တပ်မတော်သားတချို့ ကြံ့ခိုင်ရေးပါတီက အရွေးခံမယ်

  • 14 ဇူလိုင် 2015
usdp_army_parliament
Image caption ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တပ်မတော်သား ၅၇ဦးကို ယာယီရွေးချယ်

၂၀၁၅ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တပ်မတော် ကိုယ်စားလှယ် ၁၄၀ကျော် စာရင်းပေး ထားတဲ့ အထဲက ၅၇ ဦးကို ယာယီရွေးချယ် ထားတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အခုရွေးချယ်ထားတဲ့ ၅၇ ဦးထဲက ထပ်လျှော့ဖို့ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိအမည်စာရင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ မပါဝင်ပဲ ကျန်ဒုတိယဗိုလ်ချုပ်ကြီးတချို့ နဲ့ ဗိုလ်မှူးကြီး တချို့တို့ ပါ၀င်တယ်လို့ ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

အခုပေးပို့ထားတဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေကို ဒေသခံပါတီဝင်တွေက ထောက်ခံသူ တွေရှိသလို၊ ကန့်ကွက်သူတွေလဲရှိတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေး ဗဟိုကော်မတီဝင် သူရဦးအောင်ကိုက ပြောပါတယ်။

တပ်မတော်အကြီးတန်းအရာရှိတွေထဲက ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရသက်ဆွေက ကိုကိုးကျွန်းကိုယ်စားလှယ်အဖြစ် ပါဝင်ဖို့ အဆိုပြုထားပြီး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက သထုံမြို့နယ်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ အဆိုပြုထားတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက လက်မခံတဲ့ တပ်မတော်သားကိုယ်စားလှယ်တချို့ဟာ တခြားပါတီတွေကနေ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေပါတယ်။