လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း ရဲ့ စျာပနပွဲ

  • 25 ဒီဇင်ဘာ 2014
letpadaung_dawkhinwin ဓာတ်ပုံ မူပိုင် burmese
Image caption တောင်သူဒေါ်ခင်ဝင်း စျာပန ကို လက်ပံတောင်း ဒေသခံ ၂၀၀၀ ကျော် လိုက်လံ ဂုဏ်ပြု ပို့ဆောင်

ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ လက်ပံတောင်း တောင်သူ ဒေါ်ခင်ဝင်းရဲ့ စျာပနကို သူ့ရဲ့ မိုးကြိုးပြင် အလယ်ရွာ သုဿန်မှာ ကြာသပတေးနေ့က ပြုလုပ်ခဲ့ရာမှာ ဒေသခံ တောင်သူ လူဦးရေ ၂၀၀၀ ကျော် တက်ရောက်ခဲ့ ပါတယ်။

ဒေါ်ခင်ဝင်း သေဆုံးခဲ့တဲ့ လိပ်ခွံတောင်ခြေမှာ ရှိတဲ့ အသိမ်းဆည်းခံ လယ်ယာမြေကွက် အနီးမှာလည်း တောင်သူတွေက သိမ်းဆည်းခံလယ်မြေတွေ ပြန်ရရှိရေး၊ ဒေါ်ခင်ဝင်းကို သေနတ်နဲ့ပစ်သတ် ခဲ့သူ ကိုအရေးယူပေးရေး နဲ့ စီမံကိန်းစုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ကို လေးစားလိုက်နာမှုမရှိတဲ့ လက်ပံတောင်းကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေး စတဲ့ ကြွေးကြော်သံတွေ တိုင်ကာ ဆန္ဒပြခဲ့ကြပါတယ်။

စစ်တပ်ပိုင် ကုမ္ပဏီဖြစ်တဲ့ ဦးပိုင်နဲ့ တရုတ်လူမျိုးပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်တဲ့ ကြေးနီစီမံကိန်းက လယ်မြေ သိမ်းဆည်းမှုကို ဒေသခံတောင်သူတွေက အစဉ်တစိုက်ကန့်ကွက်လာခဲ့ကြတာဖြစ်ပါတယ်။

စီမံကိန်းကြောင့် သက်ရောက်မှု ရှိတဲ့ ရွာပေါင်း ၂၆ ရွာရှိပြီး သိမ်းဆည်းခံရတဲ့ လယ်ယာမြေ ဧက ပေါင်း က ၇၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ကုမ္ပဏီက ပေးတဲ့ လျော်ကြေး ကိုယူပြီးရွာရွှေ့ပြောင်း ကြရသူတွေလည်းရှိသလို လျော်ကြေးမယူပဲ မိမိတို့ လယ်ယာမှာသာ လုပ်ကိုင်စားသောက်လိုတဲ့ ရွာသူရွာသားတွေ လည်း ရှိနေပါတယ်။

တနင်းလာနေ့ကတော့ လျော်ကြေးမယူတဲ့ တောင်သူတွေရဲ့မြေကိုပါ ကုမ္ပဏီဘက်က လာရောက်ခြံခတ်သိမ်းဆည်းရာကစပြီး ပဋိပက္ခဖြစ်ပွားလာကာ ရဲအဖွဲ့က ပစ်ခတ်မှုကြောင့် တောင်သူ ဒေါ်ခင်ဝင်းရဲ့ ဉီးခေါင်းကို သေနတ် ကျည်ဆံထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အခုခြံခတ်နေတဲ့ ကိစ္စက ပြီးသလောက်ဖြစ်နေပြီး ဆက်လက်လည်း ခြံခတ် သွားမယ် လို့ ဝမ်ပေါင် ကုမ္ပဏီက စီမံခန့်ခွဲရေးမန်နေဂျာ Mr Dong Yunfei က ဘီဘီစီ ကို ပြောပါတယ်။

ခြံခတ် နေတာကြောင့် ရွာက လယ်ယာမြေတွေ ဝင်းထဲ ကို ရောက်သွားတာ တွေအပါအဝင် တရွာနဲ့ တရွာ သွားတဲ့ လမ်းတွေ လည်း ပိတ်သွား ပြီလို့ ဆီးတော ရွာ က သံဃာတော် တပါး က ဘီဘီစီ ကို မိန့်ကြားပါတယ်။

ဆည်တည်း၊ ဆီးတော၊ ဝက်မှေး စတဲ့ရွာတွေ က လူနေအိမ် နေရာတွေ ကလည်း စီမံကိန်း ဧရိယာ ထဲပါနေတာကြောင့် အိမ်တွေ လာဖျက်တော့မယ့် အရေး ကိုလည်း ရွာသူရွာသားတွေ စိုးရိမ်နေကြတယ် လို့ သိရပါတယ်။