မိုဘီဂျီနို နဲ့ ဆီးဂိမ်းစ် သီချင်းများ

  • 2 ဒီဇင်ဘာ 2013
Myanmar Sea Games

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Sea Games လို့ ခေါ်ကြတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက နှစ်ပေါင်း ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်အစီအစဉ်မှာတော့ ဒီအားကစားပွဲအတွက် မြန်မာ ဂီတ အနုပညာရှင်တွေ ဖန်တီးထားတဲ့ ဆီးဂိမ်းစ် သီချင်းတွေအကြောင်း တင်ဆက်ပေးထားပါတယ်။

ဆီးဂီမ်းစ်ပွဲတော်နဲ့ သီချင်းများ

၂၇ ကြိမ်မြောက် ဆီးဂီမ်းစ်မှာ အားကစားပြိုင်ပွဲ အများစုကို နေပြည်တော်မှာ ကျင်းပပြီး တချို့ အားကစား ပွဲတွေကိုတော့ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်တို့မှာ ဒီဇင်ဘာ လဆန်းကနေ ဒီဇင်ဘာ ၂၂ ရက်နေ့ထိ ကျင်းပတာ ဖြစ်ပါတယ်။

နှစ်အတော်ကြာကာလအတွင်း မြန်မာနိုင်ငံမှာ ပြန်ကျင်းပမှာမို့ ဂီတအနုပညာရှင်တွေ အဆိုတော်တွေ အသိုင်းအဝိုင်းကလည်း သူတို့ရဲ့ ဂီတနဲ့ ဒီပွဲတော်ကို အားတက်သရောနဲ့ ကြိုဆိုကြပြီး ဒီအားကစား ပွဲတော်အတွက် အထိမ်းအမှတ်သင်္ကေတ Theme Song ပြိုင်ပွဲမှာလည်း သီချင်းအပုဒ်ပေါင်း ရာနဲ့ချီ ပါဝင် ယှဉ်ပြိုင်ကြသလို ပြိုင်ပွဲမှာ မပါတဲ့ သီချင်းတွေလည်း ထွက်ခဲ့ပါတယ်။

နိုဝင်ဘာလဆန်းလောက်ကတော့ Sea Games အတွက် Official Songs တွေအဖြစ် သီချင်း အယ်လ်ဘမ် ၂ ခု ထွက်လာပြီး သီချင်းအပုဒ် ၃၀ နီးပါးလောက် ပါဝင်ပါတယ်။