ကော့ကရိတ်စာသင်ကျောင်းအတွင်း မော်တာကျည်ဆံကျ

  • 7 ဇူလိုင် 2015
dkba soldiers ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကော့ကရိတ်မြို့အထွက် လမ်းဟောင်းမှာ အနီးကပ်တိုက်ပွဲတွေဖြစ်

မြန်မာအစိုးရစစ်တပ်နဲ့ ဒီကေဘီအေတပ်တွေ ဇူလိုင်လ ၇ရက်နေ့က ကော့ကရိတ်မြို့အထွက် လမ်းဟောင်းတဝိုက်မှာ မနက်ကတည်းက အနီးကပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပါတယ်။

မြန်မာအစိုးရစစ်တပ်က အဝေးပစ်မော်တာတွေနဲ့ ဒီကေဘီအေ ကလို့ထူးဝါးဌာနချုပ်ကို လှမ်းပစ်နေတယ်လို့ ဒီကေဘီအေဘက်က ပြောခွင့်ရ ဗိုလ်ကြီးစောသရီးတူးကပြောပါ တယ်။

တချိန်ထဲမှာပဲ ကော့ကရိတ်မြို့ကအထက(၄)စာသင်ကျောင်းကို မော်တာကျည်တလုံးကျပြီး ပေါက်ကွဲခဲ့ပါတယ်။ ဒါပေမယ့် အဲဒိအချိန်မှာ ကျောင်းသားတွေမရောက်သေးတဲ့အတွက် အပျက်အစီးကလွဲပြီး လူကို ထိခိုက်မှုမရှိဘူးလို့ အဲဒိက ဒေသခံတွေကပြောပါတယ်။

ဒီကေဘီကေဘက်ကတော့ သူတို့ဆီမှာ အဲဒီလောက်အဝေးကို ပစ်လို့ရတဲ့လက်နက်မရှိကြောင်းနဲ့ သူတို့ကို လူထုက အထင်လွဲအောင် လုပ်တာဖြစ်တယ်လို့ ဗိုလ်ကြီးစောသရီးတူးက ပြောပါတယ်။

အဲဒီနေ့မှာပဲ မြန်မာအစိုးရတပ်နဲ့ ဒီကေဘီအေတပ်ကြားတိုက်ပွဲတွေနဲ့ပတ်သက်လို့ ကရင်ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။