လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းမယ့်ဥပဒေကြမ်းကို ဒေါ်စု ကန့်ကွက်

  • 18 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AP
Image caption လွှတ်တော် ကိုယ်စားလှယ် ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒေါ်စု လက်မခံ

လွှတ်တော် ကိုယ်စားလှယ် ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်မခံကြောင်း ပြောကြား လိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် တဦးဦးရဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေက မဲဆန္ဒရှင်(၁) ရာခိုင်နှုန်းကနေ ပြန်လည် ရုပ်သိမ်းဖို့ တိုင်တန်း လာတာနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေး အရေးယူတာဟာ အဓိပ္ပါယ် မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ပြဌာန်းခဲ့သလို မဲဆန္ဒရှင်(၁)ရာခိုင်နှုန်းရဲ့ ထောက်ခံချက်နဲ့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ကို ပြန်လည်ရုပ်သိမ်းနိုင်ခွင့်ရှိစေမယ့် ဥပဒေကြမ်း ကို လွှတ်တော် က ဥပဒေအဖြစ်ပြဌာန်းပေးဖို့ တောင်းဆိုနေပါတယ်။

မဲဆန္ဒရှင် တချို့က သူရဦးရွှေမန်းကို လွှတ်တော် ကိုယ်စားလှယ်အဖြစ်က ပြန်လည် ရုပ်သိမ်းဖို့ အရင်က တိုင်ကြား ထားခဲ့ကြပြီး အခု ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရဲ့ ပူးတွဲ ဥက္ကဌ ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့နောက်ပိုင်း ဒီဥပဒေကြမ်း အတည်ဖြစ်လာဖို့ တွန်းအားပေးတာတွေ ရှိလာနေတာဖြစ်ပါတယ်။

ဒါပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေဟာ အများပြည်သူက ပြန်လည် ရုပ်သိမ်းခွင့်မရှိတဲ့အတွက် ဒီဥပဒေဟာ တရားမျှတမှု မရှိဘူးလို့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကပြောပါတယ်။

အခုလိုမျိုး မဲဆန္ဒရှင်(၁)ရာခိုင်နှုန်း တင်ပြရုံနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်ရုပ်သိမ်းနိုင်တဲ့ ဥပဒေသာ ပေါ်ထွက်ခဲ့မယ်ဆိုရင် ပြိုင်ဘက် ပါတီ ကိုယ်စားလှယ်တွေ အကြား တဘက်နဲ့ တဘက် ထိုးနှက် တိုက်ခိုက်နိုင်တဲ့ လက်နက်တခု ဖြစ်နိုင်မှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။