တိုင်းမှူးနေရာတွေမှာ အစားထိုးခန့်အပ်မှုတွေရှိ

  • 11 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဒီရက်ပိုင်းအတွင်း တပ်မတော်အရာရှိကြီးများ ရာထူး အပြောင်းအလဲ ဖြစ်ခဲ့

ဒီရက်ပိုင်းအတွင်း အနားယူသွားပြီဖြစ်တဲ့ တပ်မတော်ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး နေရာတွေမှာ တိုင်းမှူးတွေကို အစားထိုးခန့်အပ် လိုက်တဲ့အတွက် လစ်လပ်သွားတဲ့ တိုင်းမှူးတွေရဲ့ နေရာမှာ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တက္ကသိုလ်တွေက ကျောင်းအုပ်ကြီး အများစုကို အစားထိုး ခန့်အပ်လိုက်ပါတယ်။

အခုခန့်အပ်လိုက်သူ အများစုဟာ စစ်တက္ကသိုလ် အပတ်စဉ် (၃၀) ဝန်းကျင်ဆင်း ငယ်ရွယ်တဲ့သူတွေ ဖြစ်ကြပါတယ်။ ဒီအပြောင်းအလဲဟာ ခေတ်မီတပ်မတော် ဖြစ်လာဖို့ ရည်ရွယ်သလို၊ အသက်ငယ်တဲ့ သူတွေခန့်ခြင်းဖြင့် လက်ရှိကာကွယ်ရေးဦးစီးချုပ်ရဲ့ ဩဇာပိုသက်ရောက်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုပါ ရဂူဘွဲ့ပြုစုနေသူလည်းဖြစ်၊ တပ်မတော်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူတစ်ဦးက သုံးသပ်ပါတယ်။

တပ်မတော်ဟာ အစဉ်အမြဲနုပျိုနေရမယ်ဆိုတဲ့ သဘောလည်းဖြစ်နိုင်သလို၊ အောက်ခြေကတပ်မှူးတွေကို နေရာပေးတဲ့သဘောလည်းဖြစ်နိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူ ကိုအောင်သူငြိမ်းက ပြောပါတယ်။

အခုအနားယူလိုက်တဲ့ ဗိုလ်ချုပ်ကြီးတွေဟာ လာမယ့် ရွေးကောက်ပွဲမှာ ကြံခိုင်ရေးပါတီက ဝင်အရွေးခံမယ်လို့ သတင်းထွက်ပေါ်မှုတွေရှိနေပါတယ်။

အဲဒီအတွက် ကြံခိုင်ရေးပါတီအင်အားကို ပိုပြီးအင်အား ဖြည့်တင်းတာ ဖြစ်နိုင်တယ်လို့ ကိုအောင်သူငြိမ်းက ပြောပါတယ်။

ဒါပေမယ့် တပ်မတော်ရဲ့ အဓိကအရေးပါတဲ့နေရာတွေဖြစ်ကြတဲ့ ကြီး၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူး အပြောင်းအလဲလုပ်တာ မတွေ့ရသလို၊ လက်ရှိတိုင်းမှူးတွေထဲကလည်း အလယ်ပိုင်းတိုင်း၊ အနောက်ပိုင်းတိုင်း၊ မြောက်ပိုင်းတိုင်းနဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရာထူးတွေမှာ အပြောင်းအလဲတွေ မရှိသေးတာတွေ့ရပါတယ်။