ကျပ်ငွေတန်ဖိုးချတာက ကုန်စျေးနှုန်းကို ထိခိုက်နိုင်

  • 15 ဇူလိုင် 2015
us dollar
Image caption ဒေါ်လာစျေးတက်တဲ့အတွက် ကုန်စျေးနှုန်းကို ထိခိုက်လာနိုင်

မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်တဲ့ မြန်မာငွေတန်ဖိုး ချလိုက်တာဟာ ကုန်စျေးနှုန်းတွေကိုပါ ထိခိုက်နိုင်တယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။

အထူးသဖြင့် ပြည်ပသွင်းကုန်တွေကို အများအပြားမှီခိုရတဲ့ မြန်မာနိုင်ငံမှာ ကုန်ပစ္စည်းစျေးတွေ တက်လာနိုင်တယ်လို့ သူက ပြောပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့က အမေရိကန်ဒေါ်လာ နဲ့ မြန်မာကျပ်ငွေ တရားဝင်လဲလှယ်နှုန်းထားကို တစ်ဒေါ်လာကို ၁၂၁၀ အထိ ဗဟိုဘဏ်ကနေ တိုးမြှင့်တက်မှတ်လိုက်ပါတယ်။ ဇူလိုင်လ ၁၀ ရက်နေက ဗဟိုဘဏ် သတ်မှတ်နှုန်းဟာ ၁၁၂၅ ကျပ်ပဲ ရှိခဲ့တာဖြစ်ပါတယ်။

အခုလိုတိုးမြှင့်တက်သက်မှတ်လိုက်တာဟာ တရားဝင်ငွေ တန်ဖိုးကို ပြင်ပစျေးနဲ့ မကွာအောင် ချပေးလိုက်တာ ဖြစ်တယ်၊ ဒါပေမယ့် ပြင်ပစျေးကိုတော့ မမီသေးဘူးလို့ ဒေါက်တာအောင်ကိုကိုက ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာ ပြင်ပဒေါ်လာပေါက်စျေး ၁၂၂၇ ကျပ်ခန့် ရှိနေပါတယ်။

လက်ရှိအခြေအနေအတိုင်းဆိုရင် မြန်မာကျပ်ငွေတန်ဖိုးဟာ ထပ်ကျဖို့ အလားအလာရှိတယ်လို့ ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောဆိုပါတယ်။

အစိုးရရဲ့ ဘဏ္ဍာရေးအသုံးစရိတ်ကို လျှော့ချပြီး ထိရောက်တဲ့ ဘဏ္ဍာရေးစနစ်ပြောင်းဖို့၊ ပို့ကုန်တွေမြှင့်တင်ပေးပြီး ကုန်သွယ်ရေးလိုငွေထက် ဘဏ္ဍာရေးလိုငွေကို လျှော့ချဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ထိထိရောက်ရောက် နေရာချထားပေးဖို့တွေ လိုအပ်တယ်လို့ သူကပြောပါတယ်။