ်ခန်းအကူ တွေပါဝင်ပါတယ်။ လစာကတော့ US$ ၅၇၈၇၆ က စ တင်ပါတယ်။

သြစတီးယားမှာ ၂၀၁၃ ခုနှစ်အတွက် လိုအပ်နေတဲ့ သူနာပြုတွေကတော့ ခွဲစိတ်ခန်းအကူ၊ စိတ်ကျန်းမာရေးနဲ့ ကလေးသူငယ် ပြစုရေး အပိုင်းတွေမှာ ဖြစ်ပါတယ်။

သက်ကြီးစောင့်ရှောက်ရေး၊ နာလန်ထ ပြုစုရေး နဲ့ အရေးပေါ် ကုသရေး သူနာပြုတွေ ဘယ်လ်ဂျီယံမှာ လိုအပ်နေပါတယ်။

ဂျာမနီမှာ သက်ကြီးရွယ်အို စောင့်ရှောက်ရေး သူနာပြု တယောက်ရှိတိုင်း နောက်ထပ် သုံးယောက် ထပ်ခန့်ဖို့ လိုနေသေးတယ်လို့ အစိုးရက ဆိုပါတယ်။

ယူကေက မီးဖွားပြီးစ အတွင်းလူနာဆောင် အတွက်နဲ့ ခွဲစိတ်ခန်းတွေ အတွက် သူနာပြုတွေ ရှာနေပါတယ်။

အမေရိကန်မှာ ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားမှာ သူနာပြုတွေ အများကြီး လိုနေပါတယ်။ ဒါကြောင့် ပေးတဲ့ လစာကလည်း ၂၀၁၁ တုန်းက တနှစ်ကို US$ ၆၉၁၁၀ ရှိခဲ့ပါတယ်။

အနဲဆုံး နိုင်ငံ ၂၀မှာ သူနာပြုတွေလိုနေပါတယ်။ သင့် အလုပ်နဲ့ ပတ်သက်ပြီး ထပ်သိချင်ရင်

စက်မှု အင်္ဂျင်နီယာ

နိုင်ငံ ၁၈ နိုင်ငံမှာ အထူးသဖြင့်တော့ ကားထုတ်လုပ်ရေး အပိုင်းနဲ့ အာကာသလေကြာင်း သွားလာရေးဖက်မှာ စက်မှု အင်္ဂျင်နီယာတွေ လိုနေပါတယ်။

သြစတီးယားမှာ ကားထုတ်လုပ်ရေး၊ အပူပေးရေးနဲ့ အအေးစက်တပ်ဆင်ရေး အပါအဝင် လုပ်ငန်းတွေ အတွက် အင်္ဂျင်နီယာပေါင်း ၂၃ မျိုးလောက် လိုအပ်နေပါတယ်။

ဂျာမနီက ကားလုပ်ငန်းအတွက် အင်္ဂျင်နီယာတွေကို အထူး စိတ်ဝင်စားပါတယ်။

စင်္ကာပူက စက်မှု လုပ်ငန်းတွေအတွက် စက်မှု အင်္ဂျင်နီယာဘွဲ့ရတွေကို ခေါ်ယူချင်ပါတယ်။ လစာကတော့ အစမှာ တနှစ်ကို US$ ၃၁၂၀၀ ရတတ်ပါတယ်။

စပိန်မှာ အလုပ်လက်မဲ့ နှုန်းမြင့်ပေမယ့် စက်မှု အင်္ဂျင်နီယာတွေကတော့ တခြားနဲ့ ယှဉ်ရင် အလုပ်အကိုင်ကောင်းကြပါတယ်။

ယူကေကတော့ လေကြောင်းကဏ္ဍ အတွက် စက်မှု အင်္ဂျင်နီယာတွေ လိုချင်ပါတယ်။ ဘွဲ့ရပြီးစ အလုပ်ဝင်သူတယောက် တနှစ်ကို £၂၃၀၀၀ (US$ ၃၆၈၅၀) လောက် စ ရတတ်ပါတယ်။

ကမ္ဘာပေါ်မှာ စက်မှု အင်္ဂျင်နီယာ တွေဟာ အလိုအပ်ဆုံး အလုပ်တွေအထဲက တခုဖြစ်ပါတယ်။ တခြားလူတွေအကြောင်း လေ့လာကြည့်ပါ။

ဆရာဝန်

ကမ္ဘာပေါ်မှာ နိုင်ငံ ၁၈ နိုင်ငံက အထွေထွေကု နဲ့ အထူးကု ဆရာဝန်တွေကို ခေါ်ယူချင် နေပါတယ်။

မေ့ဆေးပညာရှင်တွေ၊ အစာအိမ် အူလမ်းကြောင်းကြည့် ပညာရှင်တွေနဲ့ အာရုံကြောအထူးကု တွေဟာ သြစတြေးလျက အလိုရှိတဲ့ ကျွမ်းကျင်သူ အမျိုးအစား ၃၀ ထဲ မှာ ပါကြပါတယ်။

ဂျာမနီမှာတော့ ဆရာဝန် ၅၀၀၀ လောက် လိုနေပါတယ်။ ဆရာဝန်တွေဟာ လစာ အကောင်းဆုံး ရကြသူတွေ ဖြစ်ပြီး တနှစ်ကို ယူရို ၄၉၀၀၀ (US$ ၆၃၇၄၁) လောက် ရကြပါတယ်။

နယူးဇီလန်ကတော့ အထွထွေကု ဆရာဝန်တွေ အပါအဝင် မေ့ဆေးဆရာဝန်တွေ၊ ခွဲစိတ်ကု တွေ ပါ အထူးကု တွေလည်း ၁၀ မျိုးလောက် လိုနေပါတယ်။

ယူကေကတော့ ကလေးအထူးကု၊ သားဖွားမီးယပ် အထူးကုတွေ နဲ့ သွေးဗေဒပညာရှင်တွေ၊ မှုခင်း စိတ်ပညာဆရာဝန်တွေလို အထူးကုတွေလည်း လိုနေပါတယ်။

ဆရာဝန် တယောက်ဟာ ကမ္ဘာပေါ်က အနဲဆုံး နိုင်ငံ ၁၈ နိုင်ငံမှာ အလုပ်ရ နိုင်ပါတယ်။ တခြားလူတွေ အကြောင်း လေ့လာကြည့်ပါ။

လျှပ်စစ် အင်္ဂျင်နီယာ

လျှပ်စစ် အင်္ဂျင်နီယာတွေနဲ့ ကျွမ်းကျင်သူတွေကို စွမ်းအင်နဲ့ ဆောက်လုပ်ရေး ကဏ္ဍတွေက အထူးလိုအပ်နေပါတယ်။

သြစတီးယားကတော့ စွမ်းအင်၊ ဆောက်လုပ်ရေး နဲ့ ကားထုတ်လုပ်ရေး လုပ်ငန်းတွေ အတွက် အင်္ဂျင်နီယာနဲ့ ပညာရှင်တွေ လိုနေပါတယ်။

ဟန်ဂေရီမှာတော့ လျှပ်စစ် အင်္ဂျင်နီယာတွေဟာ နိုင်ငံထဲမှာ အလိုအပ်ဆုံး အလုပ်အကိုင် ၁၀ မျိုးထဲမှာ အပါအဝင် ဖြစ်ပါတယ်။

စင်္ကာပူမှာ ဓာတုနဲ့ ဇီဝ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်း၊ လေကြောင်း လုပ်ငန်း နဲ့ ကမ်းလွန် စက်မှု လုပ်ငန်းတွေ အတွက် လျှပ်စစ် အင်္ဂျင်နီယာတွေ လို နေပါတယ်။

ယူကေမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ စွမ်းအင် ဖြန့်ဖြူးရေး လုပ်ငန်းတွေ အတွက် လျှပ်စစ် အင်္ဂျင်နီယာတွေ လိုနေပါတယ်။ ဘွဲ့ရပြီးစ တယောက်အတွက် လစာကတော့ တနှစ်ကို £၂၃၀၀၀ (US$ ၃၆၈၅၀) လောက် စ ရတတ်ပါတယ်။

လျှပ်စစ် အင်္ဂျင်နီယာ တယောက်ဟာ ကမ္ဘာပေါ်က အနဲဆုံး နိုင်ငံ ၁၈ နိုင်ငံမှာ အလုပ်ရ နိုင်ပါတယ်။ သင်ရော ဘယ်လိုလဲ။

IT ပညာရှင် နှင့် ပရိုဂရမ်မာများ

ဒီ ပညာရှင်တွေက ဆော့ဖ်ဝဲယား ပရိုဂရမ်တွေကို သုတေသနပြု၊ ဖန်တီးရေးသား ပေးကြပါတယ်။

သြစတီးယားရဲ့ လိုအပ်ချက်တွေအထဲမှာ ဆော့ဖ်ဝဲ ပရိုဂရမ်မာ တွေနဲ့ မာလ်တီမီဒီယာ အင်တာနက် ကျွမ်းကျင်သူ ၁၅ မျိုးလောက် ပါဝင်နေပါတယ် ။

နယူးဇီလန်မှာတော့ အင်တာနက် ဆော့ဖ်ဝဲ ရေးသူနဲ့ ပရိုဂရမ်မာ မျိုးစုံ ကိုး မျိုးလောက် လိုနေပါတယ်။

စင်္ကာပူမှာ ပရိုဂရမ်မာ တွေ အများကြီး လိုနေသလို ဂိမ်း မျိုးစုံအတွက်လည်း ကျွမ်းကျင်သူ ပညာရှင်တွေ လိုနေပါတယ်။

ဆော့ဖ်ဝဲ ပရိုဂရမ်မာတွေ လိုနေတဲ့ ယူကေမှာတော့ ကာတွန်းရုပ်ရှင်တွေ၊ အထူးပြုဖန်တီးချက်တွေ ရေးနိုင်တဲ့ shader writer တွေလည်း လိုနေပါတယ်၊ ကနဦး လစာက တနှစ်ကို £ ၃၁၀၀၀ (US$ ၄၉၆၆၄) လောက် ရတတ်ပါတယ်။

IT ပညာရှင် တယောက်ဟာ အနဲဆုံး နိုင်ငံ ၁၈ နိုင်ငံမှာ အလုပ်ရ နိုင်ပါတယ်။ တခြားအလုပ်အကိုင်တွေ အကြောင်းကြည့်ပါ။

IT အင်္ဂျင်နီယာ နဲ့ နည်းပညာ ခွဲခြမ်းစိတ်ဖြာ လေ့လာသူများ

IT အင်္ဂျင်နီယာ နဲ့ နည်းပညာ ခွဲခြမ်းစိတ်ဖြာ လေ့လာသူတွေကို IT ကျွမ်းကျင်သူတွေလိုနေတဲ့ နိုင်ငံတွေက ခေါ်ယူချင်ပါတယ်။ ဒီအထဲမှာ ဆက်သွယ်ရေး အင်္ဂျင်နီယာတွေလည်း ပါပါတယ်။

သြစတီးယားကတော့ အိုင်တီ အင်္ဂျင်နီယာတွေနဲ့ ပိုင်းခြားစိတ်ဖြာ ပညာရှင်တွေ အနဲဆုံး ကိုးမျိုးလောက် လိုနေပါတယ်။

လူဇင်ဘတ်နိုင်ငံမှာလည်း အိုင်တီ ပညာရှင်တွေ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း နှစ်ဆကျော် ပိုလိုလာပါတယ်။

နယူးဇီလန်မှာ ကဏ္ဍမျိုးစုံအတွက် အိုင်တီ ကျွမ်းကျင်သူ အမျိုးပေါင်း ၁၂ မျိုးလောက်လိုနေပါတယ်။ လုပ်ငန်းအတွ့အကြုံ ၅ နှစ်လောက်ရှိတဲ့ သူ တယောက်ဟာ လစာ တနှစ်ကို US$ ၆၁၆၉၉ လောက် စ ရနိုင်ပါတယ်။

ယူကေမှာတော့ စစ္စတမ်အင်္ဂျင်နီယာ တယောက်ဟာ တနှစ်ကို US$ ၆၆၉၉၃ လောက် ရကြပါတယ်။

ကမ္ဘာပေါ်မှာ အနဲဆုံး နိုင်ငံ ၁၈ နိုင်ငံက IT အင်္ဂျင်နီယာ နဲ့ နည်းပညာ ခွဲခြမ်းစိတ်ဖြာ လေ့လာသူများကို ခေါ်ယူချင် နေပါတယ်။

မြို့ပြ အင်္ဂျင်နီယာ

မြို့ပြ အင်္ဂျင်နီယာတွေအထဲမှာ ဘူမိနည်းပညာ ကျွမ်းကျင်သူတွေက ပိုအလုပ်ရနိုင်ပါတယ်။ ဒီ လိုပညာရှင်တွေ လိုနေတဲ့ နိုင်ငံ ၁၇ နိုင်ငံအထဲမှာ အနဲဆုံး ၈ နိုင်ငံမှာ သူတို့ အလုပ်ရနိုင်ပါတယ်။

အားကစားပြိုင်ပွဲကြီးတွေကို မှီပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း တိုးတက်လာလို့ နို်ငံခြားက ဘူမိနည်းပညာနဲ့ မြို့ပြအင်္ဂျင်နီယာ ကျွမ်းကျင်သူတွေ နိုင်ငံထဲကို ပိုပြီး ဝင်လာ အလုပ်လုပ်နေကြပါတယ်။

ဂျာမနီမှာ မြို့ပြ အင်္ဂျင်နီယာတယောက်ရဲ့ လစာက တနှစ်ကို US$ ၄၆၀၀၀ က ၅၈၀၀၀ အတွင်းရ ကြပါတယ်။

အိန္ဒိယက ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ တနှစ်ကို လုပ်သား ခြောက်သန်းလောက် လိုတယ် ပြီး အဲဒီထဲမှာ ပညာရှင်တွေလည်း အများကြီး လိုတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ယူကေမှာ ဘွဲ့ရပြီးစ မြို့ပြ အင်္ဂျင်နီယာတယောက်ဟာ လစာ တနှစ်ကို US$ ၃၃၃၄၅ ရနိုင်ပြီး ကုမ္ပဏီအကြီးအကဲ ဖြစ်လာရင် လစာ US$ ၁၁၂၀၀၀ အထိ ရနိုင်ပါတယ်။

မြို့ပြ အင်္ဂျင်နီယာတွေကို အနဲဆုံး နိုင်ငံ ၁၇ နိုင်ငံမှာ အလိုရှိနေပါတယ်။ တခြား အလုပ်အကိုင်တွေ အကြောင်းလဲ လေ့လာကြည့်ပါ။

IT အချက်အလက် နဲ့ နက်ဝပ် ကျွမ်းကျင်သူများ

ဒီ ပညာရှင်တွေကတော့ သတင်းအချက်အလက် ဒေတာတွေ စုဆောင်း သိုမှီးတဲ့ ပုံစံ၊ နက်ဝပ်ချိတ်ဆက်ခြင်းနဲ့ ကွန်ပြူတာ အလုပ်လုပ်တဲ့ စနစ်တွေကို တည်ဆောက်ပေးတာ လုပ်ကြပါတယ်။

သြစတီးယားမှာတော့ အီလက်ထရောနစ် ဒေတာ စုဆောင်း တွက်ချက် ခန့်ခွဲတဲ့ ကျွမ်းကျင်သူတွေဟာ အလိုအပ်ဆုံး ကျွမ်းကျင်လုပ်သားတွေ အထဲမှာ ထိပ်ဆုံးက ပါပါတယ်။

နယူးဇီလန်မှာ ဒေတာစီမံခန့်ခွဲမှု ကျွမ်းကျင်သူ တယောက်ဟာ လစာ US$ ၃၇၀၀၀ က ၄၉၀၀၀ အထိ ရပါတယ်။

မော်စကိုနားက အဆင့်မြင့် နည်းပညာ စီးပွားရေးဇုံ မှာတော့ အိုင်တီ ကျွမ်းကျင်သူတွေ အများအပြားလိုနေပါတယ်။ ဒါကြောင့် အဲဒီမှာ လာအလုပ်လုပ်သူတွေဟာ ပြည်ဝင်ခွင့် စည်းမျဉ်းတွေ လျှော့ပေါ့ပေးခံရပါတယ်။

အနဲဆုံး ၁၃ နိုင်ငံမှာ IT အချက်အလက် နဲ့ နက်ဝပ် ကျွမ်းကျင်သူတွေ လိုနေပါတယ်။ တခြား အလုပ်အကိုင်တွေအကြောင်းကြည့်ပါ။

စာရင်းကိုင်

စာရင်းကိုင်တွေ လိုနေတဲ့ နိုင်ငံတွေအထဲမှာ မကြာခင်က ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အိုင်ယာလန်နဲ့ ဂရိ တို့လည်း ပါနေပါတယ်။

ဂရိမှာတော့ ကျွမ်းကျင်သူတွေ အဓိက လိုနေတာက တိုင်းပြည်ရဲ့ ဘဏ္ဍာရေး ကဏ္ဍမှာပါ။

စီးပွားရေး အကြပ်အတည်းဆိုးဆိုးဝါးဝါး ခံလိုက်ရတဲ့ အိုင်ယာလန်မှာလည်း ငွေကြေးစျေးကွက် ကျွမ်းကျင်သူတွေ၊ စီးပွားရေး အလားအလာ တွက်ချက်တတ်သူတွေနဲ့ အခွန် ကျွမ်းကျင်သူတွေ လိုနေပါတယ်။

သုံးနှစ်က ငါးနှစ်အထိ လုပ်သက်ရှိတဲ့ စာရင်းကိုင်တယောက်ဟာ စင်္ကာပူမှာ တနှစ် လစာ US$ ၄၈၇၅၇ က ၆၁၀၀၀ အထိ ရနိုင်ပါတယ်။

အရည်အချင်းပြည့်တဲ့ စာရင်းကိုင်တွေဟာ အနဲဆုံး ၁၁ နိုင်ငံမှာ အလုပ်ရနိုင်ပါတယ်။ တခြားအလုပ်အကိုင်တွေ အကြောင်း ကြည့်ပါ။

သွားဆရာဝန်

စကင်ဒီနေးဗီးယားနိုင်ငံတွ အားလုံးနဲ့ ဖင်လန်က သူတို့ဆီမှာ အရည်အချင်းပြည့်ပြီး အတွေ့အကြုံရှိတဲ့ သွားဆရာဝန်တွေ လိုနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယ ကျေးလက်တွေမှာ သွားဆရာဝန် လိုအပ်မှုဟာ ၂၀၁၂ စာရင်းတွေ အရ ၅၈ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ဆွီဒင်မှာ သွားဆရာဝန်တယောက်ရဲ့ တနှစ် ပျမ်းမျှ လစာက US$ ၇၈၈၂၆ ရှိပါတယ်။

သွားဆရာဝန်တွေဟာ ကမ္ဘာပေါ်မှာ အလိုနေဆုံး အလုပ်တွေထဲက တခု ဖြစ်ပါတယ်။ သင်ရော ဘယ်လိုလဲ။

ဆေးဖက်ပညာသည်များ

အရည်အချင်းပြည့်တဲ့ ဆေးဖက်ပညာသည်တွေကို ဆေးရုံတွေနဲ့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတွေမှာ သုတေသနဖက်နဲ့ ဆေးဝါး ထုတ်ပေးရေး အပိုင်းတွေမှာ လိုနေပါတယ်။

တနှစ်က ငါးနှစ်အထိ လုပ်သက်ရှိတဲ့ ဆေးဝါးပညာရှင် တယောက်ဟာ နယူးဇီလန်မှာ တနှစ်ကို လစာ US$ ၅၇၅၇၉ က ၆၅၈၁၀ အထိ ရနိုင်ပါတယ်။

ဆေးဖက်ပညာသည်တွေဟာ ကမ္ဘာပေါ်မှာ အလိုအပ်ဆုံး အထဲမှာ ပါနေပါတယ်။ တခြား အလုပ်အကိုင်တွေ အကြောင်းကြည့်ပါ။

စက်မှုနဲ့ ကုန်ထုတ် အင်္ဂျင်နီယာ

စက်မှုနဲ့ ကုန်ထုတ် အင်္ဂျင်နီယာတွေက စက်ရုံ အလုပ်ရုံတွေ ပုံစံထုတ်ပေးတာ၊ လည်ပတ်နိုင်အောင် ကြီးကြပ်ပေးတာ နဲ့ ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ပေးပါတယ်။

စင်္ကာပူမှာ လေကြောင်းဖက်ဆိုင်ရာ၊ ရေ နဲ့ ကမ်းလွန် စက်မှုလုပ်ငန်းတွေအတွက် အင်္ဂျင်နီယာတွေ လိုနေပါတယ်။

ယူကေမှာလည်း လေကြောင်းဆိုင်ရာ ကုတ်ထုတ်လုပ်ငန်း ကျွမ်းကျင်သူ အင်္ဂျင်နီယာတွေ လိုနေပါတယ်။

စက်မှုနဲ့ ကုန်ထုတ် အင်္ဂျင်နီယာတွေေဟာ အနဲဆုံး နိုင်ငံ ၉ နိုင်ငံမှာ အလုပ်တွေ ရ နိုင်ပါတယ်။ သင်ရော ဘယ်လိုလဲ။

လျှပ်စစ် အင်္ဂျင်နီယာ

အီလက်ထရောနစ် ပစ္စည်းတွေ ပုံစံထုတ်၊ တည်ဆောက် ထုတ်လုပ်နိုင်ဖို့ ကျွမ်းကျင်သူတွေ အနဲဆုံး ၈ နိုင်ငံမှာ လိုနေပါတယ်။

နယူးဇီလန်မှာ အီလက်ထရောနစ် အင်္ဂျင်နီယာ တယောက်ဟာ လစာ US$ ၂၄၆၉၆ က စ ရနိုင်ပါတယ်။ အတွေ့အကြုံရှိပြီးသား သူ တယောက်ကတော့ တနှစ်ကို US$ ၈၂၃၂၇ အထိ ရနိုင်ပါတယ်။

လျှပ်စစ် အင်္ဂျင်နီယာတွေဟာ အလိုအပ်ဆုံး အလုပ်အကိုင် ၂၀ အထဲမှာ ပါနေပါတယ်။ တခြား အလုပ်အကိုင်တွေအကြောင်း ကြည့်ပါ။

ဓာတု အင်္ဂျင်နီယာ

ဓာတု အင်္ဂျင်နီယာတွေကို ကုန်ပစ္စည်း ထုတ်လုပ်ရေး၊ ရေသန့်စင်ရေး နဲ့ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ငန်းတွေမှာ လိုအပ်ပါတယ်။

နယူးဇီလန်မှာ ဓာတု အင်္ဂျင်နီယာတယောက် တနှစ်ကို US$ ၄၁၀၀၀ က ၈၂၀၀၀ အထိ လစာ ရကြပါတယ်။

စင်္ကာပူမှာ ဓာတု အင်္ဂျင်နီယာတယောက်ရဲ့ လစာက US$ ၂၈၀၀၀ က စတတ်ပါတယ်။

ဓာတု အင်္ဂျင်နီယာတွေဟာ အလိုအပ်ဆုံး အလုပ်အကိုင် ၂၀ အထဲမှာ ပါနေပါတယ်။ တခြား အလုပ်အကိုင်တွေ အကြောင်းကြည့်ပါ။

သတ္တုနဲ့ ရေနံ အင်္ဂျင်နီယာ

သတ္တု၊ တွင်းထွက်၊ ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းတွေမှာ ကျွမ်းကျင်တဲ့ အင်္ဂျင်နီယာတွေကို ဘရာဇီးလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အများကြီး လိုနေပါတယ်။

ဘရာဇီးမှာ ရေနံတွင်း အသစ်တွေ တွေ့လာရပြီးတဲ့နောက် သတ္တုနဲ့ ရေနံ အင်္ဂျင်နီယာ လိုအပ်ချက်တါေလည်း တဟုန်ထိုးတက်လာခဲ့ပါတယ်။

ယူကေက လိုအပ်နေတဲ့ အလုပ်တွေထဲမှာ ရေနံ နဲ့ သတ္တုတွင်း အင်္ဂျင်နီယာ အမျိုး အစား ၁၀ မျိုးလောက် ပါဝင်လာပါတယ်။

သတ္တုနဲ့ ရေနံ အင်္ဂျင်နီယာတွေဟာ အလိုအပ်ဆုံး အလုပ်အကိုင် ၂၀ အထဲမှာ ပါပါတယ်။ တခြား အလုပ်အကိုင်တွေ အကြောင်းကြည့်ပါ။

လေ့ကျင့်ခန်းနဲ့ ကုသသူ

လေ့ကျင့်ခန်းနဲ့ ကုသသူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ အလိုအရှိခံရဆုံး ပညာရှင်တွေထဲမှာ ပါကြပါတယ်။

သြစတြေးလျမှာတော့ ဆေးကုသမှု အတွေ့အကြုံရှီတဲ့ လေ့ကျင့်ခန်းနဲ့ ကုသသူ ပညာရှင်တယောက်ဟာ တနှစ်ကို လစာ US$ ၅၉၅၀၀ က ၈၃၆၀၀ အထိ ရနိုင်ပါတယ်။

အမေရိကန် အလုပ်သမားဌာနရဲ့ စာရင်းတွေ အရ ၂၀၂၀ ခု ရောက်ရင် လေ့ကျင့်ခန်းနဲ့ ကုသပေးသူ ပညာရှင် လိုအပ်ချက်ဟာ ၃၉ ရာခိုင်နှုန်းအထိ တိုးလာမယ်လို့ ဆိုပါတယ်။ ဒါ ဟာ တခြား လုပ်ငန်းလိုအပ်ချက်တွေထက် များနေပါတယ်။

တွေဟာ ကမ္ဘာပေါ်မှာ အလိုအပ်ဆုံး အလုပ်အကိုင် ၂၀ အထဲမှာ ပါနေပါတယ်။ တခြား အလုပ်အကိုင်တွေအကြောင်း လေ့လာကြည့်ပါ။

စိတ်ပညာရှင်

ဒီ အလုပ်အတွက် အလိုရှိနေတဲ့ နိုင်ငံတွေ အားလုံးကတော့ နိုင်ငံခြားသား ပညာရှင်ဟာ အနဲဆုံး မဟာဘွဲ့ ရထားသူ ဖြစ်စေချင်ပါတယ်။

နယူးဇီလန်မှာ ဆေးဖက်နဲ့ သင်ကြားရေးဖက် ဆိုင်ရာ စိတ်ပညာရှင်တွေ လိုအပ်နေပါတယ်။ သုံးနှစ်က ဆယ်နှစ်အထိ လုပ်ငန်း အတွေ့အကြုံ ရျိသူတွေဟာ တနှစ်ကို လစာ US$ ၅၀၄၀၀ က ၈၀၂၀၀ အထိ ရကြပါတယ်။

ဆွီဒင်မှာ စိတ်ပညာရှင်တယောက်ဟာ တနှစ်ကို US$ ၆၀၅၀၀ လောက် ရပါတယ်။

စိတ်ပညာရှင်တွေဟာ အလိုအပ်ဆုံး အလုပ်အကိုင် ၂၀ အထဲမှာ ပါနေပါတယ်။ တခြား အလုပ်အကိုင်တွေ အကြောင်းကြည့်ပါ။

ဓာတ်မှန် ရိုက်သူ

ဓာတ်မှန် ရိုက်သူလို ဆေးဖက် ပညာရှင်တွေကို နိုင်ငံတော်တော်များများက ဓာတ်ခွဲခန်းတွေမှာ ရောဂါရှာဖွေရေး အတွက် ပိုပြီး လိုအပ်နေပါတယ်။

ယူကေမှာ ဓာတ်မှန်သမားတယောက်ဟာ US$၃၃၂၂၀ လောက်ရပြီး ရောဂါရှာဖွေရေး ပညာရှင်ဓာတ်မှန် သမားတယောက်ကတော့ US$ ၇၁၀၀၀ အထိ ရပါတယ်။

ဓာတ်မှန်ရိုက်သူတွေဟာ ကမ္ဘာပေါ်မှာ အလိုအပ်ဆုံး အလုပ်အကိုင် ၂၀ အထဲမှာ ပါနေပါတယ်။ တခြား အလုပ်အကိုင်တွေ အကြောင်း လေ့လာကြည့်

စကားပြော ကုသပေးသူနဲ့ အသံပညာရှင်

အသံ ပညာရှင်တွေဟာ အကြားအာရုံ ချွတ်ယွင်းလို့ စကားနဲ့ ဆက်သွယ်မှု မလုပ်နိုင်သူတွေကို စမ်းသပ်ပြီး ပြုပြင် ကုသပေးကြပါတယ်။

နယူးဇီလန်မှာ အသံပြုပြင်ရေး ပညာရှင်တယောက်ဟာ တနှစ်ကို US$၃၇၂၀၀ က ၉၁၀၀၀ အထိ ရနိုင်ပါတယ်။ စကားပြော ပြုပြင်ရေး ပညာရှင်တယောက်ကတော့ တနှစ်ကို US$၆၂၀၀၀ အထိ ရကြပါတယ်။

စကားပြော ကုသပေးသူနဲ့ အသံပညာရှင်တွေကို အနဲဆုံး နိုင်ငံ ၅ နိုင်ငံက လိုချင်နေကြပါတယ်။ သင်ရော ဘယ်လိုလဲ။

စားဖိုမှူး

ငါးနှစ်လောက် လုပ်ငန်း အတွေ့အကြုံရှိတဲ့ စားဖိုမှူးတွေ သူတို့ဆီမှာ လိုနေတယ်လို့ အနဲဆုံး နိုင်ငံ ၅ နိုင်ငံက ဆိုပါတယ်။

နယူးဇီလန်မှာ စားဖိုမှူးတဦးဟာ တနာရီကို US$ ၁၃.၂၀ က ၂၂.၃၃ အထိ ရကြပါတယ်။

ယူကေမှာတော့ ထိပ်တန်းစားဖိုမှူးတွေပဲ အလုပ်ခေါ်ပါတယ်။ ဒီလို စားဖိုမှူးတွေဟာ အမြန်စားစရာတွေ ရောင်းတဲ့ ဆိုင်မျိုးတွေမှာ အလုပ်လုပ်လို့မရပဲ စားသောက်ဆိုင်ကြီးတွေမှာပဲ အလုပ်လုပ်ကြရပါတယ်။

စားဖိုမှူးတွေဟာ ကမ္ဘာပေါ်မှာ အလိုအပ်ဆုံး အလုပ်အကိုင် ၂၀ အထဲမှာ ပါနေပါတယ်။ တခြား အလုပ်အကိုင်တွေအကြောင်း လေ့လာကြည့်ပါ။

သြစတြေးလျ

သြစတြေးလျဟာ စွမ်းရည် ပြည့် နိုင်ငံခြားသား လုပ်သားတွေ အများအပြား ရနိုင်ရေးအတွက် အမှတ်ပေးစနစ်နဲ့ စီမံကိန်းတွေကို စကျင့်သုံးတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ သြစတြေးလျ နိုင်ငံရဲ့ နေရာအတော်များများ အထူးသဖြင့် အဓိက မြို့ကြီးတွေရဲ့ ပြင်ပမှာ နိုင်ငံခြားသား သက်မွေးဝမ်းကြောင်း ပညာရှင်တွေ လိုအပ်နေမှုကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သြစတြေးလျ အစိုးရက ပိုစိစစ်တဲ့ ပေါ်လစီကို မကြာသေးခင်က စကျင့်သုံးခဲ့ပါတယ်။ အဲဒီ ပေါ်လစီအရ ဗီဇာ စနစ် အမျိုးအစားတွေကို တဝက် လျှော့ချလိုက်ပြီး စွမ်းရည်နဲ့ အတွေ့အကြုံ ပိုရှိသူ၊ အင်္ဂလိပ်စာပိုကောင်းသူ၊ အရည်အချင်းပိုမြင့်သူတွေကို ရွေးတဲ့ အမှတ်ပေး စနစ် ကို ပြင်ဆင် ကျင့်သုံးခဲ့ပါတယ်။

US$ ၄၄၉၈၃

သြစတီးယား

၂၀၀၄ ခုနှစ်မှာ ဥရောပ သမဂ္ဂ ထဲဝင်ရောက်လာတဲ့ နိုင်ငံတွေဟာ လွတ်လွတ်လပ်လပ် ရွှေ့ပြောင်း သွားလာခွင့် ရလာပြီးနောက် အဲဒီနိုင်ငံတွေကနေ ရွှေ့ပြောင်းလာသူ အရေ အတွက်ဟာ နှိုင်းယှဉ်ကြည့်ရင် ပိုမို များပြားလာပါတယ်။ အလုပ်အကိုင်တွေဟာလည်း ဒေသခံတွေထက် ရွှေ့ပြောင်းနေထိုင် သူတွေအတွက် ပိုများလာတယ်လို့ OEDC ရဲ့ ကိန်းဂဏန်း အရ သိရပါတယ်။ သြစတြီးယား နိုင်ငံက ၂၀၁၂ ခုနှစ်က စပြီး ကျွမ်းကျင် လုပ်သားကို အမှတ်ပေးစနစ် အသုံးပြုရွေးချယ် လာပါတယ်။ ကဒ်နှစ်မျိုး ထုတ်ပေးပါတယ်။ ဖြူနီဖြူ ကဒ်ရသူဟာ နေထိုင်ခွင့်နဲ့ သတ်မှတ်ထားတဲ့ အလုပ်တချို့မှာ လုပ်ကိုင်ခွင့်ရပါတယ်။ နောက်တမျိုးကတော့ ဖြူနီဖြူ ကဒ်အပြင် နေထိုင်ခွင့်နဲ့ လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့် ရပါတယ်။

US$ ၄၃၅၅၅

ဘယ်လ်ဂျီယံ

ဘယ်လ်ဂျီယံ ကတော့ OECD နိုင်ငံတွေအထဲမှာ လူဝင်မှု စည်းမျဉ်းတွေ အလျှော့ပေါ့ဆုံး နိုင်ငံတခုဖြစ်ပါတယ်။ နိုင်ငံထဲက ပြည်နယ်တခုစီမှာ လိုအပ်နေတဲ့ အလုပ်အမျိုးအစားကို စာရင်းပြုစုပြီး တနိုင်ငံလုံးအတွက် စာရင်းရယူပါတယ်။ အဲဒီ လိုအပ်နေတဲ့ အလုပ်တွေ လုပ်နိုင်သူ အတွက် အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့်ရဖို့ လွယ်ကူပါတယ်။ အဆင့်မြင့်နည်းပညာလိုအပ်တဲ့ နယ်ပယ်မှာ နိုင်ငံခြားသားတွေ အလုပ်များပြီး ကျွမ်းကျင်မှု စွမ်းရည်နဲတဲ့ အလုပ်တွေမှာတော့ လူဝင်မှု စည်းမျဉ်းကန့်သတ်ချက် သိတ်မလိုတဲ့ အီးယူနိုင်ငံတွေက လာ အလုပ်များကြပါတယ်။

US$ ၄၄၃၆၄

ဘရာဇီး

ဘရာဇီးကတော့ သူ့ နိုင်ငံထဲက ကုမ္ပဏီတွေက ဘယ်လို လုပ်သား မျိုး လိုနေသလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး နို်ငံခြားသား အလုပ်သမားတွေနဲ့ ဆိုင်တဲ့ မူဝါဒတွေကို ချမှတ်ပါတယ်။ မဟာနဲ့ ဒေါက်တာဘွဲ့ရသူတွေဟာာသူတို့ ဘွဲ့နဲ့ဆိုင်တဲ့ အရည်အချင်းတွေ ရှိကြောင်း ပြနိုင်ဖို့ပဲ လိုပါတယ်။ စီးပွားရေးတက်လာနေတာနဲ့ အမျှ ပြည်တွင်းမှာတော့ အိုင်တီနဲ့ စက်မှု အင်္ဂျင်နီယာ အပိုင်းတွေမှာ လုပ်သားတွေ လိုလာပါတယ်။ ဒါကြောင့် လိုနေတဲ့ ကဏ္ဍတါေမှာ နိုင်ငံခြားသား လုပ်သားတွေ ခေါ်နိုင်မယ့် မူဝါဒတွေ ချဖို့ အစိုးရအဖွဲ့အတွင်းဆွေးနွေးမှုတွေလည်း ရှိလာနေပါတယ်။

US$ ၉၃၃၆

ကနေဒါ

လုပ်သားလိုလာတာနဲ့ အမျှ လာ အလုပ်လုပ်သူတွေလည်း တိုးလာနေပါတယ်။ ဒါပေမယ့် အစိုးရကတော့ လိုအပ်တဲ့ ကဏ္ဍတွေမှာ ဖြည့်နိုင်မယ့် စွမ်းရည်ရှိသူမျိုးပဲ ခေါ်နိုင်ဖို့ မူတွေ ချလာပါတယ်။ အခုလောလောဆယ်မှာ အစိုးရက အလုပ်ခေါ်စာ ရမထားတဲ့ လူတွေကို ပြည်ဝင်ခွင့်ထုတ်ပေးခြင်းကို ယာယီရပ်ထားပါတယ်။ တဖက်မှာတော့ ပြည်ဝင်ခွင့်ဆိုင်ရာ လုပ်ငန်းတွေကို မြန်ဆန် သွက်လက်ပြီး လျှောက်လွှာတွေ ကြန့်ကြာနေတာ မဖြစ်အောင်လည်း အစိုးရက စီစဉ်လုပ်ကိုင်လာပါတယ်။

US$ ၄၂၂၅၃

တရုတ် (ဟောင်ကောင်)

၂၀၀၆ ခုနှစ်မှာ ဟောင်ကောင်ဟာ ကျွမ်းကျင်လုပ်သားတွေ အတွက် အမှတ် စနစ်ကို စ ကျင့်သုံးပြီး နှစ်စဉ် ကျွမ်းကျင်လုပ်သား ၂၀၀၀၀ ကျော် ခေါ်ယူခဲ့ပါတယ်။ ဟောင်ကောင်မှာ နို်ငံအတွင်း လိုအပ်နေတဲ့ အရည်အချင်း စာရင်းရယ်လို့ သီးခြားမရှိပေမယ့် အိုင်တီ၊ ကျန်းမာရေးနဲ့ စက်မှု အင်္ဂျင်နီယာ အပိုင်းတွေမှာ ၂၀၁၈ ခုနှစ်အထိ အလုပ်သမားတွေ လိုနေဦးမယ်လို့ မှန်းထားပါတယ်။ တရုတ်မှာလည်း နိုင်ငံခြားက ကျွမ်းကျင်လုပ်သားတွေ ခေါ်ယူရေးနဲ့ ပတ်သက်ပြီး တရားဝင်မူချထားတာ မရှိပါဘူး၊ လောလောဆယ်တော့ ပညာရှင်တယောက်ဟာ သူ့အပိုင်းမှာ ကျွမ်းကျင်ရင် အလုပ်ရနိုင်ပါတယ်။ အစိုးရကတော့ သူ့နိုင်ငံသားတွေ နိုင်ငံခြားက ပြန်လာပြီး အလုပ်လုပ်တာမျိုးကို ပိုတွေ့ချင်ပုံရပါတယ်။

US$ ၁၈၅၄၀

ချက် သမ္မတနိုင်ငံ

ချက်မှာတော့ ၂၀၀၈ ကစလို့ လာ အလုပ်လုပ်သူတွေ တိုးလာနေပါတယ်။ ၂၀၀၃ ခုနှစ်က စ ကျင့်သုံးခဲ့တဲ့ စွမ်းရည်ပြည့် အလုပ်သမားတွေ ခေါ်ယူရေး အစီအစဉ် ၂၀၁၀ မှာ ရပ်သွားပေမယ့် ဉရောပ အပြင်ဖက်က အလုပ်သမားတွေ ခေါ်ယူနိုင်ရေးအတွက် ဥရောပ အပြာကဒ် နဲ့ အစိမ်းကဒ် စနစ်တွေကို စကျင့်သုံးလာခဲ့ပါတယ်။ ချက်နိုင်ငံအတွင်းမှာ နိုင်ငံသားနဲ့ အီးယူ နိုင်ငံသားတွေ နဲ့ မဖြည့်နိုင်တဲ့ အလုပ်တွေရှိရင် နိုင်ငံခြားသားတွေ လာ လုပ်နိုင်အောင် လုပ်သားစျေးကွက်ကိုလည်း ပိုပြီး ဖွင့်ပေးလာပါတယ်။

US$ 19630

ဒိန်းမတ်

ဒိန်းမတ်ဟာ လိုအပ်နေတဲ့ သက်မွေးပညာရှင်တွေ နိုင်ငံထဲ ဝင်လာနိုင်ရေး လွယ်ကူ ချောမွေ့အောင်လုပ်ပေးတဲ့ အပြုသဘော စာရင်းလို့ခေါ်တဲ့ စာရင်းဇယားတခုကို ၂၀၀၈ ခုနှစ်မှာ စတင် ကျင့်သုံးခဲ့ပါတယ်။ အလုပ်လိုချင်သူ စွမ်းရည်ပြည့်မှီ နိုင်ငံခြားသား လုပ်သားတွေကို နေထိုင်ခွင့် အစိမ်းကဒ် ပေးတဲ့ အမှတ်ပေးစနစ်တခုကိုလည်း ကျင့်သုံးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အစိုးရသစ်က နိုင်ငံ ရွှေ့ပြောင်း အခြေစိုက်နေထိုင်လာသူတွေနဲ့ ပတ်သက်တဲ့ ပေါ်လစီကို ပြင်ဆင်ရေးဆွဲကြောင်း ကြေညာခဲ့ပါတယ်။ အမြဲတမ်း နေထိုင်ခွင့် ရဘို့အတွက် ဒိန်းမတ်နိုင်ငံမှာ အနည်းဆုံး ၅နှစ် နေထိုင်သူ ဖြစ်ရမယ်။ ၃နှစ် အချိန်ပြည့် အလုပ်လုပ်သူ ဖြစ်ရမယ်။ ငွေကြေးအရ ကိုယ့်ကိုကိုယ် ထောက်ပံ့နိုင်စွမ်း ရှိရမယ်။ ဘာသာစကား စာမေးပွ ဖြေဆိုအောင်မြင်သူ ဖြစ်ရမယ် ဆိုတဲ့ အချက်၄ချက်နဲ့ ပြည့်မှီရမှာ ဖြစ်ပါတယ်။

US$ ၄၅၅၆၀

ဖင်လန်

ဖင်လန်ဟာ အရည်အချင်း မြင့်တဲ့ အလုပ်တွေမှာ အနည်းဆုံး လုပ်သက် တနှစ်လုပ်ဖူးတဲ့ ဥရောပ သမဂ္ဂ ပြင်ပ နိုင်ငံက စွမ်းရည်မြင့် ရွှေ့ပြောင်း အလုပ်သမားတွေကို နိုင်ငံမှာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ပြုတဲ့ အီးယူ အပြာကဒ် ညွှန်ကြားချက်ကို ၂၀၁၂ခုနှစ် ဇန္နဝါရီလက ထုတ်ပြန် အကောင်အထည်ဖေါ်ခဲ့ပါတယ်။ အပြာကဒ်ဟာ ပျမ်းမျှ လစာထက် ပိုမြင့်တဲ့ အလုပ်တွေပေါ်မှာတော့ အကန့်အသတ်နဲ့ ခွင့်ပြုထားပါတယ်။ ဖင်လန်ဟာ နိုင်ငံမှာ အလယ်အလတ်နဲ့ မြင့်မားစွာ လိုအပ်နေတဲ့ အလုပ်သမား အမျိုးအစား စာရင်းကိုလည်း သတ်မှတ်ထားရှိပါတယ်။

US$ ၃၆၆၇၆

ပြင်သစ်

ပြင်သစ်ဟာ ၂၀၁၁ခုနှစ်မှာ အီးယူ အပြာကဒ် ညွှန်ကြားချက်ကို စကျင့်သုံးခဲ့ပြီး လိုအပ်နေတဲ့ အလုပ်အမျိုးအစား အရေအတွက်ကို ၃၀ကနေ ၁၄ အထိ လျှော့ချခဲ့ပါတယ်။ ဒါ့အပြင် ပိုတင်းကြပ်တဲ့ စည်းမျဉ်း ချမှတ်ပြီး ပညာအရည်အချင်း ပိုမြင့်သူတွေကို နိုင်ငံထဲမှာ နေနိုင်အောင်နဲ့ ယာယီ အလုပ်သမားတွေ အဖြစ် အလုပ်အတွေ့အကြုံတွေ ရနိုင်အောင် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်ဟာ ကွန်ဂို၊ ဘီနင်၊ ဘူကီနာ ဖါဆိုနဲ့ တူနီးဆီးယားနိုင်ငံ တွေလို သဘောတူ စာချုပ်ချုပ်ထားတဲ့ အနောက်အာဖရိက နိုင်ငံတွေက နိုင်ငံသားတွေ ဖြည့်ဆည်းပေးနိုင်တဲ့ သီးသန့် အလုပ်အမျိုးအစားတွေလည်း သတ်မှတ် ထားရှိထားပါတယ်။

US$ ၃၈၁၂၈

ဂျာမနီ

ဂျာမနီမှာ ပြည်တွင်း လုပ်သားအင်အားထုကို ကာကွယ်တဲ့ အနေနဲ့ ၁၉၇၃ ခုနှစ်ကစလို့ နိုင်ငံခြားသား လုပ်သားတွေ အလုပ်ခန့်တာကို တားမြစ်ထားပါတယ်။ ဒါပေမယ့်လည်း အင်ဂျင်နီယာ၊ အိုင်တီနဲ့ ကျန်းမာရေး ကဏ္ဍလို နေရာမျိုးတွေမှာ စွမ်းရည်မြင့် သက်မွေးဝမ်းကြောင်း ပညာရှင်တွေ ပြတ်လပ်နေတာကြောင့် အစိုးရအနေနဲ့ ဥရောပ သမဂ္ဂဝင် မဟုတ်တဲ့ နိုင်ငံသား သက်မွေးပညာရှင်တွေ နိုင်ငံထဲ အလွယ်တကူ ဝင်ခွင့်ရရေးအတွက် ၂၀၁၂ ခုနှစ် အီးယူ အပြာကဒ် ညွှန်ကြားချက်ကို အကောင်အထည်ဖေါ် ဆောင်ရွက် ခဲ့ရပါတယ်။ အရည်အချင်းပြည့်မှီ လုပ်သားတွေအနေနဲ့ ဂျာမနီနိုင်ငံထဲမှာ ၆လကြာ လာအလုပ်ရှာနိုင်ခွင့် ရှိပါတယ်။

US$ ၄၀၂၂၃

ဂရိ

ဂရိဟာ စီးပွားရေး ကျဆင်းမှုကို ပို အကြီးအကျယ် ခံရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပြီး အလုပ်လက်မဲ့ ပြဿနာကို ထိတ်လန့်စရာ ကောင်းအောင် ရင်ဆိုင်နေရပါတယ်။ OECD ရဲ့ အဆိုအရ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဂရိနိုင်ငံမှာ ရွှေ့ပြောင်း နေထိုင်သူတွေထဲမှာ အများစုဟာ စွမ်းရည်နိမ့် အလုပ်တွေအတွက် လာရောက်အလုပ်လုပ်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အလယ်အလတ်နဲ့ အနိမ့်ဆုံး စွမ်းရည်ရှိတဲ့ သက်မွေးဝမ်းကြောင်း ပညာရှင်တွေကို ဂရိနိုင်ငံရဲ့ ဒေသတချို့မှာ လိုနေဆဲပါ။ ဘဏ္ဍာရေးကဏ္ဍမှာ စွမ်းရည်မြင့် ပညာရှင်တွေ ပြတ်လပ်နေပါတယ်။ ဒါပေမယ့်လည်း ဒီပညာရှင်တွေ နိုင်ငံထဲ လာအလုပ်လုပ်အောင် ဂရိအစိုးရက သီးခြား စီမံကိန်း ချထားတာမျိုးတော့ မရှိပါဘူး။

US$ ၂၆၂၉၅

ဟန်ဂေရီ

ဟန်ဂေရီဟာလည်း စီးပွားရေး အကြပ်အတည်းကြုံတွေ့ခဲ့ရတဲ့ နိုင်ငံ ဖြစ်ပြီး ၂၀၀၈ခုနှစ်က စံချိန်တင်ရလောက်အောင် ကာလတာရှည် နိုင်ငံရွှေ့ပြောင်း အခြေစိုက်သူတွေ လျော့ကျသွားပါတယ်။ ဒါပေမယ့် စွန့်ဦးတီထွင်သူတွေ နဲ့ စွမ်းရည်မြင့် သက်မွေးပညာရှင်တွေ အထူးသဖြင့် ကျန်းမာရေး ကဏ္ဍက လုပ်သားတွေ လာရောက် အလုပ်လုပ်ကြဖို့ ဟန်ဂေရီက ဆောင်ရွက်နေပါတယ်။ ၂၀၁၁ ခုနှစမှာ ဥရောပ သမဂ္ဂ မဟုတ်တဲ့ နိုင်ငံသားတွေ အတွက် အီးယူ အပြာကဒ် ညွှန်ကြားချက်ကို အကောင်အထည်ဖေါ်ခဲ့ပြီး အဆင့်မြင့် မန်နေဂျာတွေ နိုင်ငံထဲ ဝင်ခွင့်ရအောင် အလုပ်သမား စျေးကွက် စစ်ဆေးမှုတွေကို ကင်းလွတ်ခွင့် ပြုတဲ့ ဥပဒေသစ်တခုကို အတည်ပြုခဲ့ပါတယ်။

US$ ၁၉၄၃၇

အိန္ဒိယ

အိန္ဒိယဟာ ကမ္ဘာပေါ်က နိုင်ငံ တော်တော်များများ အလိုရှိနေတဲ့ ကျွမ်းကျင်လုပ်သားတွေ အများဆုံး ပို့နေတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ အခုတော့ အစိုးရက သူ့နိုင်ငံထဲမှာ လိုနေတဲ့ ပညာရေးနဲ့ အရည်အသွေးမြှင့် အလုပ်တွေ အတွက် ပြည်ပရောက် သူ့နိုင်ငံသားတွေ ပြန်လာလုပ်နိုင်အောင် အစီအစဉ်တွေ လုပ်လာပါတယ်။ အိန္ဒိယမှာ နိုင်ငံတခုလုံး အနေနဲ့ ဘယ်လို စွမ်းရည်မျိုးတွေ လိုနေသလဲဆိုတဲ့ စာရင်းမျိုးတော့ မရှိပါဘူး၊ ဒါပေမယ့် ကျန်းမာရေး နဲ့ ဆောက်လုပ်ရေး ကဏ္ဍတွေမှာတော့ အရည်အချင်းပြည့်ဝတဲ့ လုပ်သားတွေ အမြဲလိုနေတာ တွေ့ရပါတယ်။

US$ ၃၅၄၀

အိုင်ယာလန်

စီးပွားရေး ထိခိုက်ခံခဲ့ရတဲ့ အိုင်ယာလန်မှာလည်း နိုင်ငံခြားသား အလုပ်သမားတွေ ဝင်ရောက်တာ တော်တော် နဲ သွားပါတယ်။ ကျွမ်းကျင်မှု အရည်အသွေး မြင့် အလုပ်တွေမှာ လုပ်နေတဲ့ အလုပ်သမားတွေထဲမှာ ဒေသခံတွေထက် နိုင်ငံခြားသားတွေ အလုပ်ပြုတ်တာ ပိုများခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်က စလို့ အိုင်ယာလန်ဟာ သူ့နိုင်ငံထဲ ဝင်ခွင့်ပေးတဲ့ အခါ ပြည်တွင်းမှာ လိုနေတဲ့ စွမ်းရည်ရှိတဲ့ လူတွေ ပိုလာနိုင်အောင် ရွေးချယ်ပြီး လုပ်လာပါတယ်။

US$ ၅၀၇၆၄

လူဇင်ဘတ်

လူဇင်ဘတ်မှာ စီးပွားရေး အကြပ်အတည်း ဖြစ်နေစဉ်ကာလအတွင်း ဒေသခံ လုပ်သားတွေထက် နိုင်ငံ ရွှေ့ပြောင်း အခြေစိုက်လာသူတွေကို အလုပ်ပေးမှု တိုးပွားခဲ့ပါတယ်။ အဲဒီ တနှစ်ထဲမှာပဲ ဥရောပ သမဂ္ဂဝင် နိုင်ငံသားတွေနဲ့ ဥရောပ သမဂ္ဂဝင် မဟုတ်တဲ့ နိုင်ငံသားတွေ အတွက် အပြာကဒ် ညွှန်ကြားချက်ကို ချမှတ် ကျင့်သုံးခဲ့ပါတယ်။ လူဇင်ဘတ်နိုင်ငံမှာ နေခွင့်ရဖို့အတွက် သက်မွေးဝမ်းကြောင်း ပညာရှင်တွေအနေနဲ့ အဆင့်မြင့် ပညာ ဒီပလိုမာ တခု ဒါမှမဟုတ် သက်မွေးဝမ်းကြောင်း အထူးပြုပညာရပ် အတွေ့အကြုံ ၅နှစ်၊ အလုပ်လုပ်ကိုင်ခွင့် ကန်ထရိုက် အနည်းဆုံး တနှစ်၊ လစာငွေ အနည်းဆုံး ယူရို ၆၆၀၀၀ ( ဒေါ်လာ ၈၇၀၀၀ ) ဒါမှမဟုတ် အများအားဖြင့် လုပ်သားတွေ လိုအပ်နေတဲ့ အိုင်တီလို ကဏ္ဍမျိုးမှာဆို လစာငွေ ၅၃၀၀၀ လောက် ရသူတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။

US$ ၅၂၈၄၇

နယူးဇီလန်

နယူးဇီလန် ဟာ ကျွမ်းကျင်လုပ်သားတွေ သူ့နိုင်ငံလာပြီး အလုပ်လုပ်ချင်အောင် လိုအပ်နေတဲ့ အလုပ်သမားစာရင်းကို ထုတ်ပြန်ပေးတဲ့ ပထမဆုံး နိုင်ငံတွေထဲမှာ ပါပါတယ်။ ၂၀၁၀ ခုနှစ်မှာလည်း လူဝင်မှု ဥပဒေသစ်တခုကို ထုတ်ပြန်ပြီး နိုင်ငံခြားသား လုပ်သားတွေ အမြဲတမ်း ဗီဇာ မရခင် ယာယီဗီဇာထုတ်ပေးဖို့ ခွင့်ပြုခဲ့ပါတယ်။ လုပ်သားတွေ ခေါ်ယူမယ့် ကုမ္ပဏီတွေ လိုက်နာရမယ့် အချက်တွေကိုလည်း ထုတ်ပြန်ခဲ့ပြီး ရင်းနှီးမြုပ်နှံလိုသူတွေ လုပ်ငန်းရှင်တွေ၊ သုတေသန ပညာရှင်တွေ လာရောက်ရေး လွယ်ကူအောင်လည်း စီစဉ်ပေးခဲ့ပါတယ်။

US$ ၂၇၃၉၆

နော်ဝေ

၂၀၁၀ ခုနှစ်မှာ ဆွီဒင်၊ လစ်သူရေးနီးယားနဲ့ ပိုလန်တို့က လာရောက်သူတွေ လွတ်လွတ်လပ်လပ် ဝင်ခွင့်ပြုလိုက်ပြီးတဲ့နောက် နော်ဝေးကို လူဝင်အများဆုံးဖြစ်ခဲ့ပါတယ်။ တနှစ်ကို ကျွမ်းကျင် လုပ်သား ၅၀၀၀ ဝင်ရောက်ခွင့်ပေးဖို့ သတ်မှတ်ထားပေမယ့် ဘယ်တုန်းကမှ ဒီ အရေအတွက် မရောက်ခဲ့ပါဘူး။ ဒါကြောင့် အစိုးရက မက်လုံးတွေ ပိုပေးခဲ့ပါတယ်။ နော်ဝေးမှာ အလွှာစုံက အလုပ်အမျိုးအစားပေါင်း ၁၅၀ လောက်မှာ လုပ်သားတွေ လိုနေပါတယ်။

၄၃၉၉၀

ပိုလန်

OECD စာရင်းအရ ပိုလန်မှာ ၂၀၁၀-၂၀၁၁ အတွင်း အလုပ်လုပ်ခွင့် အများဆုံး ထုတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်လုပ်သားတွေ နိုင်ငံထဲ ဝင်လာရေးနဲ့ ရှိပြီးသား လုပ်သားတွေ ဆက်ထိန်းထားနိုင်ဖို့ အစိုးရက လျှော့ပေါ့ပေးမှုတွေလဲ လုပ်ခဲ့ပါတယ်။ ပြည်တွင်းမှာ လိုနေတဲ့ ကျွမ်းကျင်မှု ရှိသူ လုပ်သားတွေကို ပြည်ဝင်ခွင့် လွယ်လွယ်ပြုခဲ့ပြီး နိုင်ငံခြားသားတွေ ကိုလည်း ပိုလန်နိုင်ငံသားတွေရတဲ့ လစာထက်မနဲတဲ့ လုပ်ခပေးဖို့ သတ်မှတ်ခဲ့ပါတယ်။

US$ ၂၀၀၆၉

ပေါ်တူဂီ

စီးပွားရေး ဆိုးဆိုးဝါးဝါး ထိခိုက်ခံခဲ့ရတဲ့ နိုင်ငံတခု ဖြစ်တဲ့ ပေါ်တူဂီမှာတော့ ပြည်ပက လာအလုပ်လုပ်သူထက် ပြည်ပကို ထွက် အလုပ်လုပ်ကြသူတွေ ပိုများတာ တွေ့ခဲ့ရပါတယ်။ တနှစ်ကို ၇၀၀၀၀ သောင်းလောက် ပြည်ပထွက်နေကြပြီး အများစုက အသက် ၃၀ အောက်တွေပါ၊ သွားကြတဲ့ နိုင်ငံတွေက အာဖရိကက အင်ဂိုလာနဲ့ ဘရာဇီးတို့ ဖြစ်ကြပါတယ်။ ၂၀၁၀ မှာ ပြည်ပက လာ အလုပ်လုပ်သူတွေဟာ သတ်မှတ် ကိုတာထက် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ၂၀၁၂ မှာတော့ အီးယူ နိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားတွေ လစာကောင်းတဲ့ အလုပ်တွေ လုပ်နိုင်ဖို့ အီးယူရဲ့ လက်မှတ်ပြာ ထုတ်ပေးတဲ့ စနစ်ကို ကျင့်သုံးလာပါတယ်။

US$ ၂၂၇၄၂

ရုရှား

ရုရှားမှာလည်း ပြည်ပက ကျွမ်းကျင်သူတွေ လာ အလုပ်လုပ်နိုင်အောင် လူဝင်မှု စည်းမျဉ်းတွေ ကို လျှော့ပေးလာတာတွေ့ရပါတယ်။ ကျွမ်းကျင်မှု အရည်အချင်း မြင့်မားတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ လာအလုပ်လုပ်ခွင့် စည်းမျဉ်းတွေ ပိုပြီး ရိုးရှင်းအောင် လုပ်ပေးခဲ့ပါတယ်၊ အဓိက စည်းမျဉ်းတခုကတော့ အနိမ့်ဆုံး လစာ တနှစ်ကို RUB ၂ သန်း(US$ ၆၈၀၀၀) ရတဲ့ အလုပ်မျိုး ဖြစ်ရမှာပါ။ ဒါပေမယ့် ပါမေက္ခတွေ၊ သုတေသန အရာရှိတွေကတော့ အဲဒီလစာ တဝက်လောက်ပဲ ရကြပါတယ်။ ရုရှားမှာ အလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေ မိသားစုလည်း ခေါ်လာခွင့်ရှိပါတယ်။

US$ ၁၄၅၈၀

စင်္ကာပူ

စင်္ကာပူဟာ ကျွမ်းကျင်လုပ်သားတွေ သွားရောက် အလုပ်လုပ်လိုတဲ့ နိုင်ငံတခု ဖြစ်လာနေပါတယ်။ ဒါကြောင့် အစိုးရက လိုက်လျောညီထွေရှိတဲ့ လူဝင်မှု ဥပဒေတွေလည်း ပြဌာန်းလာပါတယ်။ စင်္ကာပူမှာ လိုနေတဲ့ အလုပ်အမျိုးအစားပေါင်း ၉၃ ခုကို အစိုးရက ထုတ်ပြန်ထားပြီး ဇွန် ၂၀၁၂ အထိ ကျွမ်းကျင် လုပ်သမားပေါင်း ၁၇၄၀၀၀ လောက် အလုပ် ပေးခဲ့ပါတယ်။ အဲဒီနှစ် စက်တင်ဘာလမှာ အစိုးရက နိုင်ငံခြားသား အလုပ်သမားတွေ မိသားစုတွေ ခေါ်လာနိုင်အောင် လစာတွေ တိုးပေးဖို့ကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

US$ ၃၁၃၉၂

ဆလိုဗက်ကီးယား

၂၀၁၁ခုနှစ်မှာ ဆလိုဗက်အစိုရက အလုပ်သမားစျေးကွက်ရဲ့ လိုအပ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံခြားက အသက်မွေးဝမ်းကျောင်းဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်လုပ်သားတွေ ဆလိုဗက်ကီးရီးယားနိုင်ငံကို ပိုလာချင်အောင် လူဝင်မှုဆိုင်ရာ မူဝါဒသစ်တရပ်ကို အတည်ပြု ခဲ့ပါတယ်။ ဥရောပက ဘလူးကဒ်နဲ့ အလားတူ ဆလိုဗက် ကဒ်ဆိုတာကိုလည်း စအသုံးပြုခဲ့ပါတယ်။ နိုင်ငံကို ပြန်လာတဲ့ နိုင်ငံခြားကိုရောက်နေတဲ့ ဆလိုဗက်လူမျိုး အဆင့်မြင့်ကျွမ်းကျင်သူတွေကို အဆင်ပြေအောင် ပံ့ပိုးကူညီပြီး စီးပွားရေးအခွင့်အလမ်းတွေ စ ကမ်းလှမ်းခဲ့ပါတယ်။ ဆလိုဗက်ကီးယားမှာ တရားဝင်အားဖြင့် ကျွမ်းကျင်သူ ဘယ်လောက် လိုအပ်နေတယ်ဆိုတဲ့ စာရင်းဇယားတွေ မရှိပေမယ့် ဒါနဲ့ပတ်သက်လို့ အစိုရ ကဏ္ဍအသီးသီးကနေ လေ့လာနေပါတယ်။

US$ ၁၉၀၆၈

ဆလိုဗီးနီးယား

၂၀၀၉ ခုနှစ်မှာ စီးပွားရေး ကျဆင်းမှုကို အကြောင်းပြုလို့ ဥရောပ အီးအီးစီ နိုင်ငံတွေ အပြင်က အလုပ်သမားတွေ လာ အလုပ်လုပ်ခွင့် ကိုတာကို ဆလိုဗီးနီးယား နိုင်ငံက လျှော့ချခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံအပြင်ထွက် အလုပ်လုပ်သူ အရေအတွက်ဟာ ၂၀၁၀ ခုမှာ တဝက်မက လျော့သွားခဲ့ပါတယ်။ အခုတော့ ဆလိုဗီးနီးယားဟာ အီးအီးစီ အပြင်ကရော အီးအီးစီ နိုင်ငံတွေ အထဲကပါ ကျွမ်းကျင် လုပ်သားတွေ ဖိတ်ခေါ်နိုင်မယ့် အစီအစဉ်တွေ လုပ်လာပါတယ်။ လူဝင်မှု ဥပဒေ အသစ်အရ လိင်တူခြင်း လက်ထပ်ထိမ်းမြားထားသူတွေကိုလည်း မိသားစု အဖြစ်သတ်မှတ်ပြီး နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် တွေ ပေးလာပါတယ်။

တောင်အာဖရိက

တောင်အာဖရိက ဟာ အာဖရိကတိုက်မှာ ကျွမ်းကျင်လုပ်သားတွေ အများဆုံး တခြားနိုင်ငံမှာ သွား အလုပ်လုပ်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရက ပြည်ပရောက် သူ့နိုင်ငံသားတွေနဲ့ ချိတ်ဆက်ထားဖို့ ကြိုးစားနေပါတယ်။ ၂၀၀၂ ခုနှစ်က စလို့ အစိုးရက ပြည်တွင်းမှာ လာ အလုပ်လုပ်ချင်တဲ့ လူတွေ လာနိင်အောင် လမ်းဖွင့်ပေးခဲ့ပါတယ်။ နှစ်စဉ်လည်း အစိုးရက ပြည်တွင်းမှာ လိုအပ်နေတဲ့ ကျွမ်းကျင်မှုတွေကို စာရင်း ထုတ်ပြန်ပြီး အလုပ်လုပ်ခွင့် ပါမစ်တွေ ထုတ်ပေးခဲ့ပါတယ်။ လာအလုပ်လုပ်ချင်သူဟာ အနဲဆုံး လုပ်ငန်းအတွေ့အကြုံ ငါးနှစ်ရှိရမှာ ဖြစ်ပါတယ်။

US$ ၂၂၀၅၆

စပိန်

အဆိုးဆုံး စီးပွားရေးထိခိုက်ခံခဲ့ရတဲ့ နိုင်ငံတခု ဖြစ်တဲ့ စပိန်မှာတော့ အပြင်ကလာ အလုပ်လုပ်သူတွေထက် နိုင်ငံထဲက ထွက်သွားသူတွေ များခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ နိုင်ငံခြားသားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်တာ ၃၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာပဲ စပိန်ဟာ အီးယူ ပြင်ပက နိုင်ငံသားတွေ လာအလုပ်လုပ်နိုင်တဲ့ အီးယူ အပြာကဒ် စနစ်ကို စ ကျင့်သုံးခဲ့ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ပြည်တွင်း အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ နိုင်ငံခြားသား အလုပ်လုပ်ခွင့် ကန့်သတ်ချက် တချို့ကိုတော့ ဆက်ထားရှိဆဲ ဖြစ်ပါတယ်။

US$ ၃၄၃၈၇

ဆွီဒင်

ဥရောပမှာ ဆွီဒင်ဟာ အလုပ်သမားတွေ နိုင်ငံ ရွှေ့ပြောင်း လာအလုပ်လုပ်ခွင့်ပြုရာမှာ လွတ်လပ်ခွင့် အပေးဆုံး အစိုးရတွေထဲမှာ တခုလို့ သတ်မှတ်ခံထားရပါတယ်။ ဥရောပ စီးပွားရေး ဒေသပြင်ပ နိုင်ငံတွေက လုပ်သားတွေလာ အလုပ်လုပ်ခွင့်ကို ၂၀၀၈ခုနှစ်က စလို့ ကန့်သတ်မှုတွေ လျှော့ပေးခဲ့ပါတယ်။ ဆွီဒင်မှာ အမြင့်ဆုံး အလယ်အလတ် အနိမ့်ဆုံး စွမ်းရည်ပြည့် သက်မွေးဝမ်းကြောင်း ပညာရှင်တွေ အပါအဝင် အလုပ်အမျိုးအစား ၈၀လောက် လိုအပ်နေပါတယ်။ လာရောက် အလုပ်လုပ်လိုသူတွေအနေနဲ့ ဆွီဒင်နိုင်ငံက အလုပ်ခန့်မယ့် အလုပ်ရှင်ထံက အလုပ်ခန့်ကြောင်း ကမ်းလှမ်းချက်စာ ပြဖို့ လိုပါတယ်။ အကြမ်းအားဖြင့် မိသားစုဝင်တွေကို နိုင်ငံတွင်း နေထိုင်ခွင့်နဲ့ အလုပ် လုပ်ခွင့် ပြုလေ့ ရှိပါတယ်။

US$ ၃၇၇၃၄

ဆွစ်ဇာလန်

ဆွစ်ဇာလန်ဟာ ဥရောပမှာ နိုင်ငံခြားသား အများဆုံးရှိတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ အများစုက ကျွမ်းကျင် လုပ်သားတွေပါ။ စီးပွားရေး အကြပ်အတည်းရှိချိန်မှာ နိုင်ငံသားတွေ အလုပ်လက်မဲ့ ဖြစ်တဲ့ နှုန်းက ပိုများခဲ့ပါတယ်။ ဆွစ်ဇာလန်ကို အီးယူပြင်ပ နိုင်ငံတွေက လာအလုပ်လုပ်ခွင့် ပိုတင်းကြပ်တဲ့ အတွက် လုပ်သား အများစုဟာ အီးယူ နိုင်ငံတွေက ဖြစ်ကြပါတယ်။ နိုင်ငံခြားသားတွေဟာ အလုပ်ကမ်းလှမ်းချက်ရရှိပြီး ဖြစ်ရမှာ ဖြစ်သလို အလုပ်ခေါ်တဲ့ ကုမ္ပဏီတွေကလည်း နိုင်ငံတွင်းနဲ့ အီးယူနိုင်ငံတွေအထဲမှာ အသေအချာ ရှာပြီး မရတော့မှာ အပြင်က ခေါ်ရတာဖြစ်ကြောင်း သက်သေပြရမှာ ဖြစ်ပါတယ်။

ယူကေ

ယူကေမှာ ၂၀၁၀ခုနှစ်နောက်ပိုင်း ပြည်ဝင်တဲ့စနစ်ဟာ အလုပ်သမားလိုအပ်ချက် အပေး ပိုပိုပြီး မူတည်လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်က အစိုးရဟာ ပြည်တွင်းအလုပ်သမား အင်အားစုကို အကာအကွယ်ပေးဖို့ ရည်ရွယ်ချက်နဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်အတတ်ပညာရှင်တွေ အပါအဝင် ပြည်ပက လာရောက် အလုပ်လုပ်သူ စုစုပေါင်း အရေအတွက်ကို လျော့ချမယ့် နည်းလမ်းတွေကို စတင်ကျင့်သုံးခဲ့ပါတယ် ။ အဲဒီနည်းလမ်းတွေထဲမှာ အဆင့်မြင့်ကျွမ်းကျင်သူအမျိုးအစားထဲက ပြည်တွင်းကို ဝင်ရောက်ခွင့်ပြုသူ အရေအတွက်ကို ကန့်သတ်မှုတွေလည်း ပါဝင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အလုပ်အကိုင် ပြတ်လပ်မှု လျော့နည်းခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်ရှင်တွေရဲ့ မေတ္တာရပ်ခံချက်ကြောင့် အလုပ်သမားတွေအတွက် ပြည်ဝင်ခွင့် ကန့်သတ်မှုတွေကို လျော့ပေါ့ပေးခဲ့ပါတယ်။

US$ ၄၄၇၄၃

အမေရိကန်

ပြီးခဲ့တဲ့ ၂၀၀၀ က ၂၀၁၀ ခုနှစ်အတွင်း ပြင်ပက လာအလုပ်လုပ်နေတဲ့ အရည်အချင်းပြည့် အလုပ်သမား တစ်ယောက်အနားယူတိုင်း အသစ် သုံးယောက် ဝင်ရောက်လာခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် စီးပွားရေး ဆုတ်ယုတ်လာချိန်ကစလို့ အဆင့်မြင့်လုပ်သားတွေ လုပ်ကိုင်တတ်တဲ့ ဘဏ္ဍာရေး ကဏ္ဍလို နေရာမျိုးမှာတောင် အလုပ်လက်မဲ့တွေ အများကြီး ရှိလာပါတယ်။ အမေရိကန်မှာ နိုင်ငံတွင်းလိုနေတဲ့ အရည်အချင်းရှိ လုပ်သားတွေကို အဆင့် က အဖြစ် သတ်မှတ်ပေးထားပါတယ်။ ဒီ စာရင်းမှာ ပါတဲ့ လူတွေ အမြဲနေခွင့် အစိမ်းကဒ် ရဖို့ ပိုလွယ်ပါတယ်။ ဒါပေမယ့် သူတို့မှာ အလုပ်ကမ်းလှမ်းချက်တော့ လက်ဝယ်ရှိရမှာ ဖြစ်ပါတယ်။

US$ ၅၄၄၅၀

[profession]: [countryname]
[profession]: [countryname]
နိုင်ငံမှ [profession]
[countryname] သို့ ပြောင်းရွှေ့အလုပ်လုပ်
ဒါီအလုပ်အကိုင်တွေက လူလိုနေပါတယ်၊ ဒါပေမယ့် အချက်အလက် အတိအကျ မရသေးပါ။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။