သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား ကွယ်လွန်

6 ဒီဇင်ဘာ 2013 01:11 GMT နောက်ဆုံး ရေးသားသည်။

တောင်အာဖရိက ရဲ့ ပထမဆုံး လူမဲသမ္မတဖြစ်ပြီး အသားအရောင်ခွဲခြားမှုကို ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ မစ္စတာမန်ဒဲလား အသက် ၉၅ နှစ်မှာ ကွယ်လွန်သွားပြီလို့ လက်ရှိသမ္မတ ဂျက်ကော့ဇူမားက ကြေညာသွားပါတယ်။

တောင်အာဖရိက ပြည်သူအပေါင်းတို့ ကျနော်တို့ နိုင်ငံကို ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် တည်ထောင်ပေးခဲ့တဲ့ ကျနော်တို့ ချစ်ခင်လေးစားရပါသော နယ်လ်ဆင် မန်ဒဲလား ကွယ်လွန်သွားပါပြီ။

ဒီဇင်ဘာလ ၅ ရက် ည ၈နာရီ ၅၀ မိနစ်မှာ သူ့မိသားစုတွေ ခြံရံပြီး အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့တာပါ။ တောင်အာဖရိကနိုင်ငံအနေနဲ့ အမြင့်မြတ်ဆုံး သားရတနာ တဦး ဆုံးရှုံးသွားတာ ဖြစ်သလို ပြည်သူတွေအတွက်လည်း ဖခင်ကောင်းတဦး ဆုံးရှုံးသွားတာပါ။ သူကွယ်လွန်မယ်ဆိုတာ ကြိုသိနေပေမယ့် ယူကြုံးမရ ဝမ်းနည်းကြေကွဲမိပါတယ်လို့ တောင်အာဖရိက သမ္မတ ဇူးမားက ထုတ်ဖေါ်ကြေညာသွားပါတယ်။

နယ်လ်ဆင် မဲန်ဒဲလားဟာ တောင်အာဖရိကနိုင်ငံကို တစုတစည်းထဲ နိုင်ငံတခုဖြစ်အောင် သူမတူအောင် ဖွဲ့စည်း တည်ထောင် နိုင်ခဲ့သူ ဖြစ်တယ်လို့ သမ္မတ ဇူးမားက ပြောသွားပါတယ်။

မစ္စတာ မဲန်ဒဲလားရဲ့ နိုင်ငံတော် စျာပန အခမ်းအနား ကျင်းပပြီးချိန်အထိ တောင်အာဖရိက တနိုင်ငံလုံးမှာ ဝမ်းနည်းကြေကွဲတဲ့ အထိမ်းအမှတ် နိုင်ငံတော် အလံ တဝက် လွှင့်ထူထားမယ်လို့ သမ္မတ ဇူးမားက ပြောပါတယ်။