ဝန်ကြီးချုပ်တွေကို လွှတ်တော်ကမရွေးဖို့ တပ်မတော်ကပြော

  • 1 ဇူလိုင် 2015
myanmar_army_parliament
Image caption ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို လွှတ်တော်က ရွေးချယ်ခွင့် တပ်မတော်က ကန့်ကွက်

ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို သက်ဆိုက်ရာပြည်နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆန္ဒမဲနဲ့ရွေးချယ်ရမယ်ဆိုတဲ့ ပြင်ဆင်ချက်ကို တပ်မတော်သားကိုယ်စားလှယ်တွေက ဇူလိုင်လ ၁ရက်နေ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃၆ ခ ပြင်ဆင်ရေး ဒုတိယနေ့မှာ ကန့်ကွက် ခဲ့ပါတယ်။

အခုလို ဆန္ဒမဲနဲ့ ရွေးချယ်ခဲ့မယ်ဆိုရင် အဖွဲ့အစည်းတွေရဲ့ သြဇာလွှမ်းမိုးမှုတွေကြောင့် စည်းလုံးညီညွတ်မှုပြိုကွဲပြီး ငြိမ်းချမ်းရေထိခိုက်နိုင်တယ်လို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ကျော်က ပြောပါတယ်။

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်အများစုက၊ အထူးသဖြင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒီလို ကန့်ကွက်ခံရတဲ့အပေါ် မကျေနပ်ကြပါဘူး။

ဒီအချက်ကို မပြင်ဆင်နိုင်ရင် ငြိမ်းချမ်းရေးလုပ်ငန်းအပေါ်သက်ရောက်မှုတွေရှိလာလိမ့်မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ် ကရင်တိုင်းရင်းသား ဦးဝင်းသန်းက ဘီဘီစီကို ပြောပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက တိုက်ရိုက် ခန့်ဖို့ပြဌာန်းထားတာဖြစ်ပါတယ်။

တပတ်ကျော်ကြာပြီဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမှုမှာ တပ်မတော်ဘက်က အကုန်လုံးနီပါးကန့်ကွက်ခဲ့ပြီး ပုဒ်မ ၅၉ ( ဃ ) ပါ နိုင်ငံတော်သမ္မတ ဟာ စစ်ရေးအမြင်အစား ကာကွယ်ရေးအမြင်ဆိုတဲ့ပြင်ဆင်ချက်တစ်ခုကိုပဲ သဘောတူခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အဲဒီပုဒ်မတစ်ခုထဲပြင်ဆင်မယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို နိုဝင်ဘာလဆန်းမှာ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့အတူပြုလုပ်ဖို့ ရွေးကောက်ပွဲကော်မရှင်ထံ စာရေးသားပေးပို့သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။